မန္တလေးမြို့မှာ ည၈နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကနီးစပ်ရာတွေကိုသတိပေးထားတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
စစ်မှုထမ်းအတွက်ပေါ်တာဆွဲမှုတွေဆက်တိုက်ဖြစ်လာပြီးတဲ့နောက်မှာ မြို့နယ်ရဲမှူးတွေကိုယ်တိုင်က နီးစပ်ရာကိုသတိပေးတာတွေပြုလုပ်နေသလို ဝန်ထမ်းအိမ်ယာထဲကမိသားစုတွေကိုယ်တိုင်လည်း အပြင်မထွက်ကြဖို့သတိပေးထားတယ်လို့ နီးစပ်သူတွေဆီကနေသိရပါတယ်။
ဒီလိုသတိရပေးခံရပြီးတဲ့နောက် ချမ်းအေးသာစံမြို့နယ်မှာ ည၇နာရီဆိုရင် စတိုးဆိုင်၊အထည်ဆိုင်တွေအားလုံးပိတ်ကြပြီး ည၈နာရီမာရှယ်လော(စစ်အုပ်ချုပ်ရေး)ဆိုပြီး ပြန်ကြရတယ်လို့ စျေးဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။
“ကျွန်မတို့ကို ရဲမှူးသမီးကိုယ်တိုင်ဖုန်းဆက်သတိပေးတာ။ည၈နာရီနောက်ပိုင်းအပြင်မထွက်ဖို့ကို။အခုစျေးထဲမှာ ည၈နာရီဆိုလူမရှိတော့ဘူး”လို့ စျေးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးကပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတိပေးချက်မှာတော့ မာရှယ်လောထုတ်ထားတယ်လို့သတိပေးတာမျိုးမဟုတ်ဘဲ မီးပျက်တဲ့အချိန်နဲ့ ည၈နာရီနောက်ပိုင်းတွေမှာအပြင်မထွက်ကြဖို့၊အကယ်၍ စစ်မှုထမ်းဖိုသာ ဆွဲခံရပါက ယခုအချိန်မှာငွေဘယ်လောက်ပေးပေးပြန်ထုတ်လို့ မရနိုင်တာမို့ ဂရုစိုက်ကြဖို့ကိုသတိပေးထားတာလို့ ဒုရဲတပ်ကြပ်အမျိုးသမီးတဦးကပြောပါတယ်။
မန္တလေးမြို့မှာ စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပြီး မြို့အစွန်တွေမှာတော့ နေအိမ်တွေနဲ့အလုပ်ရုံ၊စက်ရုံတွေထဲအထိ အဓမ္မ ဝင်ဆွဲတာတွေဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။
စစ်မှုထမ်းအပတ်စဥ်၈အတွက် အမျိုးသားလိုအပ်ချက်တွေများနေပြီး စစ်တပ်ကစိုးမိုးထားနိုင်တဲ့ဒေသတွေမှာ ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပါတယ်။
အခုအခါ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့ ပိုမိုဖမ်းဆီးခေါ်ဆောင်နေပြီးတော့ ဒီဇင်ဘာလ(၁)ရက်နေ့ကနေ (၁၅) ရက်နေ့ အထိ နှစ်ပတ်အတွင်းမှာမန္တလေးမြို့မှ လူငယ် (၁၂၅)ဦး မတရားဖမ်ဆီးခံရတယ်လို့မန္တလေး သပိတ်အင်အားစုကအသိပေးထားပါတယ်။ မြေပြင်မှာ ဒီအရေအတွက်ထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ် ။
စစ်အုပ်စုကစစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး နေ့/ည မချိန်မရွေး ဖမ်းဆီးတာ ၊ ညအချိန်မတော် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာတွေဆက်တိုက်လုပ်နေတာမို့ မန္တလေးမြို့နေ့ လူငယ်လူထုအနေနဲ့အချိန်မတော် အပြင်သွားတာ ၊ မလိုအပ်ပဲ ခရီးသွားတာ၊ ပျော်ပွဲရွှင်ပွဲ တွေကို သွားလာတာတွေကို တတ်နိုင်သမျှရှောင်ကြဉ်ကြဖို့လည်း မန္တလေးသပိတ်အင်အားစုကတိုက်တွန်းထားပါတယ် ။
Leave a Reply