Category: News

  • မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ မရပ်မချင်း အာဆီယံ ရပ်တည်ချက်မပြောင်း

    မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ မရပ်မချင်း အာဆီယံ ရပ်တည်ချက်မပြောင်း

    မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မရပ်တန့်မချင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှာမဟုတ်သလို အာဆီယံရဲ့ ရပ်တည်ချက် ပြောင်းလဲမှာမဟုတ်ဘူးလို့ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာပရဲညို လာဇာရိုက ပြောပါတယ်။

    ဖေဖော်ဝါရီ ၆ ရက်က စင်ကာပူနိုင်ငံမှာ ISEAS – Yusof Ishak Institute ကစီစဉ် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ မစ္စလာဇာရိုကပြောကြားခဲ့တာလို့ The Straits Times စင်ကာပူ သတင်းစာမှာဖော်ပြပါတယ်။

    အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို မူဝါဒအခြေခံအဖြစ် ဆက်လက်ကိုင်စွဲထားတယ်လို့လည်း သူက ထပ်လောင်းအတည်ပြုပါတယ်။

    မစ္စလာဇာရိုက “ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ဆက်ရှိနေမှာပါ” လို့ ပြောပါတယ်။

    စစ်ကောင်စီကတော့ သူတို့ရဲ့ ရွေးကောက်ပွဲအပြီးမှာ အခြေအနေတွေ ပိုကောင်းလာနိုင်တယ်လို့ ရှုမြင်ပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ အပြောင်းအလဲတွေကို လက်တွေ့မမြင်ရမချင်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    အာဆီယံရဲ့ ရပ်တည်ချက်ကို ပြန်လည်စဉ်းစားဖို့ ဘယ်လိုအခြေအနေတွေက တွန်းအားဖြစ်စေနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ လာဇာရိုက အကြမ်းဖက်မှုတွေ ရပ်တန့်သွားခြင်းက အဓိကအချက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံတွင်းမှာတော့ အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး ရွာမီးရှို့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စလာဇာရိုဟာ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ကို သွားရောက်ကာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သလို တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း ဖိလစ်ပိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က စစ်ကောင်စီနဲ့ ပိုမိုလက်တွေ့ကျကျ ထိတွေ့ဆက်ဆံဖို့ ချဉ်းကပ်မှုတွေ ရှိနေပေမဲ့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ လက်ရှိ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း လာဇာရိုက အခိုင်အမာပြောထားပါတယ်။

    လက်ရှိမှာလည်း မြန်မာစစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် အခုနှစ်မှာ ရရှိရမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခွင့် လက်လွှတ်ခဲ့ရပါတယ်။

    ဒါ့အပြင် အာဆီယံအနေနဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားပြီး နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ နိုင်ငံခြားရေး အရာရှိတွေပဲ တက်ရောက်ခွင့်ပြုထားပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈၊ ဇန်နဝါရီ ၁၁ နဲ့ ဇန်နဝါရီ ၂၅ ရက်တို့မှာ ၃ ကြိမ်ခွဲ ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ တဖက်သတ် ရွေးကောက်ပွဲမှာတော့ စစ်တပ်ကျောထောက် နောက်ခံပြု ကြံ့ဖွံ့ပါတီက အနိုင်ရပြီး အစိုးရဖွဲ့ပြင်ဆင်နေပါတယ်။

    အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ စစ်ကောင်စီရဲ့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

    Source: The Straits Times

  • ကုလသမဂ္ဂအထွေထွေညီလာခံ နိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေရဟု  မင်းအောင်လှိုင် ထုတ်ပြော

    ကုလသမဂ္ဂအထွေထွေညီလာခံ နိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေရဟု မင်းအောင်လှိုင် ထုတ်ပြော

    ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များက မြန်မာစစ်တပ်ကို အသိအမှတ်မပြုဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သစ္စာဖောက်သွား၍ ကုလသမဂ္ဂအထွေထွေညီလာခံ နိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေရဟု မင်းအောင်လှိုင် ထုတ်ပြော

