Category: News

  • ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    တင့်ကားအချို့မြို့ပေါ်ကျန်နေခဲ့၊ ဂွမြို့ပေါ်ကို လေယာဉ်တွေနဲ့ အဆက်မပြတ်ဗုံးကြဲနေ

    ဂွမြို့ပေါ်မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဂွ-ငသိုင်းချောင်း ရိုးကားလမ်းပေါ်မှာလည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ဗောဓိတံတားမှာ ကျိုးပျက်သွားပြီဖြစ်ကာ သွားလာလို့မရတော့ကြောင်း ဒေသအတွင်း စစ်ရေး သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

    “ ဂွ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာ အကြီးအကျယ်ဘဲ။ ရိုးမထက်မှာ ဗောဓိတံတားက ကျိုးပျက်သွားပြီ။ ဘယ်အဖွဲ့က ချိုးလိုက်တယ်ဆိုတာ မသိဘူး။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်ဆိုတော့ ဘာကြောင့်ကျိုးတယ်ဆိုတာ တတ်အပ် မပြောနိုင်သေးဘူး။ ဂွမြို့က စကစတွေ နောက်ဆုတ်နေပြီ။ ပင်လယ်ကမ်းနားဘက်က ဆုတ်နေတယ်” လို့အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

    ဗောဓိ တံတားမှာ ဂွမြို့ပေါ်ကနေ ၁၀ မိုင်အကွာ ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က ညနေကစပြီး ဒီကနေ့ မနက်ထိ ၀တိန်နဲ့ ဗောဓိတို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    အာရက္ခတပ်တော်ဟာ ခမရ (၅၆၂) ကို ရိုးပေါ်ကရော ဂွချောင်းဖျားဘက်ကပါ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည် မခုခံနိုင်ဘဲ မကျည်းငူတံတားဘက်ကနေ ဆုတ်ခွာနေတယ်လို့ ပြောပါတယ်။

    “ ၅၆၂ တပ်ရင်းကို အေအေက ၀တိန်ဘက်ကရော၊ ဂွချောင်းဖျားဘက်ကရော၊ တပ်ရင်း နောက်ကျောကရော ညှပ်ပူးညှပ်ပိတ် ဝင်တိုက်တယ်။ အခု စကစ မကျည်းငူ တံတားဘက်ကနေ နောက်ဆုတ်တယ်။ လေယာဉ်နဲ့ ဂွကို ဗုံးအကြီးအကျယ် ကြဲနေပါတယ်။ ”

    လက်ရှိ ဂွမြို့ပေါ်မှာ တင့်ကားအစီး ၁၀ ကျော်ကျန်ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေမှာ တင့်ကားတွေကို စွန့်ခွာသွားခဲ့ကြသည် ၎င်းက ပြောကြားပါတယ်။

    “ တင့်ကား ၁၇ စီထိ ဂွမြို့ပေါ်မှာ ကျန်နေခဲ့တယ်လို့ ကြားရပါတယ်။ အေအေက ၅၆၂ ကို သိမ်းပိုက် လိုက်ပြီလားဆိုတာတော့ မသိဘူး။ စကစ တပ်တွေက မကျည်းငူ ဘက်က ဆုတ်တယ်ဆိုတာတော့ အတည်ပြုနိုင်ပါတယ်။ မကျည်းငူတံတားအတွက်လည်း စိုးရိမ်စရာရှိနေပါတယ်။ စကစ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

    လက်ရှိ အနေအထားအရ ဂွမြို့မှာ အာရက္ခလက်ထဲ ကျရောက်သွားပုံရပြီး ဂွအခြေအနေနဲ့ ပတ်သက်ပြီး များမကြာမီ အာရက္ခတပ်တော်က သတင်းထုတ်ပြန်မှုကိုသာ စောင့်ကြည့်ရတော့မယ်လို့ သူက ပြောပါတယ်။

    (သတင်းပေးပို့- CJ) ဓာတ်ပုံ- တိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့မြင်ကွင်း။

  • စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ

    နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

    စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၉၁ မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် အရေးပါသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တို့ကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

    အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းပေါင်း ရာပေါင်းများစွာမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်သိမ်းပိုက်မှုကို ခံနေရပြီး တိုင်းမှူးအဆင့် ဗိုလ်ချုပ်မှ စ၍ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရများ ကြုံတွေ့နေရသည်။

    ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြုစုထားသော စာရင်းများအရ တိုင်းမှူးအဆင့် ဗိုလ်ချုပ်မှ စ၍ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရသူ စုစုပေါင်း ၂၁ ဦးရှိကြောင်း သိရှိရသည်။

    ၁- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်

    ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် (တေဇ-၁၆) ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။

    ၂- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး

    ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး (DSA အပတ်စဉ် ၄၁) ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။

    ၃- အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး

    ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး (တေဇ-၂၆) ကို MNDAA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။

    နောက်ပိုင်းတွင် MNDAA က ပြန်လွှတ်ပေးခဲ့သဖြင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဖြစ်လာသည်။

    ၄- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း (DSA အပတ်စဉ် ၄၁ ) ကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီးရရှိခဲ့သည်။ လက်ရှိတွင် ၎င်း ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။

    ၅- အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း (OTS- ၂၁ ) ကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီးရရှိခဲ့သည်။ လက်ရှိတွင် ၎င်း ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။

    ၆- ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅ ) ကို AA က သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (OTS -၂၂ )ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ရာထူး တာဝန်ထမ်းဆောင်စဉ် တော်လှန်ရေးရဲဘော်များကို သတ်ဖြတ်သော စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည့်အတွက် AA က ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရှီရသည်။

    ၇- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်

    ယခုနှစ် ဇူလိုင်လအတွင်း MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် ဒရုန်းဗုံးထိမှန်၍ သေဆုံးခဲ့ကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုထားသည်။

    ၈- ဗိုလ်မှူးချုပ် မိုးကျော်သူ လောက်ကိုင် ဒကစမှူး

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူသည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။

    ၉- ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် (လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။

    ၁၀- ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း (တပ်မ ၅၅ တပ်မမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်​ ဇော်မျိုးဝင်း သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။

    ၁၁- ဗိုလ်မှူးချုပ် သော်ဇင်ဦး (စကခ ၁၆ ကွပ်ကဲရေးမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၆ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ သော်ဇင်ဦး သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။

    ၁၂- ဗိုလ်မှူးချုပ် အောင်ဇော်လင်း (စကခ ၁၂ ကွပ်ကဲရေးမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၂ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ အောင်ဇော်လင်း သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။

    ၁၃- ဗိုလ်မှူးချုပ် အေးမင်းဦး (စကခ ၁၄ ကွပ်ကဲရေးမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၄ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ အေးမင်းဦး သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။

    ၁၄- ဗိုလ်မှူးချုပ် မင်းမင်းထွန်း (တပ်မ ၁၀၁ တပ်မမှူး)

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူ ဟာကုန်းတွင် စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ် ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

    ၁၅- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (စကခ ၉ စကခမှူး -ကျောက်တော်)

    ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနီး ရေကြောင်းတိုက်ပွဲအတွင်းမှ အသက်လုထွက်ပြေးသွားသော စကခ ၉ တပ်မမှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရဖမ်းမိခဲ့သည်။

    ၁၆- ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (စကခ ၁၉ စကခမှူး-ပလက်၀)

    ဇန်နဝါရီလအတွင်း ပလက်ဝဒေသအခြေစိုက် အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉ ၊ ရှေ့တန်း ဌာ နချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (တေဇ ၂၃) သေဆုံး (သို့မဟုတ်) ပျောက်ဆုံးလျက် ရှိကြောင်း ရခိုင့် တပ်တော် – AA က ထုတ်ပြန်ထားသည်။

    ၁၇- ဗိုလ်မှူးချုပ် မင်းထွဋ်ဦး (တပ်မ ၈၈ တပ်မမှူး)

    ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကုန်းလောရွာ အနီး မန်နောင်ရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးခဲ့သည်။ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် KIAနှင့်KPDFပူးပေါင်းတပ်ဖွဲ့နှင့် ခယာဘွမ်၊ ဘွမ်ရယ်ဘွမ်စခန်းမှ ထွက်ပြေးလာကြသော တပ်မ ၈၈ စစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားစဉ် အမှတ် ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးလာသော တပ်မ ၈၈ စစ်ကြောင်းများသည် မန်နောင်ကျေးရွာနှင့် အခြားကျေးရွာများတွင် တပ်စွဲနေခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်စာ ၅/၂၀၂၄ ဖြင့် စစ်မှုထမ်းကောင်း တံဆိပ် ပေးအပ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

