Category: News

  • စစ်ကောင်စီက လေတပ်ကုန်ချစရိတ် လျှော့ချနိုင်ရန် အင်ဂျင်တပ်လေထီးဖြင့် စမ်းသပ်ဗုံးကြဲလာ

    စစ်ကောင်စီက လေတပ်ကုန်ချစရိတ် လျှော့ချနိုင်ရန် အင်ဂျင်တပ်လေထီးဖြင့် စမ်းသပ်ဗုံးကြဲလာ

    စစ်ပွဲများတွင်ရှုံးနိမ့်လာသည့် အာဏာသိမ်းစစ်ကောင်စီသည် လက်ရှိတွင် ဝေဟင်(လေကြောင်း) အဓိကထား အားပြုတိုက်ခိုက်နေရပြီး ယခုအခါတွင် ၎င်းတို့၏လေတပ် ကုန်ချစရိတ် လျှော့ချနိုင်ရန် အတွက် အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို အသုံးပြု၍ ကျေးရွာများကို စမ်းသပ်ဗုံးကြဲလာကြောင်း သိရသည်။

    စစ်ကောင်စီသည် လက်ရှိတွင် အင်ဂျင်တပ်လေထီးများအသုံးပြု၍ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ထိခိုက်သေဆုံးမှုများ ရှိနေပြီး ထိုသို့လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ၊ ဧပြီ(သင်္ကြန်အပြီး)မှ စတင်ကာ ပြင်ဦးလွင် တပ်နယ်အတွင်း လေ့ကျင်ခဲ့ကြောင်း တပ်မတော်သား CDM အရာရှိများထံက သိရသည်။

    “အဲအချိန်ကာလက ပြင်ဦးလွင်ဘက်ခြမ်းမှာ ကျွန်တော်ရှိနေတယ်၊ အဲဒီမှာ ကျွန်တော်ကိုယ်တိုင် ပြင်ဦးလွင်တပ်နယ် တစ်နေရာကနေ မြင်ခဲ့တာပါ။ အဲဒီကနေ စလာတာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ယင်းနောက် မိတ္ထီလာရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)နှင့် တံတားဦး လေတပ်စခန်းအပါအဝင် စသည်တို့ကို ရောက်ရှိကာ ကျေးရွာများကို စမ်းသပ်၍ ဗုံးကြဲလာခြင်းဖြစ်ပြီး စစ်တပ်သမိုင်းတစ်လျှောက်၌ ယခုပထမဆုံး အသုံးပြုခြင်းလည်းဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ညပိုင်းကလည်း တံတားဦးလေတပ်စခန်းမှ အင်ဂျင်တပ်လေထီးများ အနောက်တောင်အရပ်သို့ ပျံတက်သွားသဖြင့် ငါန်းဇွန်၊ မြို့သာ၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ နယ်များမှ ပြည်သူများအနေဖြင့် ဂရုပြုသတိထားသင့်ကြောင်း ဝေဟင်စောင့်ကြည့်သူများက အသိပေးထားသည်။

    “လေတပ်ရဲ့ ကုန်ချစရိတ်က များတဲ့အတွက် လျှော့ချနိုင်အောင် အခုလိုလုပ်နေတာလို့ ထင်တာပဲ။ အဲဒါတွေက နေရာတိုင်းမှာ သုံးလို့မရဘူး။ အခုသုံးနေတယ်ဆိုတာ မြန်မာနိုင်ငံ အလယ်ပိုင်းက ဘာမှ ပြန်မပစ်နိုင်တဲ့ ရွာတွေကို လိုက်ကြဲတဲ့ ပုံစံမျိုးလောက်ပဲ တွေ့ရတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    စစ်ကောင်စီသည် အင်ဂျင်တပ်လေထီးဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှ ယခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဇရပ်ကြီးနှင့် ရွှေစည်ကြီး ကျေးရွာအပါအဝင် စုစု ပေါင်းသုံးကြိမ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

