Category: News

  • ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်

    ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်

    အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်ဟုဆိုကာ ဆီမရောင်းတော့၊ ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေ ၁ ကျပ်သား ၁၁၃ သိန်းဖြင့် စံချိန်တင် စျေးတက်ပြီး စျေးကွက်ရပ်ဆိုင်းနေ

    အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်တို့၏ စစ်ပွဲများကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစျေးကွက်သို့ပါ ရိုက်ခတ်မှုများရှိလာနေပြီး စက်သုံးဆီ အရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်သည်ဟုဆိုကာ ဆီမရောင်းချမှုများ ကြုံတွေ့နေရကြောင်း ရန်ကုန်နှင့်မန္တလေးမှ ပြည်သူတချို့က ပြောဆိုသည်။

    645432928 1289182579976012 4073057248936806279 N

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ပြီး စတင်ခဲ့သော အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေစျေးနှင့် ရေနံစျေးနှုန်းများ မြင့်တက်လာသည့်နည်းတူ မြန်မာနိုင်ငံအတွင်းလည်း ရိုက်ခတ်မှုများရှိလာကြောင်း၊ လတ် တလော စစ်တပ်၏ ထိန်းချုပ်မှုများကြောင့် ပြည်တွင်း စက်သုံးဆီ စျေးနှုန်းမတက်သော်လည်း ရေရှည်တွင် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများမြင့်တက်ခြင်း၊ ရေနံစိမ်းထုတ်လုပ် သယ်ယူမှုများ နှောင့်နှေးခြင်းတို့ကြောင့် စျေးနှုန်း မြင့်တက်လာမည်မှာ သေချာကြောင်း၊ ထို့ကြောင့် ရန်ကုန်နှင့်မန္တလေးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီကို ထိန်း၍ ရောင်းချလာကြောင်း သိရှိရသည်။

    “မနေ့က ညပိုင်း ရန်ကုန်မှာ စက်သုံးဆီဆိုင်တွေ စောစောပိတ်သွားတယ်။ အရင် အတော်နောက်ကျမှ ပိတ်တဲ့ဆိုင်တွေပါ စောစောပိတ်သွားတာ။ မနက်စောစော မနက် ၅ နာရီလောက် ဆီသွားထည့်တော့ ဆီမရသေးဘူးဆိုပြီး ပြန်လွှတ်တယ်။ မနက် ၆ နာရီလောက်မှ ပြန်လာဆိုပြီးသွားတော့ ကားတန်းကြီး ဖြစ်နေတယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် ဆီတန်းစီခဲ့ရသော ယာဉ်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

    644656285 1289182673309336 4962395216397246744 N

    လတ်တလော ရန်ကုန်တွင် ယခင်ကဲ့သို့ ဆီပြတ်လပ်မှု ဆိုးဆိုးရွားရွား မဖြစ်သေးသော်လည်း စိုးရိမ်မှုများကြောင့် ဆီဝယ်ယူသော ကားများ ယခင်ထက်ပိုမိုများပြားလာကြောင်း ယာဉ်ပိုင်ရှင်တချို့က ဆိသည်။

    မန္တလေးမြို့တွင်လည်း စက်သုံးဆီအရောင်းဆိုင်များတွင် ယခင်ထက် ပိုမို၍ ဆီဝယ်ယူသည့်ကားနှင့်ဆိုင်ကယ်များ များပြားလာနေပြီး ဆီဆိုင်တချို့က ဆီကုန်သွားပြီဟုဆိုကာ ပြန်လွှတ်မှုများရှိကြောင်း၊ သို့ရာတွင် စက်သုံးဆီများ ဝယ်ယူ၍ ရနေဆဲဖြစ်ပြီး အခြေအနေ မဆိုးသေးကြောင်း မန္တလေးမြို့ခံတစ်ချို့ကဆိုသည်။

    သို့ရာတွင် နယ်မြို့များဖြစ်သည့် တာချီလိတ်၊ ကျိုင်းတုံ ၊ ဘားအံ အပါအ၀င် နယ်မြို့ကြီးများတွင်မူ ဆီတန်းစီမှုများကို ပြန်လည်မြင်တွေ့နေရပြီဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    644250433 1289182633309340 3811000807078185437 N