    ၁၈- ဗိုလ်မှူးချုပ် အေးမင်းနောင် (တပ်မ ၄၄ တပ်မမှူး)

    ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန် သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ တပ်ချိန်းရန် လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပစ်ခတ်ခတ်ခဲ့ရာ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်အရာရှိ ၅ ဦးသေဆုံးခဲ့သည်။

    ၁၉- ဗိုလ်မှူးချုပ် လင်းအောင်မိုး ( စကခ ၇၊ စကခမှူး- ဖယ်ခုံ)

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်စခန်းနှင့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA အဖွဲ့က တိုက်ခိုက်ရာတွင် စကခ-၇ စကခမှူး ဗိုလ်မှူးချုပ် လင်းအောင်မိုး တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ၂၀- ဗိုလ်မှူးချုပ် အောင်ကျော်လွင် (တပ်မ ၉၉ တပ်မမှူး- မိတ္တီလာ)

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး အခြေပြု တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင်သည် MNDAA ၏ ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားခဲ့သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်း ဗိုလ်မှူးချုပ်/ဗိုလ်မှူး‌ကြီးအောင်ကျော်လွင်သည် မုံးကိုး အခြေပြု ဗျူဟာစခန်းတွင် ဒရုန်းဗုံးထိမှန်သေဆုံးဖြစ်သည်ဟု တပ်အသိုင်းအ၀ိုင်းက အတည်ပြုသည်။

    ၂၁- ဗိုလ်မှူးချုပ်အောင်လွင် (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး )

    ယခုနှစ် ဩဂုတ်လအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်သည် စခန်းစွန့်ခွာထွက်ပြေး၍ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးကာ ထောင်ဒဏ်ချမှတ်အရေးယူခဲ့သည်။

  • စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ဖွဲ့စည်းပုံပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးလာရာ အမ်း-ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသည့် အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း CDF-Asho ကထုတ်ပြန်ထားသည်။

    “အမ်းနပခကနေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ချီပြီး အမ်း-ပဒါန်းဘက်ကိုဆင်းတာ၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်နဲ့အတူ ဖမ်းဆီးခံရတာရှိပါတယ်။ သေဆုံးသူလည်းများတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ချင်းကာကွယ်ရေးတပ်-အရှိုမှ ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်တွင် ပိတ်ဆို့တားဆီးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ အသာတကြည်လက်နက်အပ်ခဲ့ပြီး တချို့မှာ စစ်ကြောင်းပျက်ကာ ခြေဦးတည့်ရာ ထွက်ပြေးသွားကြောင်း သိရသည်။

    ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှာဖွေရှင်းလင်းရာ သုံးရက်အတွင်း ၁၇ ဦးကို ထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း CDF-Asho ထံက သိရသည်။

    ထို့အပြင် ထွက်ပြေးလွတ်မြောက်လျက်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရှာဖွေလျက်ရှိပြီး ထပ်မံထုတ်ပြန်ပေးသွားမည်ဟုဆိုသည်။

    ပြီးခဲ့သည့် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သုံးရက် အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အ သုံးအဆောင်များစွာကို သိမ်းဆည်းရမိခဲ့ကြောင်း CDF-Asho က ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ – CDF- Asho

  • တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ရန် ဖိတ်ခေါ်ထားသော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

    ယနေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ အကြမ်းဖက် မင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက် ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

    “နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်” ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

    MNDAA နှင့် စစ်ကောင်စီတို့အကြား ယခု ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂ ရက်အကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း စစ်တပ်က လားရှိုးမြို့ကို ပြန်ပေးရန် တောင်းဆိုရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြေမလည်ဖြစ်ကာ အဆုံးသတ်သွားခဲ့ကြောင်း၊ အခြားသော မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအကြားတွင်လည်း တွေ့ဆုံဆွေးနွေးမှုများရှိသော်လည်း စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်ပေးအပ်ရန် ဆိုသည့် တောင်းဆိုမှုကြောင့် ငြိမ်းချမ်းရေး ရှေ့မဆက်နိုင်တော့ကြောင်း သိရှိရသည်။

  • ဟောင်စုဆေးပရုပ်ဆီ ကြော်ငြာခ ဖြူဖြူထွေးအား သိန်း ၇၀ ပေးရပြီး ဇာတ်ညွှန်းကို မသိရဟု ကုမ္ပဏီဆို

    ဟောင်စုဆေးပရုပ်ဆီ ကြော်ငြာခ ဖြူဖြူထွေးအား သိန်း ၇၀ ပေးရပြီး ဇာတ်ညွှန်းကို မသိရဟု ကုမ္ပဏီဆို

    ဆယ်လီဖြူဖြူထွေးနှင့် ကျပ်သိန်း ၇၀ အကုန်အကျခံ၍ ဆေးပရုပ်ဆီကို ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပရုပ်ဆီကြော်ငြာနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ကြိုတင်သိရှိခွင့်မရှိခဲ့ကြောင်း ဟောင်စုဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းတဦးက ဒီဇင်ဘာ ၂၆ ရက်ကပြောသည်။

    “ပေစ့်လေးထောင်ပြီး ကြော်ငြာလေးလုပ်ချင်လို့ ဖြူဖြူထွေးကို ကြော်ငြာလေးအပ်ခဲ့တာပါ၊ ဇာတ်ညွှန်းအကြောင်းအရာ၊ ဗီဒီယိုဖိုင်မူကြမ်းတွေကို ကုမ္ပဏီကိုကြိုတင်အသိပေးတာ ပြတာမျိုး မလုပ်ဘူးလို့ သူ့ဘက်က စာချုပ်ချုပ်ထားတာမို့ အဲ့ဗီဒီယို သူတင်လာကာမှပဲ ဘယ်သူတွေနဲ့ ရိုက်ထားတယ်။ ဘာဝတ်ထားတယ်။ ဘယ်လိုဇာတ်လမ်းဆိုတာကို သိခွင့်ရခဲ့တာပါ”ဟု ဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းက ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ဆယ်လီဖြူဖြူထွေး၏ ကြော်ငြာသည် ထိန်းသိမ်းခံထားရသည့် အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်စေသော စကားလုံးအသုံးအနှုံးများ တမင်ရည်ညွှန်းထားသည်ဟု လူမှုကွန်ရက်အသုံးပြုသူများအကြား ပြစ်တင်ဝေဖန်မှုများစွာရှိခဲ့ခြင်းဖြစ်သည်။

    ၎င်းကြော်ငြာဗီဒီယိုတွင် အဖြူဝမ်းဆက်ကိုဝတ်ဆင်ထားသော ဖြူဖြူထွေးက နှင်းဆီပန်းပန်ခြင်း၊ မယ်တော်ဟောင်စုဟူသော အသုံးအနှုန်းကို ထပ်တလဲလဲ အသုံးပြုခြင်းနှင့် ချဲဂဏန်းပေးသည်ဆိုကာ ၇၉ ဟူသော ဂဏန်းကို ပြောဆိုခြင်းများအပြင် ကြော်ငြာဗီဒီယိုနှင့် သက်ဆိုင်ခြင်းမရှိဘဲ ၎င်းကြော်ငြာခေါင်းစဉ်ကို ခြံစည်းရိုးမယ်တော်ဟု ထည့်သွင်းရေးသားခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    မဇ္ဈိမမှ ကြည့်ရှု့ခွင့်ရခဲ့သည့် ၎င်းကြော်ငြာနှင့် ပတ်သက်သည့်စာချုပ်၌ ဖုန်းဖြင့် အွန်လိုင်းဗီဒီယိုရိုက်ကူးရာတွင် ရိုက်ကူးမည့် ဇာတ်ညွှန်း၊ အကြောင်းအရာ၊ ပါဝင်သရုပ်ဆောင်မည့်ဇာတ်ကောင်များနှင့် ရိုက်ကူးထားပြီးသော ဗီဒီယိုဖိုင်မူကြမ်းကို လုပ်ငန်းအပ်နှံသူထံ ကြိုတင်ပြောပြ အကြောင်းကြားမည်မဟုတ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