    “လေကြောင်းတိုက်ခိုက်ဖို့ တင်ပြမယ်ဆိုရင်လည်း ဆင့်ကဲဆင့်ကဲ သွားရပြီး အချိန်နောက်ကျတယ်။ ဒါကို လေတပ်အနေအထားနဲ့ မဟုတ်ဘဲနဲ့ ခြေလျင်တပ်ကနေ လေကြောင်းတိုက်ခိုက်မှုမျိုးကို သူတို့အနေ အထားနဲ့ သူတို့လုပ်လို့ရအောင် သုံးလာတာလို့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

    ယင်းအပြင် ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်က လေကြောင်းအပြင် အင်ဂျင်တပ်လေထီးနှင့်ပါ ဗုံးကြဲတိုက်ခိုက်သဖြင့် ငါးဦး သေဆုံးခဲ့သလို စစ်ကိုင်းမြို့နယ်၊ မြင်းဆည် ကျေးရွာတွင်လည်း ဇန်နဝါရီ ၃ ရက်က ထိုကဲ့သို့ တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

    အဆိုပါထိခိုက် သေဆုံးသူများသည် အပြစ်မဲ့ အရပ်သားများဖြစ်ကြပြီး ကလေးငယ်များလည်း ပါဝင်နေကာ စစ်ကောင်စီသည် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကြဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ပြောဆိုချက်နှင့် သတင်းများ အရ သိရသည်။

    ထိုအင်ဂျင်တပ်လေထီးကို လေယာဉ်ဆီ မဟုတ်သော အခြားစက်သုံးဆီများဖြင့် လေငြိမ်သောအချိန် ဆောင်းတွင်းနှင့် နွေရာသီတွင် အသုံးပြု၍ လူတစ်ဦးမှ အများဆုံး လူနှစ်ဦးထိ လိုက်ပါနိုင်သော်လည်း တစ်နာရီလျှင် ၄၀ မှ ၆၀ ကီလိုမီတာခန့်သာ မောင်းနှင်နိုင်သောကြောင့် အရှိန်နှေးကြောင်း သိရသည်။

    ယင်းအပြင် ပျံသန်းမှု နိမ့်သောကြောင့် မြင်သာလွယ်ခြင်း၊ မောင်းသူ၏ ကိုယ်အ‌လေးချိန်အပါအဝင် ဝိတ်ပမာဏများစွာ မတင်ဆောင်နိုင်ခြင်း၊ ဗုံးသီးကို တိတိကျကျ ကြဲချရန်ခက်ခြင်း၊ မောင်းသူအတွက် အန္တရာယ်ကြီးခြင်း၊ အသံကျယ်ခြင်း စသည့်အားနည်းချက်များ ရှိနေကြောင်း သိရသည်။

    အဆိုပါ အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို ငါးကြင်းမြီး၊ ပွိုင့်ဖိုက်ကဲ့သို့ စက်လတ် ဖြင့် တုံ့ပြန်နိုင်ပြီး နှစ်စီးသုံးစီးခန့်ကို ပစ်ချလိုက်ပါက နောင်များတွင် စစ်ကောင်စီအနေဖြင့် သုံးလာ တော့မည် မဟုတ်သလို မောင်းနှင်ပျံမည့် လက်အောက်ခံ တပ်ဖွဲ့ဝင်များလည်း ရှိမည်မဟုတ်တော့ ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

    ဓာတ်ပုံ- အင်တာနက်

  • တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂ တပ်ရင်း ၅ နှင့်ပူးပေါင်းတပ်များ ၆ မိုင်တွင် လမ်းပိုင်းလုံခြုံရေးအတွက် ခရီးသွား ပြည်သူကား များကို စစ်ဆေးနေစဉ် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၃၉ မှ ဘုရင့် နောင် တပ်မြို့ သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    “အမှန်ပြောရရင် ဘုရင့်နောင်တပ်ကနေ တောင်ငူကို KTV သွားပြီး အပြန်မှာဖြစ်တာ။” ဟု KNLA တပ်မ ဟာ ၂ တပ် ရင်း ၅ Thawthikho မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

    ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသား ၃ ဦးသေဆုံးပြီး M3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် အတောင့် ၂၀၀ ၊ စစ်ဖက်ဆိုင်ရာပစ္စည်းအချို့နှင့် ကား ၁ စီးဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

