Category: News

  • မံစီတိုက်ပွဲတွင်စစ်​ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​​သေဆုံး

    မံစီတိုက်ပွဲတွင်စစ်​ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​​သေဆုံး

    မံစီမြို့ရှိ စစ်​ကောင်စီလက်ကျန် တပ်ရင်းသုံးရင်းစလုံးကို KIA နှင့်မဟာမိတ်များကသိမ်းပိုက်နိုင်ပြီဟု ကနဦးသတင်းရရှိ

    မံစီမြို့နယ်မှ စစ်တပ်လက်ကျန်တပ်ရင်းသုံးရင်းကို KIA နှင့် ပူး​ပေါင်းတပ်များက အပြီး သတ်တိုက်ခိုက်​သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​သေဆုံးခဲ့​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာ ၄ ရက်တွင် မံစီမြို့အပြင်တွင်ကျန်​နေ​သော ခမရ(၆၀၁)၊ ခမရ(၃၁၉) တပ်ရင်းနှင့် အ​မြောက်တပ် (၅၂၃)တပ်ရင်း တို့ကိုပါ KIA နှင့် မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ( ဒီဇင်ဘာ ၂၅ရက်​နေ့) တွင် အဆိုပါတပ်ရင်း သုံးရင်းကို အပြီးသတ်သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု ကနဦးသတင်းရရှိ​ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။

    ဒီဇင်ဘာလ၂၁ရက်နေ့ကတိုက်ပွဲတွင် မံစီတိုက်ပွဲကို ခုခံနေသည့် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း ပါ သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အပြင် ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းကို သိသူအချို့က ပြောသည်။

    ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသည် ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ဇာတိဖြစ်ပြီး ၎င်း၏မိသားစုသည် ပြည်မြို့၊ ဗိုလ်ချုပ်လမ်းတွင် ရွှေမင်းသမီးအလှပြင်ဆိုင်ဖွင့်ထားသည်ဟု မြို့ခံတဦးကပြောသည်။

    “အလောင်းပြန် ရမရမသိဘူး။ သေတာတော့ ဟုတ်တယ်။ အလှပြင်ဆိုင်လည်း ပိတ်ထားတယ်။ သူ့ကို မြို့ခံတော်တော်များများသိကြတော့ မြို့မှာ သတင်းလည်း ပျံ့နေတာ” ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။

    ဗိုလ်မှူးကြီး​အောင်ငြိမ်းချမ်းသည် တပ်မ ၈၈ ၏ အမှတ် (၁) ဗျူဟာမှူး ဖြစ်​ကြောင်းစုံစမ်းသိရသည်။

    KIAသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်တိုက်ခိုက်နေပြီး ဗန်းမော်အခြေစိုက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ကို လက်နက်ချရန်သတိပေးထားသည်ဟု ​ဒေသခံအချို့က​ပြောသည်။ စကခ(၂၁) စကခမှူးသည် ဗိုလ်မှူးချုပ်တင်မင်းလတ်ဖြစ်သည်။ ဗိုလ်မှူးချုပ်တင်မင်းလတ်သည် ၂၀၁၆နှင့် ၂၀၁၇က ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောဒေသတွင် ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှု၌ အဓိကတာဝန်ရှိသူများအနက်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    စကခ (၂၁)အပြင် တပ်မ (၈၈)မှ တပ်ရင်း နှစ်ရင်း ၊ တပ်မ (၉၉)မှတပ်ရင်း နှစ်ရင်းကို​လေ​ကြောင်းမှစစ်ကူပို့၍ စုစု​ပေါင်း တပ်ရင်း ၂၀ ​ကျော်ဖြင့် ခုခံျနသည်။ဗန်းမော်မြို့သို့စစ်​ကောင်စီက စစ်ကူများ​ကို​လေ​ကြောင်းမှ ဆက်တိုက်ဖြည့်တင်း​နေ​သော်လည်း စစ်တပ် တပ်ရင်းနှင့်တပ်စခန်းများကို KIA နှင့် ပူး​ပေါင်းတပ်များက ပိတ်ဆို့ထားသည်။

