Category: News

  • အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး  စစ်သား ၅ ဦး သေဆုံး

    အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး

    ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး

    စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်စခန်းတွင် စစ်သားအချင်း ချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းမှ စစ်ဗိုလ် ၁ ဦးက ပစ်ခတ်သူ စစ်သားနှင့်အတူ လက်နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်စခန်း တွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ပြီး စစ်သားတစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် ပစ်ခတ်ခဲ့သည့် စစ်သားက ယင်းခစန်းမှ စစ်ဗိုလ် ၁ ဦးနှင့်အတူ လက် နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။

    “လက်နက်တွေနဲ့ ထွက်ပြေးတဲ့သူတွေရဲ့ နောက်ဆက်တွဲသတင်းတော့မကြားမိသေးဘူး။ ကျနော်တို့ ဆီလည်း ဆက်သွယ်လာတာမရှိသေးဘူး။ ဒီနေ့မနက်တော့ အဲဒီနေရာတဝိုက်ကို စစ်ကား ၅ စီးနဲ့ ပတ်နေတယ်လို့သတင်းရတယ်။ မနက်ကတည်းက ပတ်နေတာ။ လက်နက်တွေလည်းပါသွားတော့ လိုက် ရှာ နေတာဖြစ်မယ်၊ ကျိုက်ထိုနဲ့ သိမ်ဇရပ်ကနေရောက်လာတာ” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

    အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းမှာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် ထောင်ထားသော ဆက်သွယ်ရေးတာဝါတိုင်စခန်းဖြစ်ပြီး ယင်းတာဝါတိုင် မဖျက်ဆီးခံရစေရန်အတွက် စစ်တပ်က တပ်သားများကို လာရောက်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

    Photo- Agency

  • အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

    အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

    စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

    ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီဘက် တော်သား အဆိုတော်ယုန်လေး နေအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူတချို့နှင့် တော်လှန်ရေး UG သတင်းရင်းမြစ်တစ်ခုက အတည်ပြု ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်အချိန် အဆိုတော်ယုန်လေး နေထိုင်ရာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ နေအိမ်အနီးတွင် ဗုံးပေါက် ကွဲမှု ၂ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး စမ်းချောင်းတစ်ဝန်းမှ ပြည်သူများကြားလိုက်ရကြောင်း သိရှိရသည်။

    “ဗုံးကွဲတာကတော့ ဟုတ်တယ်။ အသံက နှစ်ချက် ။ အုန်းသံ အကျယ်ကြီးပဲ။ ဖျာပုံလမ်းထဲမှာပေါက်တယ်။ ဖျာပုံလမ်းဘက်တော့ စစ်ဆေးနေတာတွေ တွေ့တယ်” ဟု စမ်းချောင်းမှ ပြည်သူတစ်ဦးက ဆိုသည်။

    ရန်ကုန်မြို့ပြ UG တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကလည်း အဆိုတော် ယုန်လေးသည် ၎င်း၏ ဖျာပုံလမ်းနေအိမ်တွင် ပြန်လည် နေထိုင်နေကြောင်း၊ ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုသည် အဆိုတော် ယုန်လေး၏ နေအိမ်အနီး ပေါက်ကွဲမှုဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

    “ဘယ်အဖွဲ့က လုပ်တာလဲတော့မသိဘူး။ ယုန်လေးက စမ်းချောင်းမှာ ပြန်ပြီး နေနေတာကြာပြီ” ဟု အဆိုပါ UG တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

    စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုတွင်မူ စမ်းချောင်းမြိုနယ်၊အမှတ် ၃၁ ၊ဖျာပုံလမ်း၊ကျွန်းလယ်ရပ်ကွက်ရှိ ပန်းလှိင်မိသားစု Clinic ရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မော် တော် ယာဥ် ၂ စီး၊မီးစက် ၂ လုံး ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာ ရ ရှိခဲ့မှု မရှိကြောင်း သိရှိရသည်။

    အဆိုတော်ယုန်လေးသည် စစ်တပ်နှင့်ပတ်သက်၍ ပွဲများ၊ ဇတ်လမ်းများကို အဓိ က ရိုက်ကူးသည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော သရုပ် ဆောင် နှင့်အနုပညာရှင်တချို့ ပြည်ပထွက်ခွင့်ရရရေးအတွက် စစ်တပ်တာဝန်ရှိသူများနှင့်ချိတ်ဆက်ပေးမှုများ၊ ခံဝန်လက်မှတ်ရေးထိုးရန် ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင်နေသော စစ်တပ်လော်ဘီ၊ စစ်တပ်ဘက်တော်သား ထောက်ခံသူဖြစ်သည်။

    Photo CJ

  • စစ်ကောင်စီတပ်က တင့်ကားများပါထား၍ ဂွမြို့မှ ထွက်ပြေး

    စစ်ကောင်စီတပ်က တင့်ကားများပါထား၍ ဂွမြို့မှ ထွက်ပြေး

    ဂွမြို့ကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က တင့်ကားများပါထား၍ မြို့မှ ထွက်ပြေး

    စစ်ကူ လွှတ်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း တိုက်ပွဲဖြစ်

    ဂွမြို့တွင်နောက်ဆုံးကျန်နေသည့် ခမရ ၅၆၂ တပ်ရင်းကို အာရက္ခတပ်တော် (AA) ကသိမ်းပိုက် လိုက်ပြီးနောက် စစ်ကောင်စီတပ်က တင့်ကားများကိုပါထားရှိကာ ကစဉ့်ကလျား ထွက်ပြေးသွား ကြောင်း သိရသည်။

    AA သည် ယမန်နေ့ ဒီဇင်ဘာ ၂၈ရက်နေ့ ညနေပိုင်းက ဂွမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၆၂တပ်ရင်းကို သိမ်းပိုက်၍ မြို့ကို ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီသည် ယနေ့ ဒီဇင်ဘာ ၂၉ရက် နံနက်ပိုင်းထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ ဧရာဝတီတိုင်းမှ စစ်ကူများပို့လျက်ရှိကြောင်း သိရသည်။

    ဧရာဝတီတိုင်းမှ စစ်ကူပို့လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ခန့်သည် ဂွမြို့ မကျီးငူ ကျေးရွာသို့အရောက်တွင် လက်နက်များဖြင့် ထွက်ပြေးသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

    “ဒီနေ့မနက်ထိ လက်နက်ငယ်တွေနဲ့ အချင်းချင်းပစ်ကြတာ။ မကျီးစင်ရွာဘက်ထိ တိုက်ပွဲ ဖြစ်နေတယ်။ ဂွက ကျသွားပြီဆိုတော့ စစ်ကူတွေကလည်း မတက်ရဲတော့ဘူး။ ထွက်ပြေးကြတယ်ကြားတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂွမြို့ကို တင့်ကား ၁၀စီးကျော်နှင့် အင်အား ၅၀၀ခန့်ပို့ထားပြီး ခံစစ် အင်အားတိုးချဲ့ထားသော်လည်း ယမန်နေ့ညက တင့်ကား ၁၀ စီးခန့် ကိုထားပစ်ခဲ့ကာ ထွက်ပြေးကြကြောင်း သိရသည်။

    “အမတ ၃၄၄ကနေ ပြီးခဲ့တဲ့ ၂၅ရက်နေ့ကမှ တင့်ကား ၁၇ စီးနဲ့ အင်အားတွေထပ်ပို့ထားတာ အမြောက်တပ်ကို တင့်ကား ခုနစ် စီးပဲပြန်လာနိုင်တယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

    AA သည် ဂွမြို့ကို ပြီးခဲ့သည့် ဩဂုတ်လပိုင်း ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ယခု ဒီဇင်ဘာတွင် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီက မြို့ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့၍ လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဂွမြို့ပေါ်နေရာအနှံ့ မီးလောင်ကျွမ်းနေပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း သိရသည်။

  • မရမ်းကုန်းတွင် စစ်တပ်က စစ်ဆင်ရေးပုံစံဖြင့် ရပ်ကွက်အတွင်းစီးနင်းပြီး ပြည်သူများဖမ်းဆီး