    အာဆီယံကလည်း မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားဟု စစ်ခေါင်းဆောင် ညဉ်းတွား

    ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များက မြန်မာစစ်တပ်ကို အသိအမှတ်မပြုဘဲ မြန်မာအမြဲတမ်းကိုယ်စား လှယ် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)ကလည်း သစ္စာဖောက်သွား၍ အထွေထွေညီလာခံနိုင်ငံရေးစင်မြင့်တွင် ပြော ရေးဆိုခွင့်ဆုံးရှုံးနေရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြောပြောဆိုသည်။

    ယမန်နေ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက၍ သွားရောက် တရားရင်ဆိုင်ခဲ့သည့် ကိုကိုလှိုင်နှင့်အဖွဲ့ကို ဂုဏ်ပြုပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ICJ တရားရုံးက ဆက်သွယ်လာကြောင်း၊ စစ်တပ်အနေဖြင့် အမှုကို ဆက်လက် ဆက်ခံ ဆောင်ရွက်သင့်၊ မသင့် အကျေအလည် ဆွေးနွေးခဲ့ပြီး ဆက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းအချိန်ကာလ နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေး အခြေအနေကို ပြန်ပြောင်း လေ့လာမည်ဆိုပါက မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပဖိအားများနှင့် စိန်ခေါ်မှုများ များပြားနေခဲ့သည့်အချိန်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် မိမိတို့အစိုးရကို တရားဝင်အသိအမှတ်ပြုရန် တွန့်ဆုတ်နေခဲ့ကြပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ပါ မြန်မာအမြဲတမ်းကိုယ်စားလှယ်(သံအမတ်ကြီး ဦးကျော်မိုးထွန်း) အနေဖြင့် သစ္စာဖောက်ဘက်ပြောင်းသွားသည့်အတွက် နိုင်ငံတကာစင်မြင့်၌ ပြောရေးဆိုခွင့် ဆုံးရှုံးနေရသည့်အချိန်ဖြစ်ကြောင်း၊ အလားတူ အာဆီယံတွင်လည်း မြန်မာအစိုးရ ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားခြင်းခံရသည့် အချိန်လည်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်​ ပြောဆိုသည်။

    ပြည်တွင်း၌လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်ပျံ့နှံ့နေသကဲ့သို့ မင်းမဲ့စရိုက် ဆန်သည့်ဆူပူမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြင်းထန်နေခဲ့သည့်အချိန်လည်းဖြစ်ကြောင်း၊ ထိုကဲ့သို့အချိန်ကာလတွင် ယင်းအမှုကိုဆက်ခံပြီး ဆောင်ရွက်ပါက ဖြစ်လာနိုင်သည့် အလားအလာကို အကောင်းအဆိုးအကျိုးအပြစ်များကို လေ့လာချိန်ဆပြီးမှ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆုံးဖြတ်ရသည့် အဓိက အကြောင်းအရင်းမှာ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် မြန်မာဘက်က ဆက်ခံဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ အမှုကိစ္စကို တရားပြိုင်ဘက်က မပါဝင်ဘဲလည်း တစ်ဖက်သတ် စစ်ဆေးသွားနိုင်ပါကြောင်း၊ ထိုကဲ့သို့ တစ်ဖက်သတ်စစ်ဆေးခဲ့ပါက တစ်ဖက်သတ်အချက်အလက်များကိုသာ ရယူစစ်ဆေးမည်ဖြစ်၍ မလိုလားအပ်သည်များဖြစ်လာနိုင်ကြောင်း၊ ထိုသို့ဆိုပါက မြန်မာနိုင်ငံအနေဖြင့် သမိုင်းတစ်လျှောက် ဖျောက်မရသည့် ဂုဏ်သိက္ခာအမည်းစက်ကြီး စွန်းထင်းသွားမည်ဖြစ်သကဲ့သို့ နောက်ဆက်တွဲအနေဖြင့် အခြားမလိုလားအပ်သည့်ကိစ္စများ ဆက်လက်တွဲပါလာနိုင်ကြောင်း၊ ထို့ကြောင့် ယင်းအချိန်ကာလအခြေအနေများအရ အကောင်းဆုံးဖြေရှင်းချက်အဖြစ် အဆိုပါနည်းလမ်းကို ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ရှင်းလင်း ပြောဆိုသည်။

