ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ ကို KNLA နှင့်မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကပါ တော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီ၏ တပ်စခန်းကို တိုက်ခိုက်လာကြောင်း သိရှိရသည်။

“BGF တပ်ရင်း ၁၀၁၃ ရင်းမှူး စောလှကြိုင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေအပါ မိမိတို့ တော်လှန်ရေးတပ်တွေနဲ့အတူ ဒီမနက်မှာ အတူပူးပေါင်းပါဝင်လာပါတယ်။ လိုအပ်တာတွေ အကုန် ဆက်လက်ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ” ဟု ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါဒေသတွင် BGF တပ်ရင်း ၂ ခုရှိပြီး လက်ရှိတွင် BGF တပ်ရင်း ၁၀၁၃ တပ်ရင်းက တော်လှန်ရေးတပ်များနှင့်အတူ လက်တွဲလာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းသည် စစ်ရေးအရ မဟာဗျူဟာကျသော စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီကလည်း ခုခံမှုများ လုပ်ဆောင်နေကြောင်း၊ ဖာပွန်မြို့နယ်အတွင်းတွင် KNLA တပ်မဟာ ၅ ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများအားလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ဖာပွန်မြို့။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *