Category: News

  • မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ

    မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ

    ငွေကျပ် သိန်း ၃၀၀၀ တောင်းလို့ ငွေပေးပြီး ပြန်ရွေးပေမယ့် အလောင်းသာ ပြန်ရဟုဆို

    မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ ငွေညှစ်ခံရပြီးနောက် သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။

    လွန်ခဲ့တဲ့ နှစ်ရက်ခန့်က မန္တလေးမြို့ရှိ နေအိမ်ကနေ ဆေးရုံကို အသွားမှာ မီနီအိုးဝေနဲ့ ပြန်ပေးဆွဲ ဖမ်းခေါ်ခံရပြီး ငွေကျပ်သိန်း ၃၀၀၀ တောင်းလို့ ငွေလွှဲပေးခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်း လမ်းဘေး စွန့်ပစ်ထားတဲ့ ဆရာဝန်ရဲ့ အလောင်းကို ပြန်တွေ့ရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။

    “မနက်ပိုင်း ဆေးခန်းအသွားမှာ ပြန်ပေးဆွဲ ခံရပြီး အသတ် ခံလိုက်ရတာပါ။ သိန်း ၃၀၀၀ ပေးလိုက်ရတယ်လို့ ကြားပါတယ်။ အလောင်းကို ဒီနေ့ မနက် ၄ နာရီလောက်မှာ (မန္တလေး – ကန်တော်ကြီး) ကန်ပတ်လမ်းဘက်မှာ ပြန်တွေ့တာပါတဲ့” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက ဆေးရုံသွားရင်း ပျောက်ဆုံးသွားတာလို့ ကြားသိရပြီး ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ အလောင်း ပြန်တွေ့လို့ သင်္ဂြိုဟ်လိုက်ပြီလို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

    ဆရာဝန်သေဆုံးတာ မှန်ကန်ကြောင်း မိသားစုဝင်နဲ့ မိတ်ဆွေတွေက လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

    “မိုးလင်းလင်းချင်းကြားလိုက်ရတာ စိတ်မချမ်းသာစရာ RIP ပါဆရာ။ Case တွေ အတူတူလုပ်ခဲ့ဖူးတဲ့ တော်ပြီး သဘောကောင်းတဲ့သူမို့ ပိုပြီး နှမြောမိ ယူကြုံးမရဖြစ်ရပါတယ်” လို့ လုပ်ဖော်ကိုင်ဘက် တစ်ဦးက ဆိုပါတယ်။

    သေဆုံးသူ လူငယ် ဆရာဝန်ဟာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲက နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ OG (သားဖွား) ဆရာဝန်တစ်ဦး ဖြစ်ပြီး သတ်ဖြတ်မှု ကျူးလွန်သူဟာ လုပ်ငန်းခွင်တူ ဆေးရုံက ဝန်ထမ်း ဖြစ်တယ်လို့ သတင်းထွက်နေသလို အဲ့ဒီ ကျူးလွန်သူကို စစ်အုပ်စုက ဖမ်းမိထားပြီလို့ သတင်းထွက်နေပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။

    “(ပြန်ပေးဆွဲမှု) လုပ်ခိုင်းတဲ့သူက သူနဲ့အသိ ဆရာဝန်လို့လည်း ကြားပါတယ်။ ငွေကြေးကိစ္စကြောင့်လို့ ကြားတယ်။ လူမိုက် ငှါးပြီး ပြန်ပေးဆွဲ၊ ပိုက်ဆံတောင်းတာ လက်လွန်သွားတာလို့ ကြားပါတယ်” လို့ အရပ်ထဲမှာ သတင်းပြန့် နေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး ပြန်ပေးဆွဲ ငွေညှစ်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေလည်း မန္တလေးမှာ မကြာခဏ ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ပျူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ ငွေးသောက်အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