    အမှန်ဆိုပါက ICJ တရားရုံးတွင် မြန်မာနိုင်ငံက ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ယခုအမှုသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ကိုစွဲဆိုခြင်း မဟုတ်ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို စွဲဆိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၊ ပြည်သူလူထုနှင့် နိုင်ငံအစိုးရတို့အပါအဝင် တစ်နိုင်ငံလုံးကို တရားပြိုင်အဖြစ် စွဲဆိုတာဖြစ်သဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာ၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အထူးအရေးပါသည့် ကိစ္စတစ်ရပ်လည်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

    ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွဲဆိုခဲ့သော အမှုမှာ ယခုအခါ မြန်မာနှင့်ဂမ်ဘီယာတို့ နှစ်နိုင်ငံလျှောက်လှဲချက်များ အဆုံးသတ်သွားပြီးနောက် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန် အချိန်ရောက်ရှိသွားပြီဖြစ်သည်။

    ဇန်နဝါရီ ၂၉ ရက်နေ့ နယ်သာလန်နိုင်ငံ ၊ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် နှစ်နိုင်ငံ အပြီးသတ် လျှောက်လှဲချက်များ ကြားနာတင်ပြကြပြီးနောက် ICJ တရားရုံး အနေဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်များမှာ လူမျိုးတုံးသတ်ဖြတ်မှု (genocide) အဖြစ် သတ်မှတ်နိုင်၊ မသတ်မှတ်နိုင် ဆိုသည့် အလွန်အရေးပါသော စီရင်ချက်ကို စီရင်ဆုံးဖြတ်ရမည့် အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

    လများစွာကြာ ဆွေးနွေးကြားနာမှုများ ပြုလုပ်ပြီးနောက် ယင်းအမှုကို ယခုအခါ လူထုရှေ့မှ ဖယ်ရှားကာ ICJ တရားသူကြီးများအကြား ဆွေးနွေးဆုံးဖြတ်မှု အဆင့် သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။

  • နေပြည်တော်၌ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်သည့် အမျိုးသားကို ဖမ်းမိ

    နေပြည်တော်၌ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်သည့် အမျိုးသားကို ဖမ်းမိ

    နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်စကားများရန်ဖြစ်ရာကနေ မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားကို ဖေဖော်ဝါရီ ၅ ရက် ညပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

    ကျူးလွန်ပြီးနောက် ထွက်ပြေးနေတဲ့ ဦးဝင်းဇော်ဦး ကို ရဲတွေက ပိတ်ဆို့ရှာဖွေဖမ်းဆီးတာမှာ နေပြည်တော်-မြို့သစ်ကံပြားလမ်းမှာ ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “လူသတ်မှုဖြစ်ကတည်းက ရဲတွေက ဥတ္တသီရိမြို့ထဲမှာ လိုက်ရှာတာမတွေ့ဘူး။ မနေ့က မင်းကုန်းရွာသားတယောက်က ကံပြားလမ်းဆုံမှာတွေ့လို့ ရဲစခန်းကိုဖုန်းဆက်လိုက်လို့ မိသွားတာ။ စခန်းမှာတော့ စစ်ဆေးနေတယ်” လို့ပြောပါတယ်။

    ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ ဦးဝင်းဇော်ဦးက နေအိမ်ဘုရားခန်းရှေ့မှာအိပ်နေတဲ့ ဇနီးဖြစ်သူ ဒေါ်ပူစူးမကို ထင်းခွဲဓားမနဲ့ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပါတယ်။

