တင့်ကားအချို့မြို့ပေါ်ကျန်နေခဲ့၊ ဂွမြို့ပေါ်ကို လေယာဉ်တွေနဲ့ အဆက်မပြတ်ဗုံးကြဲနေ
ဂွမြို့ပေါ်မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဂွ-ငသိုင်းချောင်း ရိုးကားလမ်းပေါ်မှာလည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ဗောဓိတံတားမှာ ကျိုးပျက်သွားပြီဖြစ်ကာ သွားလာလို့မရတော့ကြောင်း ဒေသအတွင်း စစ်ရေး သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
“ ဂွ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာ အကြီးအကျယ်ဘဲ။ ရိုးမထက်မှာ ဗောဓိတံတားက ကျိုးပျက်သွားပြီ။ ဘယ်အဖွဲ့က ချိုးလိုက်တယ်ဆိုတာ မသိဘူး။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်ဆိုတော့ ဘာကြောင့်ကျိုးတယ်ဆိုတာ တတ်အပ် မပြောနိုင်သေးဘူး။ ဂွမြို့က စကစတွေ နောက်ဆုတ်နေပြီ။ ပင်လယ်ကမ်းနားဘက်က ဆုတ်နေတယ်” လို့အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
ဗောဓိ တံတားမှာ ဂွမြို့ပေါ်ကနေ ၁၀ မိုင်အကွာ ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က ညနေကစပြီး ဒီကနေ့ မနက်ထိ ၀တိန်နဲ့ ဗောဓိတို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်ဟာ ခမရ (၅၆၂) ကို ရိုးပေါ်ကရော ဂွချောင်းဖျားဘက်ကပါ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည် မခုခံနိုင်ဘဲ မကျည်းငူတံတားဘက်ကနေ ဆုတ်ခွာနေတယ်လို့ ပြောပါတယ်။
“ ၅၆၂ တပ်ရင်းကို အေအေက ၀တိန်ဘက်ကရော၊ ဂွချောင်းဖျားဘက်ကရော၊ တပ်ရင်း နောက်ကျောကရော ညှပ်ပူးညှပ်ပိတ် ဝင်တိုက်တယ်။ အခု စကစ မကျည်းငူ တံတားဘက်ကနေ နောက်ဆုတ်တယ်။ လေယာဉ်နဲ့ ဂွကို ဗုံးအကြီးအကျယ် ကြဲနေပါတယ်။ ”
လက်ရှိ ဂွမြို့ပေါ်မှာ တင့်ကားအစီး ၁၀ ကျော်ကျန်ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေမှာ တင့်ကားတွေကို စွန့်ခွာသွားခဲ့ကြသည် ၎င်းက ပြောကြားပါတယ်။
“ တင့်ကား ၁၇ စီထိ ဂွမြို့ပေါ်မှာ ကျန်နေခဲ့တယ်လို့ ကြားရပါတယ်။ အေအေက ၅၆၂ ကို သိမ်းပိုက် လိုက်ပြီလားဆိုတာတော့ မသိဘူး။ စကစ တပ်တွေက မကျည်းငူ ဘက်က ဆုတ်တယ်ဆိုတာတော့ အတည်ပြုနိုင်ပါတယ်။ မကျည်းငူတံတားအတွက်လည်း စိုးရိမ်စရာရှိနေပါတယ်။ စကစ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ အနေအထားအရ ဂွမြို့မှာ အာရက္ခလက်ထဲ ကျရောက်သွားပုံရပြီး ဂွအခြေအနေနဲ့ ပတ်သက်ပြီး များမကြာမီ အာရက္ခတပ်တော်က သတင်းထုတ်ပြန်မှုကိုသာ စောင့်ကြည့်ရတော့မယ်လို့ သူက ပြောပါတယ်။
(သတင်းပေးပို့- CJ) ဓာတ်ပုံ- တိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့မြင်ကွင်း။


Leave a Reply