    သေဆုံးသူကို တွေ့ရစဉ်/Photo – ပေးပို့

  • နပခ အတွင်း ပိတ်မိနေသည့် စစ်ဆေးဗိုလ်ဆရာဝန်များ  AA ထံလက်နက်ချ

    နပခ အတွင်း ပိတ်မိနေသည့် စစ်ဆေးဗိုလ်ဆရာဝန်များ AA ထံလက်နက်ချ

    စစ်ခေါင်းဆောင်က စစ်ဆရာဝန်များပါ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမည်ဟုပြောနေစဥ် နပခ အတွင်း ပိတ်မိနေသည့် စစ်ဆေးဗိုလ်ဆရာဝန်များ AA ထံလက်နက်ချ

    နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ် လာပါက စစ်ဆရာဝန်များသည်လည်း ခြေလျင်စစ် သည်များနှင့်အတူ စစ်ဆင်ရေးတာဝန်ကိုပါ ထမ်းဆောင်ရမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

    ဒီဇင်ဘာ ၁၈ ရက်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)သင် တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲများတွင် လိုအပ်လာပါက စစ်ဆရာဝန်များပါ ဝင်ရောက်တိုက်ခိုက်ပေးရန် လိုအပ်ပြီး စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ရမည်ဟု သင်တန်းဆင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

    စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့များသည် တိုက်ပွဲအတွင်း၌ဖွဲ့စည်းပုံပျက်၍ ကစဉ့်ကလျားထွက် ပြေး၊ သေဆုံးမှုများနှင့် အလံဖြူထောင်အညံ့ခံမှုတို့ကြောင့် တပ်တွင်း စိတ်ဓာတ်ပျက်ပြားကာ စစ်ခေါင်း ဆောင်ကိုယ်တိုင် သင်တန်းဆင်းဗိုလ်လောင်းများနှင့် တပ်ရင်းများသို့ သွားရောက်ကာ ယခုလိုစည်းရုံးပြော ဆိုနေရမှုများရှိကြောင်း သိရသည်။

    “အရင်ကတည်းကတော့ ဆေးဗိုလ်တွေက ရှေ့တန်း ထွက်ရပါတယ်။ ဆေးတပ်စုမှူးအနေနဲ့။ ခုကတော့ တိုက်ပွဲဝင်ဖို့အတွက်ကိုပါ ဆေးတပ်ရင်းက ဆေးဗိုလ် တွေကို စစ်သင်တန်းပေးနေတာ အရင်လတွေကတည်းကပဲ။ ကပစတပ်၊ ထောက်ပို့တပ်တွေက အင်အားတွေအပြင် ဆေးတပ်ကအင်အားတွေပါ ထုတ်သုံးနေရတဲ့ သဘောပါ”ဟု တပ်သတင်းရင်းမြစ် က ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်ဆေးဗိုလ် DSMA အမှတ် ၂၄ သင်တန်းဆင်းများကို တိုက်ပွဲဝင်နိုင်ရန် အထူးတပ်ခွဲမှူး(တိုက်ခိုက်ရေး)က မှော်ဘီတပ်ရင်းတွင် သင်တန်းပေးနေမှုများရှိကြောင်း သိရသည်။

    ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က နေ့လည်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့ နပခ အတွင်းမှ ပိတ်မိ နေသည့် စစ်ဆေးဗိုလ် ဆရာဝန်အယောက် ၃၀ ခန့် AA ထံသို့ အလံဖြူထောင်လက်နက်ချခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ-စစ်ကောင်စီ

    ပုံစာ-တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)သင် တန်းဆင်းပွဲ

  • မန္တ​လေးမှာ ည ၈ နာရီ​ကျော်ရင်အပြင်မထွက်ဖို့ ရဲ​တွေက နီးစပ်ရာကိုသတိ​ပေး​နေ

    မန္တ​လေးမှာ ည ၈ နာရီ​ကျော်ရင်အပြင်မထွက်ဖို့ ရဲ​တွေက နီးစပ်ရာကိုသတိ​ပေး​နေ

    မန္တလေးမြို့မှာ ည၈နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့ စစ်​ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကနီးစပ်ရာ​တွေကိုသတိပေးထားတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

