အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလသည် ရခိုင်ဒေသ၏ အဆုံးအဖြတ်ဆိုင်ရာ စစ်ရှိန်အမြင့်ဆုံးကာလဟု ဆိုရမည် ဖြစ်သည်။ ရက်ပေါင်း ၅၀ ကျော် တိုက်ခိုက်ခဲ့ရသည့် မောင်တောရှိ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။

ဒီဇင်ဘာလ ၁၄ ရက်တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ရှိရာ တောင်ကုတ်ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြန်သည်။ ထို့နောက် ရခိုင်ဒေသအတွက် စစ်ကောင်စီ၏ စစ်ဘက် ကွပ်ကဲမှုဌာနချုပ် အမ်းကို ဒီဇင်ဘာလ ၂၀ ရက် နေ့လယ်တွင် အပြီး သိမ်းပိုက်ခဲ့ပြန်သည်။

အမ်းမြို့ ကျပြီဖြစ်သောကြောင့် ရခိုင်ဒေသ စစ်ရှိန် ရပ်သွားဖွယ်ရှိနေသည့်တိုင် ရပ်မသွားခဲ့ဘဲ ဒီဇင်ဘာလ ၂၈ ရက်တွင် ဂွမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြန်သည်။ ခုခံတော်လှန်စစ်သည် ရခိုင်ဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အစပ်အထိ ရောက်လာခဲ့ပြီဖြစ်သည်။

အခုလောက် ခရီးပေါက်သည့် ရခိုင်ဒေသက ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးသည် အာဏာသိမ်းခါနီးတွင် ငြိမ်သက်နေခဲ့ဖူး၏။

ဂျပန် နီပွန် ဖောင်းဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းမှုဖြင့် AA နှင့် စစ်ကောင်စီအကြား အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစတွင် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်ကောင်စီက လွှတ်ပေးခြင်းဖြင့် ရခိုင်တိုင်းရင်းသားများကို စည်းရုံးရေး လုပ်ပြခဲ့သေးသည်။

အာဏာသိမ်း အစောပိုင်းကာလတွင် စစ်တပ်အတွင်း၌ “ကြည့်ပါလား၊ အမေကြူ (မင်းအောင်လှိုင်ဇနီး) က ရခိုင်လူမျိုး၊ သူ့အမျိုးကို သူနိုင်တယ်”၊ “သူ့ယောကျ်ား အာဏာရလာတာနဲ့ ရခိုင်မှာ ငြိမ်သွားပြီ”၊ “သူတို့ အမျိုးချင်း ပြောရင်ရတယ်” ဆို သည့် စကားဖြင့် တပ်တွင်း ဝါဒဖြန့်ခဲ့သည်။

စစ်တပ်အတွက် ကြောက်ရမည့် လက်နက်ကိုင်အဖွဲ့‌ ခေတ္တငြိမ်သွားသည်ကို အခွင့်ကောင်းယူ၍ လုပ်စားခဲ့ကြခြင်း ဖြစ်သည်။

‘AA က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စိတ်နာနေတာ’၊ ‘ရခိုင်မှာ NLD အစိုးရလက်ထက်က NLD အမတ်တွေကို ဖမ်းခဲ့လို့ တပ်မတော်က ပြန်ကယ်ခဲ့ရတာ’ ဆိုသည့် စကားများလည်း ကြားခဲ့ရသည်။ (ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး – KNU ဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင်အကြား ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုကို အသုံးချပြီး KNU အဖွဲ့ကလည်း အာဏာသိမ်းမှုကို ထောက်ခံသည့်သဖွယ် လက်အောက်ကို စည်းရုံးခဲ့ကြသေးသည်။)

ပြန်လေ့လာကြည့်သည်အခါ အာဏာသိမ်း ကာလအတွင်း လုံးဝ အပစ်ရပ်ထားခြင်းမျိုး မရှိခဲ့ကြောင်း တွေ့ရသည်။ အပစ်ရပ်ထားရာမှ ရခိုင်ဒေသ၌ ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလ ၂၆ ရက်အထိ တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထပ်မံ အပစ်ရပ်ရန် သဘောတူခဲ့ကြပြန်သည်။

ထိုအချိန်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မတိုင်မီအထိ ရခိုင်ဒေသသည် အပစ်ရပ်ထားသဖြင့် ပုံမှန် အခြေအနေကဲ့သို့ ဖြစ်ခဲ့သည်။ ထိုအခြေအနေတွင် အခြားဒေသများ၌ နွေဦးတော်လှန်ရေးသည် အချိန်ကြာလာသည်နှင့်အမျှ အရှိန်ရလာသည်။

လူသူ လက်နက်သာမက စစ်ရေးနည်းပညာပိုင်း မြင့်မားလာသဖြင့် စစ်ကောင်စီဘက်က စစ်ရှုံးစ ပြုလာခဲ့သည်။ ထို့ကြောင့် ရခိုင်တွင် စစ်ဆင်ရေးဝင်နေသည့် ရှေ့တန်း တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များကို အခြား နေရာဒေသများသို့ ဆွဲထုတ်လာခဲ့သည်။

အထူးသဖြင့် စစ်ရှိန်မြင့်နေသည့် ကရင်နီ၊ စစ်ကိုင်းနှင့် ရှမ်းမြောက်ဒေသများသို့ ပို့ဆောင်ခဲ့သည်။ ရခိုင်ဒေသကို စည်းရုံးနိုင်ပြီဆိုကာ စစ်အင်အားကို လျှော့ချအပြီး မကြာမီတွင် AA က အရှိန်အဟုန်နှင့် တကျော့ပြန် ပြန်လည် တိုက်ခိုက်လာခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ဒေသ တကျော့ပြန် တိုက်ပွဲများ ပြန်လည် စတင်ခဲ့၏။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ဒုံးပိုက် နယ်ခြားစောင့်စခန်းနှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းများကို AA က တိုက်ခိုက် သိမ်းပိုက်ခြင်းဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြန်လည် ဖြစ်ပွားသော AA ၏ စစ်ဆင်ရေးသည် ယခုတခေါက်တွင်မူ အပစ်ရပ်ဖွယ် မရှိတော့လောက်အောင် အင်ပြည့်အားပြည့်ဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ဧရာဝတီ သတင်းဌာနနှင့် AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ အင်တာဗျူးတွင် ပြောသည့်အတိုင်း အင်္ဂါဂြိုဟ်က ဆင်းတာရင်တောင် မရပ်တော့ဘူးဆိုသည့်အတိုင်း အရှိန်အဟုန်နှင့် သွားခဲ့သည်ကို တွေ့ရသည်။

AA သည် ယခု တကျော့ပြန် တိုက်ပွဲများတွင် မြို့သိမ်း၊ နယ်သိမ်းသည့်အဆင့်အထိ ဆောင်ရွက်ခဲ့သည်။ တမြို့ချင်း သိမ်းရာမှ ပြည်နယ်တခုလုံးနီးပါးကို သိမ်းနိုင်တော့မည့် အခြေအနေထိ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

မြို့နယ်အဆင့် သိမ်းပိုက်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ၁၃ ရက်၊ ၁ လပိုင်းတွင် ချင်းပြည်နယ် တောင်ပိုင်းရှိ ပလက်ဝ၊ ၁ လပိုင်း ၂၄ ရက်တွင် ပေါက်တောမြို့နယ်၊ ၆ ရက်နေ့ ၂ လပိုင်းတွင် မင်းပြားနှင့် မြောက်ဦး၊ ၇ ရက်နေ့ ၂ လပိုင်းတွင် ကျောက်တော်။ ၁၂ ရက်နေ့ ၂ လပိုင်းတွင် မြေပုံ၊ ၄ ရက်နေ့ ၃ လပိုင်းတွင် ပုဏ္ဏားကျွန်း တို့ကို သိမ်းပိုက်ရရှိခဲ့သည်။

ထို့ပြင် ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ အမ်း၊ ဂွတို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

သိမ်းပိုက်ရန် ကျန်ရှိသည့် မြို့နယ်များမှာ စစ်ကောင်စီ၏ ပြည်နယ်ရုံးစိုက်ရာ စစ်တွေ၊ တရုတ်စီမံကိန်းများ ရှိရာ ကျောက်ဖြူနှင့် ကျွန်းမြို့ဖြစ်သည့် မာန်အောင်တို့ ဖြစ်သည်။

ထိုသို့မြို့နယ်များကို သိမ်းပိုက်မှုများအနက် အာဏာသိမ်းစတွင် ဝါဒဖြန့်ခဲ့သည့် “အမေကြူက ရခိုင်လူမျိုး၊ သူ့အမျိုးကို သူနိုင်တယ်” ဆိုသည့်စကားကို ချေဖျက်မှုမှာ သံတွဲကို သိမ်းပိုက်မှုဖြစ်သည်။ AA က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် သံတွဲမြို့ကို သိမ်းပိုက်ခဲ့သည်။

သံတွဲသည် တပ်ချုပ်ကတော် ဒေါ်ကြူကြူလှ၏ ဇာတိမြို့ဖြစ်၏။ ထို့ကြောင့် အာဏာရှင်၏ မိန်းမဖြစ်သူ အမေကြူလည်း သူ့အမျိုး သူမနိုင်ကြောင်း သက်သေပြသလို ဖြစ်သွားသည်။