    KNU တပ်မဟာ ၂ တွင် လက်ရှိ PDF တပ်များနှင့် တော်လှန်ရေးတပ်များကပါ ပူးပေါင်း စစ်ရေး လှုပ်ရှားနေပြီး စစ်ကောင်စီတပ်များမှာ မြို့ပေါ်နေရာများတွင်သာ စစ်ရေး အခြေပြုလှုပ်ရှားနိုင်တော့ကြောင်း၊ ကျေးရွာများနှင့်နယ်ဘက်များတွင် စစ်ကြောင်း လှည့်လည်ခြင်းမှလွဲ၍ အခြေပြု စခန်းများ တဖြည်းဖြည်း ရုပ်သိမ်းဆုတ်ခွာမှုများရှိနေကြောင်း သိရှိရသည်။

    “သံတောင်ကြီးဘက်မှာဆိုရင်တော့ စခတွေက မြို့ပေါ် ဧရိယာလောက်ပဲ အဓိက အထိုင်ချတပ်စွဲနိုင်တော့တယ်။ လမ်းပိုင်းတွေနဲ့ ရွာတွေဘက်တော့ ရံဖန်ရံခါ စစ်ကြောင်းလှည့်လာတာလောက်ကလွဲပြီး စစ်ရေး လှုပ်ရှားမှု သိပ်မလုပ်နိုင်တော့ဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

  • စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို အပြီး တိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန် ကြေညာလိုက်သည်။

    ယနေ့ ကျရောက်သည့် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် TNLA က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။

    တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။

    ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ဦးဆောင်ရေးဆွဲထားသည့် နိုင်ငံရေး လမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများကို အခြေခံ ကာ တော်လှန်ရေးကာလအစိုးရ အစီအမံအား အတည်ပြုကာ ပြည်သူ့အစိုးရ တရပ် အမြန်ဆုံးပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက် ကြေညာထားသည်။

    TNLA ၏ မဟာမိတ် ကိုးကန့် MNDAA နှင့် ရခိုင် AAတပ်တော်တို့ကလည်း TNLA ၏ ထုတ်ပြန်ကြေညာချက်များအပေါ် အပြုသဘောရှုမြင်ပြီး မျှော်မှန်းထားသော ရည်မှန်းချက်များ အမြန်ဆုံး ​ပေါ်ထွန်းလာနိုင်ရန် ဆုမွန်တောင်းကြောင်း၊ အောင်ပွဲနှင့်အတူ အခက်အခဲ၊ အတားအဆီးများကိုလည်း ကောင်းတူဆိုးဖက် စိတ်ဓာတ်၊ ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ၀ိုင်းဝန်း အတူဖြေရှင်းရန် အမြဲ အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာကြသည်။

  • အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    “အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလသည် ရခိုင်ဒေသ၏ အဆုံးအဖြတ်ဆိုင်ရာ စစ်ရှိန်အမြင့်ဆုံးကာလဟု ဆိုရမည် ဖြစ်သည်။ ရက်ပေါင်း ၅၀ ကျော် တိုက်ခိုက်ခဲ့ရသည့် မောင်တောရှိ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။

    ဒီဇင်ဘာလ ၁၄ ရက်တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ရှိရာ တောင်ကုတ်ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြန်သည်။ ထို့နောက် ရခိုင်ဒေသအတွက် စစ်ကောင်စီ၏ စစ်ဘက် ကွပ်ကဲမှုဌာနချုပ် အမ်းကို ဒီဇင်ဘာလ ၂၀ ရက် နေ့လယ်တွင် အပြီး သိမ်းပိုက်ခဲ့ပြန်သည်။

    အမ်းမြို့ ကျပြီဖြစ်သောကြောင့် ရခိုင်ဒေသ စစ်ရှိန် ရပ်သွားဖွယ်ရှိနေသည့်တိုင် ရပ်မသွားခဲ့ဘဲ ဒီဇင်ဘာလ ၂၈ ရက်တွင် ဂွမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြန်သည်။ ခုခံတော်လှန်စစ်သည် ရခိုင်ဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အစပ်အထိ ရောက်လာခဲ့ပြီဖြစ်သည်။

