NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော
အမျိုးသားညီညွတ်ရေးအစိုးရ-NUG အဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းမည်ဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်များနှင့် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
စစ်အာဏာရှင် တော်လှန်ရေးတွင် ပိုမိုကျယ်ပြန့်သော တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်သကဲ့သို့ NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ် အင်အားစုများထံမှ ဦးဆောင်နိုင်သော ထက်မြက်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်း အားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ထို့ပြင် ပသုံးလုံး ယန္တရားကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည်ဖြစ်သည့်အပြင် အလုပ်ဖြစ်ရုံ ပြုပြင်ပြောင်းလဲရေး လုပ်သည်ထက် ပိုမို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပသုံးလုံး ယန္တရားသည် တော်တည့်ဖြောင့်မတ်ရေးမှာ အလွန်အရေးကြီးကြောင်း ၎င်းက သတိပေးသည်။
“တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည် မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်။ ” ဟု ယာယီသမ္မတက ပြောဆိုသည်။
အလားတူ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ စစ်သားများကို ပြည်သူ့ရင်ခွင်ခိုလှုံရန် ဖိတ်ခေါ်ထားပြီး စစ်ကောင်စီ၏ ဒေါက်တိုင်ကို ဖြိုဖျက်ရန်နှင့် စစ်အာဏာရှင်ဖျက်သိမ်းရေးမှာလည်း အရေးကြီးကြောင်း သမ္မတက တိုက်တွန်းပြောဆိုသည်။
Leave a Reply