    ထို့အပြင် အဆိုပါ ဆေးပရုတ်ဆီကြော်ငြာကို ဒီဇင်ဘာ ၁၅ ရက်ကျော်တွင် စတင်ရိုက်ကူးပေးမည်ဖြစ်ပြီး ၎င်းဗီဒီယိုကို ကြော်ငြာအပ်နှံသူမှ တသက်တာ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    သို့သော် ဝေဖန်မှုများကြောင့် အဆိုပါ ဗီဒီယိုတင်ပြီး နောက်ရက်တွင် ဖြူဖြူထွေးက လူမှုကွန်ရက်မှ ဖြုတ်ချသွားခဲ့ပြီး ၎င်းဗီဒီယိုကို ဖြုတ်ချလိုက်ကြောင်း ကုမ္ပဏီသို့ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း အစားထိုးဗီဒီယို ရိုက်ကူးမည့်အကြောင်းနှင့်နောက်ဆက်တွဲ တာဝန်ယူပေးမည့်အကြောင်းအရာများနှင့် ပတ်သက်၍ ပြောဆိုခြင်းများ မရှိသည့်အပြင် လက်ရှိအချိန်ထိလည်း ဖြူဖြူထွေးနှင့် အဆက်အသွယ်လုပ်၍မရကြောင်း ဆေးပရုပ်ဆီကုမ္ပဏီမှ ပြောသည်။  

    ထို့အပြင် ၎င်းတို့အနေဖြင့် ၂၀၀၇ ခုနှစ်ကတည်းက ဟောင်စုအမည်ဖြင့် ကုမ္ပဏီကိုစတင်လုပ်ဆောင်ခဲ့ခြင်း တရုတ်အသံထွက်ကို အင်္ဂလိပ်ဘာသာဖြင့် HAOSU အဖြစ်လည်းကောင်း မြန်မာဘာသာပြန်ဖြင့် ဟောင်စုဟုလည်းကောင်း အလွယ်ပေးမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီလိုပဲ အလွယ်ပေးခဲ့တဲ့ နာမည်လေးပါ။ မိသားစုတနိုင်တပိုင်စီးပွားလေးပါပဲ။ ဝန်ထမ်းတောင် ငါးယောက်လောက်ပဲ ရှိတာပါ ။ ဒီလောက်ထိလည်း ဟိုးလေးတကြော်ကြော်ဖြစ်မယ်လို့လည်း မထင်ခဲ့ပါဘူး”ဟု ၎င်းက ထပ်မံ ပြောပြသည်။

    ဒီဇင်ဘာ ၂၅ ရက်တွင် ဖြူဖြူထွေးမှ သူ၏ဇာတ်ညွှန်းဆရာဆိုသူနှင့်အတူ ယင်းဗီဒီယိုနှင့် ပတ်သက်၍ မည်သူတဦးတယောက်ကိုမှ ထိခိုက်လိုစိတ် နစ်နာလိုစိတ်မရှိကြောင်းနှင့် အရိုးသားဆုံးသရုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်းပန်ခဲ့သော်လည်း ခြံစည်းရိုးမယ်တော်ဟူသော ဗီဒီယိုခေါင်းစဉ်နှင့် ပတ်သက်၍မူ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။

    ခြံစည်းရိုးဆိုသော အသုံးအနှုံးသည် ခြံစည်းရိုးကြက်ဆူပင်ဆိုသော အသုံးအနှုံးကို စောင်းမြောင်းရေးသားခြင်းဖြစ်သည်ဟု ပရိသတ်တချို့က ယူဆကြသည်။ ယခင် စစ်အုပ်စုဟောင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နိုင်ငံတဝန်း ခြံစည်းရိုးကြက်ဆူပင်များ စိုက်ခိုင်းစေခဲ့သည်။ ကြက်ဆူ၏အတိုကောက် ကဆ အသံထွက်သည်။ ထိုစဉ်က နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျခံနေခဲ့ရသော ဒီမိုကရေစီလိုလားသောအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗေဒင်သဘောအရ ကက်ကင်းရိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲမှုများရှိခဲ့သည်။ မြန်မာစစ်ခေါင်းဆောင်များအဆက်ဆက် ဗေဒင်ယတြာအယူသည်းမှုများရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စုကြည်ဟု ၎င်းတို့အသိုင်းဝိုင်းတွင် ရည်ညွှန်းပြောဆိုလေ့ရှိသည်။

    ပုံအညွှန်း-ဝေဖန်ခံနေရသည့် ဖြူဖြူထွေးကြော်ငြာနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် ဖြူဖြူထွေးကြား သဘောတူညီထားသည့် စာချုပ်ပါ အချက်အချို့(ဓာတ်ပုံ-ပေးပို့)
    ပုံအညွှန်း- ဝေဖန်ခံနေရသည့် ဟောင်စုဆေးပရုပ်ဆီကြော်ငြာနှင့် ပတ်သက်၍ ဆယ်လီဖြူဖြူထွေး ပရိသတ်အားတောင်းပန်စဉ်