    အခုလောက် ခရီးပေါက်သည့် ရခိုင်ဒေသက ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးသည် အာဏာသိမ်းခါနီးတွင် ငြိမ်သက်နေခဲ့ဖူး၏။

    ဂျပန် နီပွန် ဖောင်းဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းမှုဖြင့် AA နှင့် စစ်ကောင်စီအကြား အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစတွင် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်ကောင်စီက လွှတ်ပေးခြင်းဖြင့် ရခိုင်တိုင်းရင်းသားများကို စည်းရုံးရေး လုပ်ပြခဲ့သေးသည်။

    အာဏာသိမ်း အစောပိုင်းကာလတွင် စစ်တပ်အတွင်း၌ “ကြည့်ပါလား၊ အမေကြူ (မင်းအောင်လှိုင်ဇနီး) က ရခိုင်လူမျိုး၊ သူ့အမျိုးကို သူနိုင်တယ်”၊ “သူ့ယောကျ်ား အာဏာရလာတာနဲ့ ရခိုင်မှာ ငြိမ်သွားပြီ”၊ “သူတို့ အမျိုးချင်း ပြောရင်ရတယ်” ဆို သည့် စကားဖြင့် တပ်တွင်း ဝါဒဖြန့်ခဲ့သည်။

    စစ်တပ်အတွက် ကြောက်ရမည့် လက်နက်ကိုင်အဖွဲ့‌ ခေတ္တငြိမ်သွားသည်ကို အခွင့်ကောင်းယူ၍ လုပ်စားခဲ့ကြခြင်း ဖြစ်သည်။

    ‘AA က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စိတ်နာနေတာ’၊ ‘ရခိုင်မှာ NLD အစိုးရလက်ထက်က NLD အမတ်တွေကို ဖမ်းခဲ့လို့ တပ်မတော်က ပြန်ကယ်ခဲ့ရတာ’ ဆိုသည့် စကားများလည်း ကြားခဲ့ရသည်။ (ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး – KNU ဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင်အကြား ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုကို အသုံးချပြီး KNU အဖွဲ့ကလည်း အာဏာသိမ်းမှုကို ထောက်ခံသည့်သဖွယ် လက်အောက်ကို စည်းရုံးခဲ့ကြသေးသည်။)

    ပြန်လေ့လာကြည့်သည်အခါ အာဏာသိမ်း ကာလအတွင်း လုံးဝ အပစ်ရပ်ထားခြင်းမျိုး မရှိခဲ့ကြောင်း တွေ့ရသည်။ အပစ်ရပ်ထားရာမှ ရခိုင်ဒေသ၌ ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလ ၂၆ ရက်အထိ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထပ်မံ အပစ်ရပ်ရန် သဘောတူခဲ့ကြပြန်သည်။

    ထိုအချိန်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မတိုင်မီအထိ ရခိုင်ဒေသသည် အပစ်ရပ်ထားသဖြင့် ပုံမှန် အခြေအနေကဲ့သို့ ဖြစ်ခဲ့သည်။ ထိုအခြေအနေတွင် အခြားဒေသများ၌ နွေဦးတော်လှန်ရေးသည် အချိန်ကြာလာသည်နှင့်အမျှ အရှိန်ရလာသည်။

    လူသူ လက်နက်သာမက စစ်ရေးနည်းပညာပိုင်း မြင့်မားလာသဖြင့် စစ်ကောင်စီဘက်က စစ်ရှုံးစ ပြုလာခဲ့သည်။ ထို့ကြောင့် ရခိုင်တွင် စစ်ဆင်ရေးဝင်နေသည့် ရှေ့တန်း တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များကို အခြား နေရာဒေသများသို့ ဆွဲထုတ်လာခဲ့သည်။

    အထူးသဖြင့် စစ်ရှိန်မြင့်နေသည့် ကရင်နီ၊ စစ်ကိုင်းနှင့် ရှမ်းမြောက်ဒေသများသို့ ပို့ဆောင်ခဲ့သည်။ ရခိုင်ဒေသကို စည်းရုံးနိုင်ပြီဆိုကာ စစ်အင်အားကို လျှော့ချအပြီး မကြာမီတွင် AA က အရှိန်အဟုန်နှင့် တကျော့ပြန် ပြန်လည် တိုက်ခိုက်လာခဲ့သည်။