    စစ်တပ်က​လေ​ကြောင်းမှ အဓိကပစ်ကူ​ပေး​နေသည်။ ဒီဇင်ဘာ ၂၄ ရက် လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၅)လည်း လေကြောင်းမှထပ်မံတိုက်ခိုက်နေသည်ဟု ဗန်းမော်ဒေသခံစစ်ဘေးရှောင်များထံမှသတင်းရရှိသည်။

    KIA သည် ကချင်ပြည်နယ်တွင် အနည်းဆုံးမြို့ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

  • ချင်းပြည် မင်းတပ်မြို့က အပျက်အစီးများ

    ချင်းပြည် မင်းတပ်မြို့က အပျက်အစီးများ

    အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ထဲက အရပ်သားနေအိမ် ၂၀၀ ကျော်မှာ မီးလောင်ပျက်စီး ပြာကျသွားခဲ့ပြီး အချို့သော မိသားစုဝင်များမှာ ပြန်စရာအိမ်မရှိဖြစ်နေကြသည်။

    မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ရှိနေသေး၍ ပြည်သူများမှာ လတ်တလောတွင် နေအိမ်ပြန်၍ မရရှိသေးကြောင်း တော်လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားကြသည်။

    ၄ နှစ်နီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသည့် မင်းတပ်မြို့က ဒေသခံပြည်သူများမှာ နေအိမ်ပြန်ရန် အခွင့်အရေးရှိလာခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်ပြန်ခွင့် မရရှိကြသေးပေ။

    စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်ပြန်ခွင့် ရပြီဟု သက်ဆိုင်ရာအဖွဲ့အစည်းများက ပြောလာသော်လည်း အချို့သော မိသားစုဝင်များမှာ ပြန်စရာနေအိမ်မရှိတော့ပြီဟု မင်းတပ်မြို့နယ်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးအဖွဲ့က ပြောဆိုထားသည်။


    ဓါတ်ပုံ – Mindat Township IDPs Camp Management Committee

  • စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရ

    စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရ

    ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း ၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ က ပြောဆိုသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေး ရွာနေ ခင်စိုးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ၎င်း၏ နေအိမ်သို့သွားရောက်၍ ပစ်ခတ်ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

    သေဆုံးသူ ခင်စိုးသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး စစ်သားသစ် စုဆောင်းခြင်း၊ လူငယ်များကို ကိုအတင်းအဓ္မပေါ်တာဆွဲရာတွင် အားတက်သရောလိုက်ပါဆောင်ရွက်ခြင်း၊ ပေါ်တာဆွဲပြီး အသက်မပြည့်သူများကို ငွေကြေးဖြင့် ရွေးခိုင်းပြီး စစ်ကောင်စီကို အားပေးထောက်ခံခြင်း ၊ တော်လှန်ရေးထောက်ပို့ရဲဘော်များ၏သတင်းအချက်လက်များကိုလိုက်လံစုံစမ်းခြင်းတို့ကိုပြုလုပ်နေသေူဖြစ်ကြောင်း သိရှိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်စာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေးလမ်းပြများကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေပြီ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့ရှိသောနေရာများသို့ သွားလာနေထိုင်ခြင်း၊အားပေးကူညီခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများမပြုလုပ်ကြပါရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းက သတိပေးထားသည်။

  • တနင်္သာရီမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၄) တိုက်ခိုက်

    စစ်ကောင်စီအထိနာဟု ကရင်သတင်းရင်းမြစ် အသိပေး

    ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။

    တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ်အတွင်း မိုးတောင်ဒေသ၌ KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားအသိပေးထားရာ ပဒိုစောအယ်နားက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသည်။

    “(စကစ)ထိုးစစ်ရှိတယ်။ အဲဒီ မိုးတောင်ဘက်တိုက်ပွဲရှိတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ မသိဘူးနော်။”ဟု ပဒိုစောအယ်နားက ပြောသည်။

    KNU တပ်မဟာ(၄)နှင့် စစ်ကောင်စီအကြား ဒီဇင်ဘာ ၁၈ ရက်မှ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်အထိ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က အသိပေးထားသည်။

    စစ်ကောင်စီ၏ စီးပွားရေးလမ်းကြောင်းဖြစ်သော မိုးတောင်လမ်းမကြီးတစ်ဝိုက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