    အရပ်ဝတ်နှင့် ကင်းပုန်းများချထားဟု ဒေသခံများပြော

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂) ရပ်ကွက်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှဗိုလ်မှူး ပစ်ခတ်ခံရမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါရပ်ကွက်အတွင်း စစ်ဆင်ရေးပုံစံဖြင့်ဝင်ရောက်စီးနင်းပြီး ပြည်သူအများအပြား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

    ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီကျော်က မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂)ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ အင်အားရာဂဏန်းဖြင့် ရပ်ကွက်အတွင်းရှိ လမ်းများဝင်ရောက်ပြီး နေအိမ်တိုက်ခန်းများ စစ်ဆေးကာ ပြည်သူများဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

    “ညက တစ်ညလုံး မအိပ်ရဘူး။ တစ်ရပ်ကွက်လုံး မဲလို့ ချိတ်လို့။ စစ်ဆင်ရေးတစ်ခုလို ဝင်လုပ်သွားတာ”ဟု စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းဝင်ရောက်ဖမ်းဆီးမှုအခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်သည် (၂)ရပ်ကွက်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခြင်းမပြုမီ ရပ်ကွက်လမ်းအချို့၌ အရပ်ဝတ်ဖြင့် ကင်းပုန်းများချ၍ ကင်းထောက်စေပြီး ည ၁၁နာရီကျော်မှ လက်နက်အပြည့်အစုံပါ စစ်သားများက ယာဥ်အများအပြားနှင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့နောက် စစ်ကောင်စီတပ်က နေအိမ်တိုက်ခန်းများကို အတင်းအဓမ္မဝင်ရောက်ခြင်း၊ နှိုးမရသည့်အခန်းများဆိုလျှင် တံခါးများကို ရိုက်ချိုးဖျက်ဆီးခြင်းများအပြင် မှတ်ပုံတင်၊ စာရွက်စာတမ်းအထောက်အထားများ ရှာဖွေစစ်ဆေးခြင်း၊ အချို့လမ်းများတွင် လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးခြင်းများလုပ်ဆောင်ကြသည်ဟု ဒေသခံပြည်သူများက ပြောသည်။

    မရမ်းကုန်းမြို့နယ်မှ နေရာအချို့ကို ဒီဇင်ဘာ ၂၈ရက် သန်းခေါင်ယံအချိန်၌ ဧည့်စာရင်းအကြောင်းပြ၍ စစ်ဆေးမှုများပြုလုပ်ကာ မတရားဖမ်းဆီးမှုများရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

    “ညက မုဒိတာထဲမှာနေ‌တဲ့ အသိတစ်ယောက်လှမ်းပြောတာတော့ လေးယောက်ပါသွားတယ် ကြားတယ်”ဟု မရမ်းကုန်းမြို့နယ်၌နေထိုင်သူတစ်ဦးကပြောသည်။

    မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာ အနီး၊ အလယ်ဗဟိုလမ်းနှင့် အင်းစိန်လမ်းအတွင်းရှိ နေအိမ်များကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကဖော်ပြထားသည်။

    “Apollo ဟိုတယ်နားကိုရပ်ကွက်ကိုမဲနေတာ။ အခုရက်ပိုင်း ဧည့်စာရင်းသတိထားပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

    အိမ်များကို ဝင်ရောက်စစ်ဆေးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရဲ ၊ ရပ်ကျေးဝန်ထမ်း နှင့် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသူ ဆယ်ဦးခန့်ပါဝင်ပြီး သန်းခေါင်စာရင်းနှင့် အိမ်ရှိလူများကို တိုက်စစ်ကာ မသင်္ကာသည့် အိမ်များကို အထဲထိဝင်၍ စစ်‌ဆေးမှုများရှိသည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