    အခြားတစ်ဖက်တွင်လည်း အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၄၀၀ ဝန်းကျင်အထိ တက်လာသဖြင့် ပြည်တွင်း ရွှေစျေးနှုန်းမှာလည်း လိုက်ပါ မြင့်တက်လာကြောင်း၊ သို့ရာတွင် ပြည်တွင်းစျေးကွက်မှာ ပုံမှန် စျေးကွက် မရှိဘဲ နားလည်မှုဖြင့်သာ ကြိုက်ရောင်းကြိုက်ဝယ် မှောင်ခို စျေးကွက်ဖြစ်ထွန်းနေကြောင်း၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၁၃ သိန်းဖြင့် စံချိန်တင် စျေးတက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

    “စျေးကွက်မရှိဘူး။ ပစ္စည်းက ဝယ်ချင်ရင် မရဘူး။ ရောင်းချင်ရင်တော့ ညှိနှိုင်းပြီးသွားရောင်းလို့ရတယ်။ စျေးက တအားတက်တော့ တစ်စိမ်းဆိုရင် ဘယ်သူမှ အရောင်းအဝယ်မလုပ်ရဲဘူး” ဟု ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

    အမေရိကန်ဒေါ်လာစျေးနှုန်းမှာမူ တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ ဝန်းကျင်ရှိပြီး စျေးနှုန်းတက်ရန် အလားအလာများနေကြောင်း စျေးကွက်ကျွမ်းကျင်သူကုန်သည်များနှင့်ဝယ်ရောင်းများက သုံးသပ် ပြောဆိုသည်။

    ဓာတ်ပုံ- ယနေ့ နံနက်အစော ရန်ကုန်တွင် စက်သုံးဆီတန်းစီနေသော ကားတန်းနှင့် နယ်မြို့ ကျိုင်းတုံတွင် ဆီတန်းစီဝယ်ယူနေမှုများ။

  • တပေါင်းလပြည့်‌နေ့ မန္တလေးပေါ်တော်မူဘုရားငါးဆူ အနောက်ဘက် မြစ်ဆိပ်တွင် စပါးအုံးမြွေကြီးလေးကောင်  လာရောက်

    တပေါင်းလပြည့်‌နေ့ မန္တလေးပေါ်တော်မူဘုရားငါးဆူ အနောက်ဘက် မြစ်ဆိပ်တွင် စပါးအုံးမြွေကြီးလေးကောင် လာရောက်

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ပေါ်တော်မူဘုရားငါးဆူ၏ အနောက်ဘက် မြစ်ဆိပ်အနီးတွင် ယ‌နေ့ မတ် ၂ ရက်(တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းက စပါးအုံးမြွေကြီး(၄)ကောင်ကို တွေ့ရှိရ‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။

    644917908 1243905754587855 5181976189711462437 N

    အဆိုပါ မြွေကြီးများကို တွေ့ရှိရသူများ၏ ဆက်သွယ်အကူအညီတောင်းလာသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကူညီဖမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုပါသည်။

    ပေါ်တော်မူဘုရားငါးဆူသည် ၂၀၀၈ ခုနှစ်ဝန်းကျင်က ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သည့် စကျင်ကျောက်အမျိုးအစား ပေါ်တော်မူဘုရားဆင်းတုတော်များဖြစ်ပြီး မြစ်ကမ်းဘေး၌ ဂန္ဓကုဋိတိုက်ဖြင့် ပူဇော်ထားရှိခဲ့ခြင်းဖြစ်သည်။

    643909164 1243905757921188 3653834531620767395 N

    ယခု စပါးအုံးမြွေကြီးများသည် ဘုရားဖူးလာမြွေကြီးများဖြစ်နိုင်ကြောင်း ဒေသခံများက ထင်မြင်ပြောဆိုနေကြသည်။

  • လွတ်ငြိမ်းသက်သာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထား

    လွတ်ငြိမ်းသက်သာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထား

    အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းသက်သာခွင့်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထား

    အကြမ်းဖက်စစ်တပ်က ယနေ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့တွင် လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့်များကို ထုတ်ပြန်ခဲ့သော်လည်း ယင်းထုတ်ပြန်မှုများတွင် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ မပါဝင်ဘဲ ရည်ရွယ်ချက်ရှိရှိ ချန်ထားရစ်ကြောင်း သိရှိရသည်။