    လတ်တလောမှာ ဦးဝင်းဇော်ဦးကို ဥတ္တသီရိမြို့နယ်ရဲစခန်းက (ပ) အမှတ် ၇၁ /ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ် သတင်းရင်းအမြစ်တွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၂၄ ရက်ကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ မြောက်ပိုင်းမှာ လင်မယားချင်းစကားများရန်ဖြစ်ပြီး ယောကျ်ားဖြစ်သူက မိန်းမကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

  • ဟင်္သာတတွင် ကျောင်းသားများအား အိမ်သာနံရံရှိ ရွှံ့စေးများကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမ

    ဟင်္သာတတွင် ကျောင်းသားများအား အိမ်သာနံရံရှိ ရွှံ့စေးများကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမ

    ဟင်္သာတမြို့ အလက လက်ပံစု (​နောက်) ကျောင်းမှာ အလယ်တန်းပြဆရာမက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းသားတွေကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့က စစ်ဆေးနေ

    ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အလက လက်ပံစု (​နောက်) ကျောင်းမှာ အလယ်တန်းပြဆရာမက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းသားတွေကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့က စစ်ဆေးနေတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၃၀ ရက်က အလက လက်ပံစု(နောက်) စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ်တန်းပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့ရှိသွားပြီး ရွှံ့ပေအောင်လုပ်တဲ့သူ မေးမရတဲ့အတွက် ကျောင်းသားတွေကို ခေါ်ပြီး လျှာနဲ့ လျက်ခိုင်းခဲ့တာကြောင့် မိဘတွေက သိရှိပြီးနောက် စုပေါင်းတိုင်ကြားလို့ ဖေဖော်ဝါရီ ၂ ရက်မှာ မြို့နယ်အဆင့် ပညာရေးမှူးရုံး စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတာလို့ သိရပါတယ်။

    ပညာရေးဝန်ထမ်းတယောက်က “ခရိုင်အထိ တိုင်ကြားမှုရှိလို့ ခရိုင်က ညွှန်ကြားချက်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပါတဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတာ။ ကျောင်းကို ကွင်းဆင်းစစ်ဆေးတာ။ ကလေးတွေကို လျှာနဲ့လျက်ခိုင်းတဲ့ ဆရာမနဲ့ ကျောင်းသားတွေပါ စစ်ဆေးခဲ့တာ” လို့ ပြောပါတယ်။

    ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ်တန်းပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က ကျောင်းသား အယောက် ၃၀ ကျော်ကို လျှာနဲ့လျက်ခိုင်းတာအပြင် မိဘ ပြန်မပြောကြဖို့၊ ပြန်ပြောခဲ့ပါက ကျောင်းရောက်လာတဲ့အခါ ရိုက်နှက်မယ်လို့ပါ ကျောင်းသားတွေကို ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

    ဒေသခံ ကျောင်းသားမိဘတယောက်က “လုံးဝလက်မခံနိုင်တဲ့လုပ်ရပ်မို့ တိုင်တာပါ။ စစ်ဆေးတဲ့ အဖွဲ့ ကနဦး စစ်ဆေးသွားတာ။ စာမေးပွဲတွေရှိတာကြောင့် စစ်ဆေးတာကို ခဏရပ်ထားပြီး ဆက်စစ်မယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ဆရာမကို ထိရောက်တဲ့ အရေးယူမှု လုပ်တဲ့အထိ လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် နှစ်ဆုံးစာမေးပွဲတွေ ရှိတာကြောင့် စစ်ဆေးမှုလုပ်ငန်းတွေကို ခေတ္တဆိုင်းငံ့ထားမှာဖြစ်ပြီး စာမေးပွဲတွေပြီးဆုံးပါက ခရိုင်အဆင့် တာဝန်ရှိတဲ့သူတွေပါတဲ့ အဖွဲ့က ဆက်လက်စစ်ဆေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

    နှစ်ဆုံးစာမေးပွဲတွေကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး အလက လက်ပံစု(နောက်) စာသင်ကျောင်းမှာ စတင်ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