    “မနေ့ညကလို့ တစ်နေရာထဲကို အင်အားအလုံးအရင်းနဲ့ လိုက်မွှေပြီး စစ်တာမျိုး မလုပ်တာ တော်တော်ကြာပြီဗျ။ ဒီနှစ် ဖေဖော်ဝါရီလတုန်းက တာမွေနဲ့ ပန်းဘဲတန်းဘက်ကို ခုလိုစစ်ခဲ့ဖူးတယ်။ ပြီးတော့ လှိုင်သာယာထဲကိုလည်း အဲ့လို ဝင်စစ်ဖူးတယ်။ စစ်ဘေးရှောင်လာသူတွေ များလာတော့ တလရအင်အားစုတွေပါ ပါလာမှာ ကြောက်ပြီး operation တစ်ခုလို ဝင်မွှေနေတာလို့ ထင်ပါတယ်ဗျ။” ဟု RSN မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့ ၏ပြောဆိုမှုများအရ ပြီးခဲ့သည့်ရက်ပိုင်းက သမိုင်း(၂)ရပ်ကွက် Apollo Hotel အနီး ပစ်ခတ်ခံရသော စရဖဗိုလ်မှူး၏ ဖြစ်စဥ်၌ ပါဝင်သူအချို့ ရပ်ကွက်အတွင်းရှိနေသည်ဟူသော သတင်းနှင့် စစ်တပ်ဘက်မှမဟုတ်သော ဒရုန်းတစ်စင်းကင်းထောက်ပုံစံ ပျံသန်းနေသည်ဟူသော သတင်းများကြောင့် ယခုလို ပိုက်စိပ်တိုက် ဝင်ဖမ်းခြင်းဟု ဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက်က မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂)ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဦးရေခဲလမ်းအနီးရှိ Apollo Hotel အနီးတွင် စရဖမှ ဗိုလ်မှူးဇေယျာမင်းအား Yangon Phoenix နှင့် Together Urban Force ပြောက်ကျားတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်ခံရမှုကြောင့် စရဖဗိုလ်မှူးမှာ ကျည်ရှပ်ထိပြီး ဒဏ်ရာရရှိခဲ့သည်။

    သမိုင်း(၂)ရပ်ကွက်အား စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးစဥ် ဖမ်းဆီးထားသည့် ပြည်သူများကို မြေသယ်ယာဥ် ဖောကားနှစ်စီးဖြင့် နှစ်ခေါက်ထက်မနည်း လာရောက်တင်ဆောင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ စုံစမ်းသိရသည်။

    လတ်တလောထွက်ပေါ်နေသော သတင်းများအရ စစ်ကောင်စီတပ်များ ရပ်ကွက်အတွင်းမှ တပ် ပြန်ဆုတ်သွားသည့်နောက်တစ်နေ့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၄ နာရီကျော်အထိ ဖမ်းဆီးခံရသည့်ပြည်သူ ဆယ်နှင့်ချီရှိနိုင်ကာ ယင်းအနက် ရခိုင် တိုင်းရင်းသားလူငယ် ၁၀ဦးထက်မနည်းပါဝင်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

    “ဒီနေ့လည်း ရပ်ကွက်ထဲမှာ ကင်းပုန်းလို့ယူဆရတဲ့သူတွေ ရှိနေသေးတယ်။ တွေ့ရတာတော့ နေရာအစုံပဲ”ဟု သမိုင်း(၂)ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် သမိုင်း(၂)ရပ်ကွက်အတွင်း စစ် ကောင်စီ​၏ ရပ်ကျေးအုပ်ချုပ်ရေးဘက်က စီစဥ်သော ပေါ်တော်မူဘုရားပွဲကို လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများနှင့်တိုက်ဆိုင်ကာ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်)မှစတင်ကာ ၅ ရက်ခန့် ကျင်းပသွားရန် ပြင်ဆင်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

    (ရန်ကုန်မြို့ ညဘက် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ် ပါသည်။ဓာတ်ပုံ – အေအပ်ပီ)

  • ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာ

    ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာ

    ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆက်တိုက် ငွေညှစ်မှုများဖြစ်ပေါ်နေ

    ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းတွင် ကျင်းပနေသည့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများသည် လူငယ်များကို တပ်သားသစ်များအဖြစ် ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးသည့် ပစ်မှတ်နေရာများဖြစ်လာကြောင်း ထွေ/အုပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ စုံစမ်းသိရှီရသည်။

