Category: News

  • လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် လုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် ယနေ့ ပြုလုပ်မည့် နှစ်သစ်ကူးပွဲ New Year Countdown တွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးရန်ရှိနေကြောင်း ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် နှစ်သစ်ကူးပွဲ New Year Countdown ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲအတွင်းတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း၊ ပွဲအတွင်း ခိုက်ရန်ဖြစ်ပွားသူလူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို တပ် သားသစ်များအဖြစ် စုဆောင်းဖမ်းဆီးရန်အတွက် ပြင်ဆင်ထားကြောင်း၊ ယင်းပွဲတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက အရပ်ဝတ်များဖြင့်သာမက ယူနီဖောင်းအပြည့်အစုံဖြင့်ပါ လုံခြုံရေးယူကြမည်ဖြစ်ကြောင်း သိရှိရသည်။

    “ပွဲအတွင်း ပြစ်မှု ကျူးလွန်တဲ့ လူငယ်တွေတော့ ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် စုဆောင်းဖို့ လျာထားတယ်လို့ သိရတယ်။ မူးယစ်ရမ်းကားသူ တွေလည်း တပ် သားသစ်အဖြစ် စုဆောင်းခံရမယ်လို့ သိရပါတယ်။ ကောင်းကောင်းမွန်မွန်လာတဲ့သူတွေတော့ ပေါ်တာဆွဲတာမျိုးတော့ ညွှန်ကြားထားတာမရှိပါဘူး” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ရှင်းပြသည်။

    ၂၀၂၅ ခုနှစ် နှစ်သစ်ကူးပွဲ New Year Countdown ပွဲအတွက် စစ်တပ် ထုတ် ကုန်ဖြစ်သော မြန်မာဘီယာနှင့်အရက်များကိုလည်း ရောင်းချမည်ဖြစ်ပြီး ယင်းနေ့ ညတစ်ညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ထားသော အမိန့်စာလည်း ထွက်ရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

    “ဒီဇင်ဘာလ ၃၁ ရက်နေ့ ည နှစ်သစ်ကူးညအတွက်တော့ ညမထွက်ရအမိန့်ကို ပယ်ဖျက်တဲ့ အမိန့်စာလည်း ထွက်ရှိထားပါပြီ။ အဲဒီညတော့ ဖမ်းတာဆီးတာရှိမှာမဟုတ်ဘူး။ ပွဲအဝင်အဝမှာ မြန်မာဘီယာနဲ့ အရက်တွေလည်း ခွင့်ပြုချက်နဲ့ ရောင်းမယ်လို့ သိရတယ်”ဟု ထွေ/အုပ်သတင်းရင်းမြစ်က ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက လာမည့် ဇန်နဝါရီလတွင် စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လူသစ်ကြိုတင်စုဆောင်းနေပြီး အထူးသဖြင့် ပွဲလမ်း သဘင်များသည် တပ်သားသစ် စုဆောင်းရန် ပစ်မှတ်နေရာများဖြစ်လာကြောင်း စုံစမ်းသိရှိရသည်။

  • ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    ကံမတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကိုလည်း တိုက်ခိုက်မှု ၃ ဦးသေဆုံး

    မကွေးတိုင်း၊ ကံမမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ကံမြို့နယ်အတွင်းရှိ လူငယ်များကို စစ်တပ်နှင့် ပူးပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း လူစားမပေးနိုင်သည့် ကျေးရွာများထံမှ ငွေကျပ် သိန်း ၁၀၀ ယူဆောင်ကာ စစ်မှုထမ်း လူစားထိုး ရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    “သူက စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ပေါ်တာလိုက်ဆွဲတယ်။ သူက ပွဲစားလို့ ဖြစ်နေတာပေါ့။ ကံမမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် လူပေးဖို့တောင်းတာတွေရှိတယ်။ အဲလိုအချိန်မှာ လူမပေးနိုင်တဲ့ ရွာတွေက စန်းဝင်းမောင်အုပ်ကြီးဆီမှာ သိန်း ၁၀၀ နဲ့လူဝယ်ရ တာပေါ့။ တကယ်က သူက ကံမမြို့နယ်စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်စားနေတာ ပြီးရင်သူတို့ကအချိုးကျ ခွဲဝေယူကြတာ နောက်ထပ်ကြားသိရတာတစ်ခုက ကံမမြို့နယ်အပြင် ပန်းတောင်းမြို့နယ်ကပါ သူ့ဆီက လူစားထိုးဝယ်ရတာတွေရှိတယ်လို့ သိရတယ်” သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ကံမမြို့နယ်၊ ကျောက်မဲကျေးရွာနှင့် ဖရုံလှကျေးရွာ အကြားတွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသော အိမ်စီးကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဆက်လက်ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကံမမြို့မှ မုံရွာ -ပုသိမ် လမ်းပိုင်းဘက်သို့ ကံပြား – ပြကြီးလမ်း အတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးခန့်လိုက်ပါလာ သည့် အဖြူရောင် Light Truck ကားကို ကျောက်မဲကျေးရွာနှင့် ဖရုံလှကျေးရွာ အကြား အရောက်တွင် မိုင်းဆွဲ ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို ဥသျှစ်ပင်မြို့ရှိ စစ်ဆေးရုံသို့ သယ်ဆောင်ကာ ဆေးကုသနေကြောင်း သိရ သည်။