    တိုက်ပွဲဖြစ်ပွားသောနေရာများမှာ ထိုခါလမ်းကွ ထိုခါကျေးရွာ၊ ချောင်းနှစ်ပုံတံတား၊ ချောင်းနှစ်ပုံ(tour gate)၊ ချောင်းနှစ်ပုံကျေးရွာနှင့် သေခိုးကျေးရွာတို့ဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်က အသိပေးသည်။

    စစ်ကောင်စီတပ်က လေယာဉ် ၊ ဒရုန်းအသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသလို တောလမ်း၊တောင်ပေါ် ဒေသများကို အသုံးပြု မြေပြင်ထိုးစစ်ဆင်ခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တိုက်ခိုမှုကြောင့် စစ်ကောင်စီက သေဆုံးသူ ၂၀ဦးခန့်ရှိခဲ့ဟု KNLA တပ်ရင်း(၁၁)ကို ကိုးကားပြီး ကရင်သတင်းရင်းမြစ်က အသိပေးထားသည်။

    တိုက်ပွဲဖြစ်ရာသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲများနယ်မြေရှင်းလင်းရေးလုပ်နေဆောင်နေသည်ဟုဆိုသည်။

    (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KNLA)

  • ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး

    ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး

    စစ်ကောင်စီ တပ်ရင်းတစ်ခုသာကျန်ရှိတော့သည့် ဂွကို တင့်ကားနှင့် စစ်အင်အားဖြည့်တင်းထားသော်လည်း ကျန်ရှိသည့်တပ်ရင်းမှ စစ်ကောင်စီတပ်အရာရှိများ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းမှစတင်ပြီး ဂွရှိ ခမရ ၅၆၂တပ်ရင်းမှ စစ်အရာရှိများ စတင်ဆုတ်ခွာနေကြပြီး မြို့ကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီက တင့်ကားနှင့် စစ်ကားအစီးရေ ၂၀ ပါဝင်သည့် စစ်ကြောင်း ကို ဂွ-ငသိုင်းချောင်းလမ်းမှတစ်ဆင့် ဂွမြို့ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

    ထို့အပြင် အမြောက်တပ် ၃၄၄တွင်လည်း ရဟတ်ယာဉ်ကွင်းများပြင်ဆင်ဆောက်လုပ်နေပြီး တင့်ကား သုံးစီးကို အဆင်သင့်ပြင်ထားကြောင်း သိရသည်။

    “အမတ ၃၄၄မှာ ဟန့်တားစစ်ပြင်ထားတယ်။ အသေခံ ခံစစ်မဟုတ်ဘူး။ ဟန့်စစ်လောက်ပဲ။ AAက ငါးသိုင်းချောင်းကို တောက်လျောက်မဖောက်ဘဲ ပြည်-ပန်းတောင်းကနေဖောက်ဝင်မယ် ဆိုပြီး ငါးသိုင်းချောင်း အမြောက်တပ်ကို ဟန့်စစ်သဘောထားနေတာ” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    ဂွသို့ ပို့ဆောင်ထားသည့် တင့်ကားများ ယမန်နေ့ညက အမတ ၃၄၄ထံ ပြန်လည်ဆုတ်ခွာလာရပြီး လက်နက်ကြီးများဖြင့်သာ ဂွမြို့ကို ပစ်ကူပေးလျက်ရှိသည်ဟု ဧရာဝတီတိုင်းမ်၏ အခြားသတင်းရင်းမြစ်က အသိပေးပြောကြားသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က ဂွမြို့ရှိ ခမရ ၅၆၃ကို AA က သိမ်းယူထားပြီး ခမရ ၅၆၂ကိုပိတ်ဆို့တိုက်ခိုက်နေရာ ပိတ်ဆို့ခံထားရသည့် ခမရ ၅၆၂မှ စစ်ကောင်စီ ၆၀ခန့် လက်နက်ချခဲ့ကြပြီး အချို့မှာလည်း ထွက်ပြေးကြကြောင်း သိရသည်။

    ခမရ ၅၆၂မှ ပြန်လည်တိုက်ခိုက်နေသူများနှင့် AAတို့ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး ယနေ့ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အရာရှိစစ်သည်တချို့ စတင်ထွက်ပြေးမှုများရှိကြောင်း သိရသည်။