    ၂၀၂၅ ခုနှစ် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများကို လာရောက်မည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ် ဆောင်ရန်ရှိနေပြီး မကြာသေးမီက စမ်းချောင်းတွင် ကျင်းပခဲ့သည့် စျေးရောင်း ပွဲတော်၊ ရေကျော်တွင် ပြုလုပ်ခဲ့သည့် စျေးရောင်းပွဲတွင် လူငယ် ၅၀ ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီး အဆိုပါ လူငယ်များမှာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၈ တွင် တက်ရောက်နေပြီဖြစ်ကြောင်း၊ အဆိုပါ ပွဲစျေးနှင့် ပျော်ပွဲရွှင်ပွဲများတွင် ရဲများ၊ ထွေ/အုပ်နှင့် စစ်တပ် သတင်းပေး ဒလန်များက လုံခြုံရေးယူကာ မူးယစ်သူ လူငယ်များ၊ ခိုက်ရန်ဖြစ်ပွားသော လူငယ်များ၊ အခြေမဲ့ အနေမဲ့ လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်သည် အပတ်စဉ် ၉ စစ်မှုထမ်း သင်တန်းအတွက် လူပြည့်မီရန် ပေါ်တာဆွဲမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ပြီး အပတ်စဉ် ၈ စစ်မှုထမ်း သင်တန်းတွင်လည်း လူပြည့်မီခြင်း မရှိခြင်းကြောင့် ပေါ်တာဆွဲ ဖမ်းဆီးမှု အများအပြား လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    ” အပတ်စဉ် ၉ နဲ့ အပတ်စဉ် ၁၀ အတွက် လူကြိုတင် စုဆောင်းခိုင်းနေပါတယ်။ စျေးရောင်းပွဲတွေမှာ ခိုက်ရန်ဖြစ်ပွားတာ၊ မူးယစ်ရမ်းကားတဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းမယ့် စီမံချက်လည်းရှိပါတယ်။ ” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိ ရန်ကုန်မြို့လယ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ လမ်းမတော်ပွဲဈေးကို လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပလျက်ရှိပြီး စစ်တပ်၊ ရဲနှင့် ပျူစောထီးများက အရပ်ဝတ်များဖြင့် လှည့်လည် လုံခြုံရေးယူလျက်ရှိကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများအပြင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်လျှင် ၂ လ တစ်ခါ ငွေကျပ် ၆၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    “ဒဂုံဆိပ်ကမ်းမြို့နယ် ၉၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့က စစ်မှူထမ်း အတွက်ဆိုပြီး ၂ လ တစ်ခါ စစ်မှုထမ်ကြေးနဲ့ ကင်းကြေးဆိုပြီး တစ်အိမ်ကို ငွေကျပ် ၆၀၀၀၀ ကောက်ပါတယ်။ ပြည်သူတွေမှာ အဆင်မပြေရတဲ့ကြားထဲ ဟိုဟာကြေး ဒီဟာကြေးဆိုပြီး လိုက်ကောက်တာတွေလည်း ရှိသေးတယ်။ သူတို့လုပ်ချင်တာတွေလုပ်နေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

    အလားတူ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နှင့် ရွှေတောင်မြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးမှူးများကလည်း စစ်မှုထမ်း ထောက်ပံ့ကြေး ဟုဆိုကာ တစ်အိမ်လျှင် လစဉ် ငွေကျပ် ၁၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း သိရသည်။

    သာယာဝတီမြို့နယ်၊ ဂရံသာယာအေးကျေးရွာတွင် စစ်မှုထမ်း ထောက်ပံ့ကြေး ဟုဆိုကာ လစဥ် တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဘဏ္ဍာရေးမှူး စစ်မှုထမ်းဟောင်း မသန်စွမ် အေးကြည် ၊ အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်လင်း၊ မောင်ဦးတို့ ပူးပေါင်း၍ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း ၊ ၎င်းတို့ တောင်းခံသော ငွေကြေး ပေးနိုင်ခြင်းမရှိသူများကို စစ်တပ်နှင့်ရဲများ ခေါ်ဆောင်လာပြီး ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

    ရွှေတောင်မြို့နယ်၊ ရှားတိုင်းအုပ်စု အုပ်ချုပ်ရေးမှူး လှဟန်က စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ငွေကြေး ကောက်ခံမှုများရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ကျင်းပလျက်ရှိသည့် လမ်းမတော်ပွဲစျေး။