မံစီမြို့ရှိ စစ်ကောင်စီလက်ကျန် တပ်ရင်းသုံးရင်းစလုံးကို KIA နှင့်မဟာမိတ်များကသိမ်းပိုက်နိုင်ပြီဟု ကနဦးသတင်းရရှိ
မံစီမြို့နယ်မှ စစ်တပ်လက်ကျန်တပ်ရင်းသုံးရင်းကို KIA နှင့် ပူးပေါင်းတပ်များက အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာ ၄ ရက်တွင် မံစီမြို့အပြင်တွင်ကျန်နေသော ခမရ(၆၀၁)၊ ခမရ(၃၁၉) တပ်ရင်းနှင့် အမြောက်တပ် (၅၂၃)တပ်ရင်း တို့ကိုပါ KIA နှင့် မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ( ဒီဇင်ဘာ ၂၅ရက်နေ့) တွင် အဆိုပါတပ်ရင်း သုံးရင်းကို အပြီးသတ်သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု ကနဦးသတင်းရရှိကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။
ဒီဇင်ဘာလ၂၁ရက်နေ့ကတိုက်ပွဲတွင် မံစီတိုက်ပွဲကို ခုခံနေသည့် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း ပါ သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အပြင် ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းကို သိသူအချို့က ပြောသည်။
ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသည် ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ဇာတိဖြစ်ပြီး ၎င်း၏မိသားစုသည် ပြည်မြို့၊ ဗိုလ်ချုပ်လမ်းတွင် ရွှေမင်းသမီးအလှပြင်ဆိုင်ဖွင့်ထားသည်ဟု မြို့ခံတဦးကပြောသည်။
“အလောင်းပြန် ရမရမသိဘူး။ သေတာတော့ ဟုတ်တယ်။ အလှပြင်ဆိုင်လည်း ပိတ်ထားတယ်။ သူ့ကို မြို့ခံတော်တော်များများသိကြတော့ မြို့မှာ သတင်းလည်း ပျံ့နေတာ” ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။
ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသည် တပ်မ ၈၈ ၏ အမှတ် (၁) ဗျူဟာမှူး ဖြစ်ကြောင်းစုံစမ်းသိရသည်။
KIAသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်တိုက်ခိုက်နေပြီး ဗန်းမော်အခြေစိုက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ကို လက်နက်ချရန်သတိပေးထားသည်ဟု ဒေသခံအချို့ကပြောသည်။ စကခ(၂၁) စကခမှူးသည် ဗိုလ်မှူးချုပ်တင်မင်းလတ်ဖြစ်သည်။ ဗိုလ်မှူးချုပ်တင်မင်းလတ်သည် ၂၀၁၆နှင့် ၂၀၁၇က ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောဒေသတွင် ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှု၌ အဓိကတာဝန်ရှိသူများအနက်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
စကခ (၂၁)အပြင် တပ်မ (၈၈)မှ တပ်ရင်း နှစ်ရင်း ၊ တပ်မ (၉၉)မှတပ်ရင်း နှစ်ရင်းကိုလေကြောင်းမှစစ်ကူပို့၍ စုစုပေါင်း တပ်ရင်း ၂၀ ကျော်ဖြင့် ခုခံျနသည်။ဗန်းမော်မြို့သို့စစ်ကောင်စီက စစ်ကူများကိုလေကြောင်းမှ ဆက်တိုက်ဖြည့်တင်းနေသော်လည်း စစ်တပ် တပ်ရင်းနှင့်တပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။
စစ်တပ်ကလေကြောင်းမှ အဓိကပစ်ကူပေးနေသည်။ ဒီဇင်ဘာ ၂၄ ရက် လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၅)လည်း လေကြောင်းမှထပ်မံတိုက်ခိုက်နေသည်ဟု ဗန်းမော်ဒေသခံစစ်ဘေးရှောင်များထံမှသတင်းရရှိသည်။
KIA သည် ကချင်ပြည်နယ်တွင် အနည်းဆုံးမြို့ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။
Leave a Reply