    “မိုင်းဆွဲတယ်။ လက်နက်ငယ်နဲ့ဝိုင်းပစ်တယ်။ ၅ မိနစ် ၁၀ မိနစ်လောက်ပဲကြာခဲ့တယ်။ သူတို့ဘက် ပြန်ပစ်ခတ်နိုင်တာမျိုးမရှိဘူး။ ကျနော်တို့ဘက်က ပစ်တယ်။ ပြန်ဆုတ်လာတယ်။ သေဆုံးတဲ့သူတွေ ကိုတော့ ကံမပြန်သယ်တယ်လို့ ကြားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ သူတို့ဦးတည်နေတဲ့ ပုသိမ်-မုံရွာ လမ်းအတိုင်းတက်ပြီးတော့ ဥသျှစ်ပင်စစ်ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သတင်းရထားတယ်၊ အဲဒီဆေးရုံတင်ထားတဲ့အထဲက ၃ ယောက်ကလည်း ဒဏ်ရာအပြင်းအထန်ရထားလို့ သေနိုင်တယ်လို့ သိရတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း သရက် ခရိုင် အမှတ် -၄ တပ်ရင်း တပ်ခွဲ ၂ မိုင်းတပ်စိတ်မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ထပ်ဖြည့်ပြောချင်တာ ပြည်သူတွေထက် စစ်ကောင်စီထောက်တိုင်တွေပေါ့။ ကံမြို့နယ်၊ မင်းတုန်း မြို့နယ်၊ သရက်မြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို ပြောချင်တာ။ လက်ရှိ စစ်ကောင်စီက စစ်ရှုံးနေတယ်။ စစ်ရှုံးနေလို့ စစ်မှုထမ်းဖို့အတွက် ဒေသခံပြည်သူတွေကို မတရားဖမ်း ဆီးပြီးတော့ သူတို့တပ်အင်အားကို ဖြည့်နေရတယ်။ စစ်ပွဲတွေမှာ ကျဆုံးနေတာဟာ သေချာတယ်။ သူတို့ဘက်ကို ရပ်တည်နေတယ်ဆိုရင် အခုလိုမျိုး အသက်အန္တရာယ်တွေရှိမယ်။ ကျနော်တို့ ရှင်းလင်း ရတာမျိုးတွေရှိမယ်။ အဲဒါကြောင့် စစ်ကောင်စီနဲ့မပူးပေါင်းဖို့ ၊ စစ်ကောင်စီလက်အောက်ကနေ ရုန်း ထွက်ဖို့ အဓိက သူတို့ကို ပြောချင်ပါတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုမြတ်က ဆက်လက် ပြောဆိုသည်။

  • မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို

    မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို

    ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့က ညဦးပိုင်းအချိန် သားအမိ နှစ်ဦးတည်း ရှိနေတဲ့ နေအိမ်ကို လူသုံးဦးက ဝင်ရောက်ပြီး အိမ်ရှင် သားအမိနှစ်ဦး စလုံးကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့မှုဟာ သမီးရည်းစား ကိစ္စကြောင့် ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီဇင်ဘာလ ၂၉ရက် ည ၇နာရီကျော်အချိန်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ ၈ က နေအိမ်မှာ အမျိုးသမီး နှစ်ဦးတည်း ရှိနေချိန် လူငယ်သုံးဦးက ဝင်ရောက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    သေဆုံးသူတွေဟာ ဒေါ်တင်မာဝင်း၊ ၅၃ နှစ်နဲ့ သမီးဖြစ်သူ မခိုင်ယဉ်ထွေး၊ ၁၉ နှစ်တို့ ဖြစ်ပြီး သတ်ဖြတ်သူတွေဟာ တောင်သာမြို့နယ်၊ သဘွတ်စုကျေးရွာအုပ်စုနေ ခန့်ဇော်ဟိန်း ၁၇ နှစ်၊ တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်၊ နယ်မြေ ၄ နေ စွမ်းပြည့်ပိုင် ၂၀ နှစ်နဲ့ တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်နေ ထက်မင်းခန့် ၂၂ နှစ်တို့ ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    အဲ့ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ရပ်ကွက်က ဝိုင်းဖမ်းပြီး ရဲလက်အပ်လို့ ရဲက စစ်ဆေး မေးမြန်းရာ သမီးရည်းစားကိစ္စ အဆက်ဖြတ်သွားရာက အခုလို လူသတ်မှု ဖြစ်ပွားကြောင်း ကျူးလွန်သူတွေက ထွက်ဆိုတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

    “၎င်းတို့အား မေးမြန်ခဲ့ရာ ယင်းနေ့ ည ၇ နာရီအချိန်တွင် စွမ်းပြည့်ပိုင်မှ သစ်သားရိုးတပ် အရိုးအသွား ရှစ်လက်မ ခန့်ရှိ ဓါးဦးချွန် တစ်ချောင်းအား အသင့် ကိုင်ဆောင်၍ လည်းကောင်း၊ ခန့်ဇော်ဟိန်းမှ သံရိုးတပ် အရိုးအသွား ၁၂ လက်မခန့်ရှိ ဓါးဦးချွန် တစ်ချောင်းအား အသင့်ကိုင်ဆောင်၍ လည်းကောင်း၊ ထက်မင်းခန့် နှင့်အတူ ၎င်းတို့ သုံးဦးသည် စွမ်းပြည့်ပိုင်နှင့် လွန်ခဲ့သော နှစ်လခန့်က လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပြီး အဆက်အသွယ် ဖြတ်သွားခဲ့သည့် မခိုင်ယဥ်ထွေး အား မကျေနပ်သဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ မခိုင်ယဥ်ထွေး၏ နေအိမ်သို့ ရောက်ရှိစဥ် နေအိမ်တံခါး ဖွင့်ခိုင်းရာ ဒေါ်တင်မာဝင်း မှ တံခါးဖွင့်ပေးသဖြင့် နေအိမ်ဧည့်ခန်းအတွင်း စကားများ ရန်ဖြစ်ရာ ဒေါ်တင်မာဝင်း က ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းခဲ့သောကြောင့် စွမ်းပြည့်ပိုင် က အသင့်ပါလာသော ဓါးဖြင့် မခိုင်ယဥ်ထွေး အား ထိုးသတ်ခဲ့ကြောင်း၊ ခန့်ဇော်ဟိန်းက ဒေါ်တင်မာဝင်းအား ထိုးသတ်ခဲ့ပြီး ထက်မင်းခန့်မှ ဝိုင်းဝန်းချုပ်နှောင် ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထွက်ဆိုချက် အရ သိရသည်” လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    မိခင်ဖြစ်သူ ဒေါ်တင်မာဝင်းမှာ ယာလည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်အလယ် ထိုးသွင်းဒဏ်ရာ သုံးချက်၊ ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲ-လက်ခလယ် ပြတ်ရှဒဏ်ရာ၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ စုစုပေါင်း ဓားဒဏ်ရာ ခုနှစ်ချက်၊ သမီးဖြစ်သူ မခိုင်ယဉ်ထွေးမှာ ဝဲ-ရင်အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဆီးခုံပေါ်ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ သုံးချက်၊ ဝဲ/ယာခါးထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲ-ပေါင်ရင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ စုစုပေါင်း ဓားဒဏ်ရာ ၁၀ ချက်နဲ့ နေိအိမ်ဧည့်ခန်း ထဲမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    မိတ္ထီလာမြို့ဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုးထားတဲ့ မြို့ဖြစ်ပြီး မိတ္ထီလာမှာ စစ်အုပ်စုရဲ့ အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၉၉)နဲ့ ရှမ်းတဲလေတပ်စခန်း အပါအဝင် စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့ ၄၀ ကျော် အခြေပြုထားတဲ့ မြို့ဖြစ်ပါတယ်။ မိတ္ထီလာမြို့ပေါ် နေထိုင်သူ အများစုဟာ စစ်အုပ်စု လက်အောက်ခံတွေ၊ စစ်အုပ်စုနဲ့ ပတ်သက်ဆယ်နွှယ်သူတွေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိတ္ထီလာ အပါအဝင် မန္တလေးတိုင်းအတွင်း လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စု ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူစောထီးနဲ့ သွေးသောက်တွေ ကိုယ်တိုင်ကလည်း လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

  • BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

    BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

    ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ ကို KNLA နှင့်မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကပါ တော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီ၏ တပ်စခန်းကို တိုက်ခိုက်လာကြောင်း သိရှိရသည်။

    “BGF တပ်ရင်း ၁၀၁၃ ရင်းမှူး စောလှကြိုင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေအပါ မိမိတို့ တော်လှန်ရေးတပ်တွေနဲ့အတူ ဒီမနက်မှာ အတူပူးပေါင်းပါဝင်လာပါတယ်။ လိုအပ်တာတွေ အကုန် ဆက်လက်ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ” ဟု ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါဒေသတွင် BGF တပ်ရင်း ၂ ခုရှိပြီး လက်ရှိတွင် BGF တပ်ရင်း ၁၀၁၃ တပ်ရင်းက တော်လှန်ရေးတပ်များနှင့်အတူ လက်တွဲလာခြင်းဖြစ်ကြောင်း သိရှိရသည်။

    စစ်တပ်၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းသည် စစ်ရေးအရ မဟာဗျူဟာကျသော စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီကလည်း ခုခံမှုများ လုပ်ဆောင်နေကြောင်း၊ ဖာပွန်မြို့နယ်အတွင်းတွင် KNLA တပ်မဟာ ၅ ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများအားလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ဖာပွန်မြို့။

  • ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်

    ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်

    ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Yae Nagar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၇မိနစ်ခန့်တွင် ချောင်းဦးမြို့မှ မိုင်းရှင်းရန် Light truck ကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို ချောင်းဦးနှင့် နတ်ရေကန် အကြား လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    “ချောင်းဦးကနေ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ချောင်းဦးနဲ့ နတ်ရေကန်ကြား လမ်းပိုင်း တစ်နေရာမှာ စစ်ခွေးတွေ Light truck ကား ရပ်ပြီး မိုင်းရှင်းနေတဲ့အချိန် ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ စစ်ခွေး ၁ ကောင်သေပြီး ၁ ကောင် ဒဏ်ရာရတယ်” ဟု Yae Nagar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Yae Nagar အဖွဲနှင့် Seven Defend Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေသည့် မြပုလဲဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း 5/ Commando Force အဖွဲ့ တာဝန်ခံ Zapya က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီ အထိ မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေသော အကြမ်းဖက် စစ်တပ်၏ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ခွေးသေ စာရင်းကတော့ မသိရှိရသေးပါဘူး။ ထိခိုက်မှုတော့ရှိတယ်။ စစ်ခွေးတွေ ဘက်က ပြန်လည် ပစ်ခတ်တာမျိုးတော့ မရှိပါဘူး။ ဒီတိုက်ခိုက်မှုက အဆိုတော် စံလင်းစံ ကျဆုံးခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူနဲ့ ကျန်တော်တို့က သူငယ်ချင်းတွေ ဖြစ်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ အတူတူပူပေါင်း ဦးဆောင်းခဲ့တာတွေ ရှိပါတယ်။ သူက UG ဖွဲ့စည်းတော့လည်း သူရဲ့ ရဲဘော်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ သံယောဇဥ်က ကျွန်တော်တို့ ထောင်ကျတာတောင် ထောင်ထဲမှာ အတူနေရသေးတယ်။ အရမ်းသူ့ကို သတိရတယ်။ သူကျဆုံးသွားတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်။ ပုသိမ်ထောင်ပိုင်ရဲ့ ယုတ်မာမှုတွေကြောင့် သူအခုလို ဖြစ်ရတာ စံလင်းစံ မရှိတော့ပေမယ့် သူတည်ထောင်ထားတဲ့ Black Dragon Force Pyapon BDFP အဖွဲ့ အခုထိ ရှိသေးတယ်တာရယ်။ ရဲဘော်တွေလဲ ပြန်လည် စုစည်းနေပါတယ်လို့ ပြောချင်ပါတယ်”ဟု 5/ Commando Forceအဖွဲ့ တာဝန်ခံ Zapya က ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၂၃ တပ်ခွဲ ၂ ၊ Tiger Brothers people’s Defence Force၊ BLDF အညာမိုင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။