အမေကြူလည်း ရခိုင်၊ AA လည်း ရခိုင်၊ အာဏာရှင်ကို AA မကူနိုင်ဆိုသည့် သဘောကို တွေ့ရသည်။ ထို့ထက်ပိုဆိုးသည်မှာ စစ်ကောင်စီ၏ ရခိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က သိမ်းပိုက်မှု ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ်တွင် AA က နပခကို သိမ်းပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသည့် ဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ် နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည်လည်း ရခိုင်လူမျိုးတဦး ဖြစ်သည်။ သူက မြေအနေအထားအရ စစ်ကူ မရောက်နိုင်သည့် အခြေအနေနှင့် ခေါင်းဆောင်မှု မကောင်းသူတို့၏ လက်အောက်တွင် မနေကြရန် ပြောသည်ကို AA က ထုတ်ပြန်သည့် ရုပ်သံတွင် တွေ့ရသည်။

စစ်ကောင်စီအနေဖြင့် ထိုရုပ်သံမှတ်တမ်းကြောင့် တပ်တွင်း၌ ဂယက်ရိုက်ခဲ့သည်။ ထိုရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က DSA 19 ဗိုလ်လောင်းသင်တန်းဆင်းများ၏ ညစာစားပွဲတွင် သီချင်းဆိုသည့်မှတ်တမ်း ထွက်ပေါ်လာမှုကြောင့်ဆိုလျှင် ပိုဂယက်ရိုက်စေခဲ့သည်။

လက်‌အောက်က ဗိုလ်မှူးချုပ်အဆင့် ရှိသူများအထိ အဖမ်းအဆီးခံရချိန်တွင် တပ်ချုပ်က အေးအေးဆေးဆေး သီချင်းဆိုနေခြင်းကြောင့် ဖြစ်သည်။ စစ်တပ်အတွင်း၌ ‘အဘက သီချင်းဆိုလည်း ကောင်းတယ်’၊ ‘အပေးအကမ်းလည်း ရက်ရောတယ်’၊ ‘အရမ်းလည်း “အမ်း” တယ်နော်’ ဟု သရော်ခဲ့ကြသည်။

တပ်ချုပ် မင်းအောင်လှိုင်က ဘာမှ မဖြစ်သလို နေပြခဲ့သော်လည်း AA သည် နပခကို သိမ်းပိုက်ပြီးသည့်တိုင် စစ်ရှိန် လျော့မသွားဘဲ သူတို့၏ရည်မှန်းချက်အတိုင်း ဆက်၍ တိုက်ခိုက်ခဲ့သည်။

အမ်းရှိ နပခကို မသိမ်းမီ ရက်ပိုင်းအတွင်း စကခ ၅ အခြေစိုက်ရာ တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၁၆ ရက်တွင် သိမ်းခဲ့သလို နပခကို သိမ်းပိုက်ပြီးနောက် ရခိုင်ဒေသနှင့် ဧရာဝတီဒေသ အစပ်ရှိ ဂွမြို့ကို ဒီဇင်ဘာလ ၂၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ဂွ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အင်အားများစွာဖြင့် ခံစစ်ဆင်ခဲ့သော်လည်း တပ်မ ၁၁ ယာယီတပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် အင်အား အများအပြား သေဆုံးခဲ့သည်။ စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းဘက်သို့ တိုက်ပွဲများရောက် မလာစေရန်အတွက် ဂွကို အကြီးအကျယ် ခံစစ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဂွကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီး ဂွကျခဲ့ရသည်။ ဂွကို လက်လွှတ်လိုက်ရခြင်းသည် ရခိုင်ဒေသတွင် စစ်ရှုံးခဲ့သည့် စစ်ကောင်စီသည် ဧရာဝတီမှာပါ စစ်ရှုံးဖို့အကွက် ဖန်လိုက်သည့်သဘော ဖြစ်သည်။

စစ်ကောင်စီဘက်က ရခိုင်ဒေသစစ်ရှုံးမှုကို ဝန်ခံခြင်းမရှိဘဲ အောင်မြင်စွာ ခံစစ်ဆင်ခြင်းဟုသာ သုံးနှုန်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် ထိုအရေးအသားကို စစ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် တွေ့နိုင်သည်။

မြေပြင်ရှိ အရာရှိ၊ စစ်သည်များကမူ လက်ရှိ အနေအထားကို ထိုသို့ မမြင်ကြပေ။ “အဘက အမ်း ပေးခဲ့တာတောင် ဂွကျတဲ့အထိ ဖြစ်ရပြီ” ဟု နောက်ကွယ်တွင် ဝေဖန်နေကြသည်။

ဂွကို လက်လွှတ်ရခြင်းသည် မြို့နယ်တခု ဆုံးရှုံးသည့်အဆင့်ထက် စစ်ကောင်စီအတွက် ဂွကျသည့် အခြေအနေကို ကြုံလိုက်ရခြင်းပင် ဖြစ်သည်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖော်ဆောင်လာသည်နှင့် တပြိုင်နက် စစ်ကောင်စီအတွက် ပိုမိုဂွကျသည့် အခြေအနေကိုသာ ကြုံရဖွယ်ရှိနေပါတော့သည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)


Leave a Reply

Your email address will not be published. Required fields are marked *