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ဒေသ တကျော့ပြန် တိုက်ပွဲများ ပြန်လည် စတင်ခဲ့၏။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ဒုံးပိုက် နယ်ခြားစောင့်စခန်းနှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းများကို AA က တိုက်ခိုက် သိမ်းပိုက်ခြင်းဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ ပြန်လည် ဖြစ်ပွားသော AA ၏ စစ်ဆင်ရေးသည် ယခုတခေါက်တွင်မူ အပစ်ရပ်ဖွယ် မရှိတော့လောက်အောင် အင်ပြည့်အားပြည့်ဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ဧရာဝတီ သတင်းဌာနနှင့် AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ အင်တာဗျူးတွင် ပြောသည့်အတိုင်း အင်္ဂါဂြိုဟ်က ဆင်းတာရင်တောင် မရပ်တော့ဘူးဆိုသည့်အတိုင်း အရှိန်အဟုန်နှင့် သွားခဲ့သည်ကို တွေ့ရသည်။

    AA သည် ယခု တကျော့ပြန် တိုက်ပွဲများတွင် မြို့သိမ်း၊ နယ်သိမ်းသည့်အဆင့်အထိ ဆောင်ရွက်ခဲ့သည်။ တမြို့ချင်း သိမ်းရာမှ ပြည်နယ်တခုလုံးနီးပါးကို သိမ်းနိုင်တော့မည့် အခြေအနေထိ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

    မြို့နယ်အဆင့် သိမ်းပိုက်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ၁၃ ရက်၊ ၁ လပိုင်းတွင် ချင်းပြည်နယ် တောင်ပိုင်းရှိ ပလက်ဝ၊ ၁ လပိုင်း ၂၄ ရက်တွင် ပေါက်တောမြို့နယ်၊ ၆ ရက်နေ့ ၂ လပိုင်းတွင် မင်းပြားနှင့် မြောက်ဦး၊ ၇ ရက်နေ့ ၂ လပိုင်းတွင် ကျောက်တော်။ ၁၂ ရက်နေ့ ၂ လပိုင်းတွင် မြေပုံ၊ ၄ ရက်နေ့ ၃ လပိုင်းတွင် ပုဏ္ဏားကျွန်း တို့ကို သိမ်းပိုက်ရရှိခဲ့သည်။

    ထို့ပြင် ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ အမ်း၊ ဂွတို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

    သိမ်းပိုက်ရန် ကျန်ရှိသည့် မြို့နယ်များမှာ စစ်ကောင်စီ၏ ပြည်နယ်ရုံးစိုက်ရာ စစ်တွေ၊ တရုတ်စီမံကိန်းများ ရှိရာ ကျောက်ဖြူနှင့် ကျွန်းမြို့ဖြစ်သည့် မာန်အောင်တို့ ဖြစ်သည်။

    ထိုသို့မြို့နယ်များကို သိမ်းပိုက်မှုများအနက် အာဏာသိမ်းစတွင် ဝါဒဖြန့်ခဲ့သည့် “အမေကြူက ရခိုင်လူမျိုး၊ သူ့အမျိုးကို သူနိုင်တယ်” ဆိုသည့်စကားကို ချေဖျက်မှုမှာ သံတွဲကို သိမ်းပိုက်မှုဖြစ်သည်။ AA က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် သံတွဲမြို့ကို သိမ်းပိုက်ခဲ့သည်။

    သံတွဲသည် တပ်ချုပ်ကတော် ဒေါ်ကြူကြူလှ၏ ဇာတိမြို့ဖြစ်၏။ ထို့ကြောင့် အာဏာရှင်၏ မိန်းမဖြစ်သူ အမေကြူလည်း သူ့အမျိုး သူမနိုင်ကြောင်း သက်သေပြသလို ဖြစ်သွားသည်။

    အမေကြူလည်း ရခိုင်၊ AA လည်း ရခိုင်၊ အာဏာရှင်ကို AA မကူနိုင်ဆိုသည့် သဘောကို တွေ့ရသည်။ ထို့ထက်ပိုဆိုးသည်မှာ စစ်ကောင်စီ၏ ရခိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က သိမ်းပိုက်မှု ဖြစ်သည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ်တွင် AA က နပခကို သိမ်းပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသည့် ဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ် နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

    တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည်လည်း ရခိုင်လူမျိုးတဦး ဖြစ်သည်။ သူက မြေအနေအထားအရ စစ်ကူ မရောက်နိုင်သည့် အခြေအနေနှင့် ခေါင်းဆောင်မှု မကောင်းသူတို့၏ လက်အောက်တွင် မနေကြရန် ပြောသည်ကို AA က ထုတ်ပြန်သည့် ရုပ်သံတွင် တွေ့ရသည်။

    စစ်ကောင်စီအနေဖြင့် ထိုရုပ်သံမှတ်တမ်းကြောင့် တပ်တွင်း၌ ဂယက်ရိုက်ခဲ့သည်။ ထိုရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က DSA 19 ဗိုလ်လောင်းသင်တန်းဆင်းများ၏ ညစာစားပွဲတွင် သီချင်းဆိုသည့်မှတ်တမ်း ထွက်ပေါ်လာမှုကြောင့်ဆိုလျှင် ပိုဂယက်ရိုက်စေခဲ့သည်။

    လက်‌အောက်က ဗိုလ်မှူးချုပ်အဆင့် ရှိသူများအထိ အဖမ်းအဆီးခံရချိန်တွင် တပ်ချုပ်က အေးအေးဆေးဆေး သီချင်းဆိုနေခြင်းကြောင့် ဖြစ်သည်။ စစ်တပ်အတွင်း၌ ‘အဘက သီချင်းဆိုလည်း ကောင်းတယ်’၊ ‘အပေးအကမ်းလည်း ရက်ရောတယ်’၊ ‘အရမ်းလည်း “အမ်း” တယ်နော်’ ဟု သရော်ခဲ့ကြသည်။

    တပ်ချုပ် မင်းအောင်လှိုင်က ဘာမှ မဖြစ်သလို နေပြခဲ့သော်လည်း AA သည် နပခကို သိမ်းပိုက်ပြီးသည့်တိုင် စစ်ရှိန် လျော့မသွားဘဲ သူတို့၏ရည်မှန်းချက်အတိုင်း ဆက်၍ တိုက်ခိုက်ခဲ့သည်။

    အမ်းရှိ နပခကို မသိမ်းမီ ရက်ပိုင်းအတွင်း စကခ ၅ အခြေစိုက်ရာ တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၁၆ ရက်တွင် သိမ်းခဲ့သလို နပခကို သိမ်းပိုက်ပြီးနောက် ရခိုင်ဒေသနှင့် ဧရာဝတီဒေသ အစပ်ရှိ ဂွမြို့ကို ဒီဇင်ဘာလ ၂၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

    ဂွ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အင်အားများစွာဖြင့် ခံစစ်ဆင်ခဲ့သော်လည်း တပ်မ ၁၁ ယာယီတပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် အင်အား အများအပြား သေဆုံးခဲ့သည်။ စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းဘက်သို့ တိုက်ပွဲများရောက် မလာစေရန်အတွက် ဂွကို အကြီးအကျယ် ခံစစ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

    သို့သော် ဂွကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီး ဂွကျခဲ့ရသည်။ ဂွကို လက်လွှတ်လိုက်ရခြင်းသည် ရခိုင်ဒေသတွင် စစ်ရှုံးခဲ့သည့် စစ်ကောင်စီသည် ဧရာဝတီမှာပါ စစ်ရှုံးဖို့အကွက် ဖန်လိုက်သည့်သဘော ဖြစ်သည်။

    စစ်ကောင်စီဘက်က ရခိုင်ဒေသစစ်ရှုံးမှုကို ဝန်ခံခြင်းမရှိဘဲ အောင်မြင်စွာ ခံစစ်ဆင်ခြင်းဟုသာ သုံးနှုန်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် ထိုအရေးအသားကို စစ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် တွေ့နိုင်သည်။

    မြေပြင်ရှိ အရာရှိ၊ စစ်သည်များကမူ လက်ရှိ အနေအထားကို ထိုသို့ မမြင်ကြပေ။ “အဘက အမ်း ပေးခဲ့တာတောင် ဂွကျတဲ့အထိ ဖြစ်ရပြီ” ဟု နောက်ကွယ်တွင် ဝေဖန်နေကြသည်။