  • ဘွဲ့ယူပြီးပြန်လာတဲ့ သားငယ်လေးရဲ့ ရင်နင့်စရာ မိဘဆီ အပြန်လမ်း

    ဘွဲ့ယူပြီးပြန်လာတဲ့ သားငယ်လေးရဲ့ ရင်နင့်စရာ မိဘဆီ အပြန်လမ်း

    “ဘွဲ့ယူပြီးမှ အိမ်ပြန်လာမယ်… အိုမင်းလာတဲ့ မိဘတွေကို ကိုယ်တိုင် ပြန်လုပ်ကျွေးတော့မယ်” ဆိုသည့် ကတိစကားသည် ယခုတော့ လေထဲမှာပင် ပျောက်ကွယ်သွားခဲ့ရပါပြီ။

    ဝေးလံသော အရပ်မှနေ၍ ပညာဗဟုသုတများကို ဆည်းပူးရင်း မိဘတို့၏ အားကိုးရာဖြစ်ရန် ကြိုးစားနေသည့် မောင်လေးတစ်ယောက်၏ အိမ်အပြန်လမ်းသည် အိမ်မရောက်ခင် လမ်းခုလတ်မှာတင် ရက်စက်စွာ အဆုံးသတ်သွားခဲ့ရသည်။

    နေပြည်တော် ရေဆင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မောင်လေးသည် မိဘများနှင့် မဆုံတွေ့ရသည်မှာ (၃) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိဘကို လွမ်းသော်လည်း “ပညာရေးနှောင့်နှေးမည်စိုး၍” ဟူသော စိတ်ဖြင့် အထီးကျန်စွာ ကြိုးစားနေခဲ့သူ ဖြစ်သည်။

    ယခုနှစ်သည် သူ၏ ပညာသင်နှစ် နောက်ဆုံးနှစ် (Final Year) ဖြစ်သကဲ့သို့၊ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်ရန် လက်တစ်ကမ်းအလို အချိန်လည်း ဖြစ်သည်။

    မိဘလက်ထဲသို့ ဘွဲ့လက်မှတ်လေး ထည့်ပေးကာ ကန်တော့မည်ဟု အားခဲထားသည့် သူ၏ အိပ်မက်များသည် ဆိုင်ကယ် မတော်တဆမှု (Accident) ဟူသော စကားတစ်ခွန်းအောက်တွင် ပြာပုံဖြစ်သွားခဲ့ရသည်။

    “အမေနဲ့ အဖေ့ကို သတိရတယ်” ဟု ခဏခဏ ပြောတတ်သော ကလေးငယ်သည် ယခုတော့ လွမ်းနေရသည့် မိဘများနှင့် လူချင်းမဆုံနိုင်တော့ဘဲ တစ်ဖက်ဘဝသို့ ကူးပြောင်းသွားခဲ့ရပြီ။

    ဆိုင်ကယ်မတော်တဆမှုသည် လူငယ်တစ်ယောက်၏ အနာဂတ်ကိုသာမက မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်တိုင်ကိုပါ ရိုက်ချိုးပစ်လိုက်သကဲ့သို့ ရှိတော့သည်။

    ရည်မှန်းချက်ကြီးပြီး လိမ်မာလွန်းသည့် မောင်လေးအတွက် ကျန်ရစ်သူ မိသားစုနှင့် ရေဆင်းတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ သူငယ်ချင်းများအားလုံးက နှမြောတသ ဝမ်းနည်းနေကြရသည်။

    မောင်လေး၏ နောက်ဆုံးခရီးကို ဝိုင်းဝန်းကူညီပေးကြသူ အားလုံးအား ကျေးဇူးတင်ရှိရင်း မောင်လေးအနေဖြင့် နောင်ဘဝများတွင် ယခုကဲ့သို့ ပူဆွေးမှုမျိုး မကြုံရဘဲ မိမိဖြစ်ချင်သည့် ဆန္ဒများ ပြည့်ဝရာ ဘုံဘဝတွင် အေးချမ်းစွာ အနားယူနိုင်ပါစေဟုသာ ဆုတောင်းပေးလိုက်ရပါသည်။