    စစ်မှုထမ်းအတွက်ပေါ်တာဆွဲမှုတွေဆက်တိုက်ဖြစ်လာပြီးတဲ့နောက်မှာ မြို့နယ်ရဲမှူးတွေကိုယ်တိုင်က နီးစပ်ရာကိုသတိပေးတာတွေပြုလုပ်နေသလို ဝန်ထမ်းအိမ်ယာထဲကမိသားစုတွေကိုယ်တိုင်လည်း အပြင်မထွက်ကြဖို့သတိပေးထားတယ်လို့ နီးစပ်သူတွေဆီကနေသိရပါတယ်။

    ဒီလိုသတိရပေးခံရပြီးတဲ့နောက် ချမ်းအေးသာစံမြို့နယ်မှာ ည၇နာရီဆိုရင် စတိုးဆိုင်၊အထည်ဆိုင်တွေအားလုံးပိတ်ကြပြီး ည၈နာရီမာရှယ်လော(စစ်အုပ်ချုပ်​ရေး)ဆိုပြီး ပြန်ကြရတယ်လို့ စျေးဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။

    “ကျွန်မတို့ကို ရဲမှူးသမီးကိုယ်တိုင်ဖုန်းဆက်သတိပေးတာ။ည၈နာရီနောက်ပိုင်းအပြင်မထွက်ဖို့ကို။အခုစျေးထဲမှာ ည၈နာရီဆိုလူမရှိတော့ဘူး”လို့ စျေးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးကပြောပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတိပေးချက်မှာတော့ မာရှယ်လောထုတ်ထားတယ်လို့သတိပေးတာမျိုးမဟုတ်ဘဲ မီးပျက်တဲ့အချိန်နဲ့ ည၈နာရီနောက်ပိုင်းတွေမှာအပြင်မထွက်ကြဖို့၊အကယ်၍ စစ်မှုထမ်းဖိုသာ ဆွဲခံရပါက ယခုအချိန်မှာငွေဘယ်လောက်ပေးပေးပြန်ထုတ်လို့ မရနိုင်တာမို့ ဂရုစိုက်ကြဖို့ကိုသတိပေးထားတာလို့ ဒုရဲတပ်ကြပ်အမျိုးသမီးတဦးကပြောပါတယ်။

    မန္တလေးမြို့မှာ စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပြီး မြို့အစွန်တွေမှာတော့ နေအိမ်တွေနဲ့အလုပ်ရုံ၊စက်ရုံတွေထဲအထိ အဓမ္မ ဝင်ဆွဲတာတွေဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။

    စစ်မှုထမ်းအပတ်စဥ်၈အတွက် အမျိုးသားလိုအပ်ချက်တွေများနေပြီး စစ်တပ်ကစိုးမိုးထားနိုင်တဲ့​ဒေသတွေမှာ ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပါတယ်။

    အခုအခါ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာလူငယ်​တွေကိုစစ်မှုထမ်းဖို့ ပိုမိုဖမ်းဆီး​ခေါ်​ဆောင်​နေပြီး​တော့ ဒီဇင်ဘာလ(၁)ရက်နေ့က​နေ (၁၅) ရက်နေ့ အထိ နှစ်ပတ်အတွင်းမှာမန္တ​လေးမြို့မှ လူငယ် (၁၂၅)ဦး မတရားဖမ်ဆီးခံရတယ်လို့မန္တလေး သပိတ်အင်အားစုကအသိ​ပေးထားပါတယ်။​ မြေပြင်မှာ ဒီအ​ရေအတွက်ထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ် ။

    စစ်အုပ်စုကစစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး နေ့/ည မချိန်မရွေး ဖမ်းဆီးတာ ၊ ညအချိန်မတော် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာ​​တွေဆက်တိုက်လုပ်​နေတာမို့ မန္တလေးမြို့နေ့ လူငယ်လူထုအနေနဲ့အချိန်မတော် အပြင်သွားတာ ၊ မလိုအပ်ပဲ ခရီးသွားတာ၊ ပျော်ပွဲရွှင်ပွဲ ​တွေကို သွားလာတာ​တွေကို တတ်နိုင်သမျှရှောင်ကြဉ်ကြဖို့လည်း မန္တလေးသပိတ်အင်အားစုကတိုက်တွန်းထားပါတယ် ။

  • ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်

    ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်

    ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ

    မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် မြကံ‌သာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၁ ပါး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် ကား ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    အလားတူ ယနေ့ နံနက် ၉ နာရီခန့်တွင် ထန်းပင်ကုန်းကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ရွာထဲ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    “ပုသိမ်ကြီးမြို့နယ် မြကံ‌သာကျေးရွာကို ဒီနေ့ ၇ နာရီလောက်က စစ်ခွေးနဲ့ လက်နက်ကြီး ၄ လုံးနဲ့ ရမ်းသမ်း ပစ်ခတ်လို့ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရတယ်။ နောက်ပြီး နံနက် ၉ နာရီလောက်မှာလည်း ထန်းပင်ကုန်းကျေးရွာကို စစ်ခွေးတွေ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ❗️MDY❗️

    ပုသိမ်ကြီးမြို့နယ် မြကံ‌သာကျေးရွာသို့ ယနေ့မနက်(၇)နာရီ၀န်းကျင်မှစ၍ စကစမှ လက်နက်ကြီး၄လုံးဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိပါသည်။ထိုပစ်ခတ်မှုကြောင့် ဦးဇင်း(၁)ပါး ထိခိုက်ဒဏ်ရာ ရကြောင်း သတင်းရရှိပါသည်။ထို့ပြင်ထန်းပင်ကုန်းကျေးရွားသို့လည်း ယနေ့မနက်၉နာရီဝန်းကျင်တွင်လည်း ဂျက်ဖိုက်တာဖြင့် Asပြုလုပ်သွားကြောင်းသိရှိရသည်။

    VOMDY

  • စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

    ယမန်နေ့ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်တွင် ပြုလုပ်သော အမှတ် ၅၂ စစ်ဆေး ဗိုလ်လောင်းသင်တန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    တပ်မတော်ဆရာဝန်များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်သောကြောင့် အမိန့်နာခံမှု ကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် လက်ရုံးတပ်ဖြစ်သည့် စစ်ဆေးဆရာဝန်များနှင့် ဆေးတပ်သားများကို ရှေ့တန်းစစ်မြေပြင်များတွင် စစ်တိုက်ခိုက်နေသဖြင့် စစ်ဆရာဝန်နှင့် ဆေးတပ်သားများ ထွက်ပြေးမှုများ များပြားနေကြောင်း၊ ထို့ပြင် စစ်ဆေးဆရာဝန်နှင့်ဆေးတပ်သားများ ရှေ့တန်းတွင် သေဆုံးမှုများလည်း များပြားခဲ့သည်။

    စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်များသို့ စစ်ဆေးဆရာဝန်များ စေလွှတ်လာခြင်း၊ စစ်ဆေးတပ်များမှ အရာရှိနှင့်သူနာပြုများ ထွက်ပြေးမှုများ များပြားလာခြင်း အပါအဝင် လူအင်အား မလုံလောက်ခြင်းတို့ကြောင့် ယခုနှစ်ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းတက်နေသော အပတ်စဉ် ၅ ခုမှ စစ်ဆေးရာရှိများကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္တီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထားခဲ့ကြောင်း စစ်ဆေး အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

    စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ၊ နှင့် ၃၂ မှ ဘွဲ့လွန်သင်တန်းတက်နေသော စစ်ဆေးဆရာဝန်များအားလုံးကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ စစ်ကောင်စီက အတင်းအကျပ် စေလွှတ်ခဲ့ပြီး သွားရောက်ခိုင်းရာတွင် အရပ်၀တ်ဖြင့် လုံခြုံရေးမပေးဘဲ သွားရောက်ခဲ့ကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    စစ်တပ်ဆေးတပ်မှ အရာရှိဆရာဝန်များ၊ စစ်သားများကို ရှေ့တန်းသို့ ဆက်တိုက် စေလွှတ်နေသဖြင့် စစ်ဆေးတပ်အတွင်း စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်များ အပေါ် မကျေနပ်မှုများ ကြီးထွားနေကြောင်း၊ စစ်အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်အထိ စစ်ဆေးတပ်များမှ စစ်ဆေးဆရာဝန်နှင့် သူနာပြုများမှာ ထွက်ပြေးမှုများ ဆက်လက် များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။