    ဂွကို လက်လွှတ်ရခြင်းသည် မြို့နယ်တခု ဆုံးရှုံးသည့်အဆင့်ထက် စစ်ကောင်စီအတွက် ဂွကျသည့် အခြေအနေကို ကြုံလိုက်ရခြင်းပင် ဖြစ်သည်။

    ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖော်ဆောင်လာသည်နှင့် တပြိုင်နက် စစ်ကောင်စီအတွက် ပိုမိုဂွကျသည့် အခြေအနေကိုသာ ကြုံရဖွယ်ရှိနေပါတော့သည်။

    (စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

  • မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    ယခင်က ပြောဆိုခဲ့ဖူးသော လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားများ တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးပင် တစ်နေ့ ၄ နာရီ မှန်မှန် မပေးနိုင်တော့

    ယနေ့ကာလတွင် လျှပ်စစ်ကားများ အသုံးပြုလာနေပြီဖြစ်၍ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်း နိုင်ရေး သုတေသနလုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်သည်။

    ယမန်နေ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ” ယနေ့ကာလအတွင် ကုန်လမ်းပို့ဆောင်ရေး ယာဉ်များတွင် လျှပ်စစ်၊ ဘက်ထရီစသည်ဖြင့် စွမ်းအားများကို အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း” မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကတည်းက ယင်းသို့ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိသော၊ အမှန်တကယ်ဖြစ်လာခြင်းမရှိသည့် စီမံကိန်းများ လုပ်ဆောင်မည်ဟု မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ရာမှ ယခုနောက်ဆုံးတွင် ဘက်ထရီစွမ်းအင်စနစ်သုံး သင်္ဘောများကို သုတေသနပြုရန် ပြောဆိုလာခြင်းဖြစ်သည်။

    ၂၀၂၁ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။

    မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    ၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ မင်္ဂလာ တောင် ညွန့် မြို့နယ်၊ မလွှ ကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို သွားရောက် စစ်ဆေးစဉ်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခေတ်မီသည့် ရထား သယ် ယူ ပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံး ပြု သည့် မီးရ ထား စက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ရထား သယ် ယူ ပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲ ပြေးဆွဲနိုင်ရေး ကြိုတင် ပြင် ဆင်မှုများကို ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

    မင်းအောင်လှိုင်၏ လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကား စီမံကိန်းများကို လုပ်ဆောင်မည်ဟု မကြာခဏ ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာဖြစ်လာသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိရာတွင် လက်ရှိ လျှပ်စစ်ဓာတ်အား တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့သဖြင့် ဓာတ်အားမှာ ၃၅ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် လျှပ်စစ်မီးများမှာ တစ်နေ့လျှင် ၄ နာရီပင် ပုံမှန် မရရှိတော့ကြောင်း၊ မီးပျက်ချိန် ပိုမိုများပြားနေကြောင်း၊ စက်မှုဇုန်များတွင် လုံး၀ လျှပ်စစ်မီး မရရှိတော့ကြောင်း သိရှိရသည်။

    “ဒီဟာလေးတွေက ဘာနဲ့မောင်းတာလဲ?”

    “ဒီဇယ်အင်ဂျင်နဲ့ မောင်းတာပါ ခင်ဗျာ”

    “ဘက်ထရီ နဲ့ မောင်းလို့မရဘူးလား?”

    “ဒီဟာလေးတွေက စကေးတူ ပုံစံတူထုတ်လုပ်ထားတာတွေပါ အဘ… တကယ့် သင်္ဘောတွေက အကြီးကြီးတွေလေ”

    “ကြီးလဲ ဘက်ထရီနဲ့ မောင်းပေါ့ကွ”

    “ဟုတ်ကဲ့ပါအဘ”

    “ငါငယ်ငယ်တုန်းကဆို ဖယောင်းတိုင်နဲ့ မောင်းတဲ့ ဟာလေးတွေ ဆော့ခဲ့ရတာ”

    “ဟုတ်ကဲ့ပါအဘ”

    ✍Melvin Moe