    ယနေ့ အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၅ ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်များအနက်မှ အမိန့်အမှတ် ၅/၂၀၂၆ မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြစ် ကြောင်း၊ ယင်းပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်မှာ အမှုအမျိုးမျိုးဖြင့် ကျခံနေရသော ပြစ်ဒဏ်များအနက်မှ ၆ ပုံ ၁ ပုံ သက်သာခွင့်ပြုခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပြစ်ဒဏ်သက်သာခွင့်မပြုသော အမှုများ စွာကို ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို မတရား ပုဒ်မတပ် အရေးယူထားသော သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများများကို လွတ်ငြိမ်းသက်သာခွင့်မပြုဟု ဖော်ပြထားရာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထားခဲ့ကြောင်း သုံးသပ်ပြောဆိုကြသည်။

    “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး သမားတွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တာပါ။ မကြာမီ သူတို့ကို လွှတ်ပေးရမှာပါ” ဟု စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှု၂ခု၊ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) စသည့် ပုဒ်မများစွာဖြင့် အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျော် ချမှတ်ထားသည်။

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှုပုဒ်မများ၊ သဘာဝဘေးစီမံခန့်ခွဲရေး ပုဒ်မများအပါအ၀င် ပုဒ်မများစွာဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ချမှတ်ထားသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့ လက်ရှိ သူတို့ ထုတ်ပြန်တဲ့ အမိန့်တွေကို ဖတ်ကြည့်ရသလောက်ကတော့ အဲဒီလိုသဘောတရားမျိုးတွေ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ အကျုံးမဝင်သလိုဖြစ်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးကာ မတရား အဓမ္မ စစ်အာဏာသိမ်းယူခဲ့ခြင်းဖြစ် သည်။

  • ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊  True Green City စက်ရုံတွင်  တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို  ရိုက်နှက်

    ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ True Green City စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို ရိုက်နှက်

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City ကော်စေ့ စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်အလုပ်သမားက စက်ရုံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးကို ရိုက်နှက်ခဲ့မှုအပေါ် တရားဥပဒေနှင့်အညီ အရေးယူရေး လုပ်ဆောင်နေကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUM မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တရုတ်နိုင်ငံသား ကျွမ်းကျင် နည်းပညာ Technician ဝန်ထမ်း က မြန်မာအလုပ်သမားကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ခံရသူ မြန်မာအမျိုးသမီး အလုပ်သမားကို တရုတ်အလုပ်သမားက မာကျောသော အရာဝတ္ထုဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရိုက်နှက်ခံရ၍ လှည့်ကြည့်ရာတွင် တရုတ်နိုင်ငံသားက ထပ်မံဆောင့်တွန်းခဲ့ကြောင်း သိရှိရသည်။

    “အခုအခြေအနေက တရားရုံးရောက်နေပါပြီ။ STUM က Legal Aid ပိုင်း ကူညီပေးနေပါတယ်။မတ် လ ၁၂ ရက်နေ့ ရုံးချိန်းပါ” ဟု STUM မှ တာဝန်ရှိသူက ပြောကြားသည်။

    မြန်မာနိုင်ငံဥပဒေအရ နိုင်ငံခြားသား မန်နေဂျာများက မြန်မာနိုင်ငံသား အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခွင့် မရှိကြောင်း၊ ထို့ပြင် ရိုက်နှက်မှုမှာ EC စာချုပ်ပါ ပုဒ်မ ၁၇ အပိုဒ် က ပါ ပိုဒ်ခွဲ ၂ နှင့် ၃ ကို ချိုးဖောက်မှု ရှိ၍ ဥပဒေအတိုင်း အရေးယူပေးရန် ရိုက်နှက်ခံရသူမြန်မာအလုပ်သမားက တောင်းဆိုထားကြောင်း သိရှိရသည်။

    “နိုင်ငံခြားသား မန်နေဂျာတွေ က မြန်မာနိုင်ငံက အလုပ်သမားကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရှိဘူး။ အဲ့ဒါကိုတိုက်ရိုက်အုပ်ချုပ်တော့ ပြဿနာတက်တာပေါ့။ ဒါလေးကိုစက်ရုံတွေ သတိထားဖို့လိုပါမယ်” ဟု STUM မှ တာဝန်ရှိသူက ပြောဆိုသည်။

    မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများ၊ သစ်အချောထည်စက်ရုံများအပါအဝင် ကုန်ထုတ်စက်ရုံအများစုမှာ တရုတ်နိုင်ငံသားများက ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး အဆိုပါစက်ရုံများတွင် တ ရုတ်များက မြန်မာ အလုပ်သမားများကို လုပ်ခလစာသက်သာစွာဖြင့် ခေါ်ယူအသုံးပြုကြောင်း၊ သို့ရာတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း အလုပ်သမားအရေးလှုပ်ရှားသူတချို့က ပြောဆိုသည်။

  • အမေရိကန်-အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှင့်ရွှေစျေး ထိုးတက်ပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေ

    အမေရိကန်-အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှင့်ရွှေစျေး ထိုးတက်ပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေ

    အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီနေ့ တနင်္လာနေ့ (မတ်လ ၂ ရက်) ဈေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပြီး စတော့ဈေးကွက်တွေလည်း အထိနာခဲ့ပါတယ်။

    ရေနံစိမ်း ဈေးနှုန်းဟာ ၆ ဒသမ ၄ ရာခိုင်နှုန်းလောက်အထိ မြင့်တက်ခဲ့ပြီး တစ်စည်ကို ၇၇ ဒသမ ၅၇ ဒေါ်လာ ဖြစ်သွားပါတယ်။ ဈေးကွက်အဖွင့်မှာဆိုရင် ခေတ္တခဏအတွင်း ၈၂ ဒေါ်လာအထိတောင် ရောက် သွားခဲ့ပါသေးတယ်။ အမေရိကန်ရေနံစိမ်း ဈေးနှုန်းကလည်း ၆ ဒသမ ၂ ရာခိုင်နှုန်းတက်ပြီး တစ်စည်ကို ၇၁ ဒသမ ၁၇ ဒေါ်လာ ဖြစ်လာပါတယ်။

    နိုင်ငံတကာမှာ စစ်ရေးတင်းမာမှုတွေကြောင့် လူတွေက စိတ်ချရတဲ့ ရွှေကိုပဲ ဝယ်စုလာကြလို့ ရွှေဈေးဟာလည်း ၁ ဒသမ ၆ ရာခိုင်နှုန်းတက်ပြီး တစ်အောင်စကို ၅,၃၆၀ ဒေါ်လာအထိ ဖြစ်သွားပါတယ်။

    အခုအချိန်မှာ အားလုံးက ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ငါးပုံတစ်ပုံ စီးဆင်းရာ ဟော်မုဇ်ရေလက်ကြားကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

    ရေလမ်းကြောင်းကို ပိတ်ဆို့ထားတာမျိုး မရှိသေးပေမဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ရေနံတင် သင်္ဘောတွေဟာ ရေလက်ကြားရဲ့ ဟိုဘက်ဒီဘက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

    ကျွမ်းကျင်သူတွေရဲ့ အဆိုအရ လက်ရှိမှာ တစ်နေ့ကို ရေနံစည်ပေါင်း ၁၅ သန်းလောက် ဈေးကွက်ထဲကို မရောက်နိုင်ဘဲ ပိတ်မိနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

    စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ခက်ခဲသွားမှာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြပါတယ်။ စင်ကာပူ စတော့ရှယ်ယာစျေးကွက်(STI)ကတော့ အာရှမှာ အကျဆုံးဖြစ်ခဲ့ပြီး ၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

    ဂျပန် (Nikkei)ရှယ်ယာစျေးကွက်က လည်းအကျဘက်ကို ထိုးဆင်းနေပါတယ်။ ဂျပန်ဟာ သူတို့သုံးတဲ့ ရေနံ ၉၅ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းကနေ ရနေတာဖြစ်လို့ ဂျပန်စတော့ဈေးကွက်ဟာလည်း ၁ ဒသမ ၃၈ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီစစ်ပွဲဟာ နောက်ထပ် ၄ ပတ်လောက်အထိ ကြာနိုင်ပြီး အမေရိကန်ရဲ့ ရည်မှန်းချက်တွေ မပြည့်မချင်း ဆက်တိုက်သွားမယ်လို့ ဆိုထားပါတယ်။ ဒီအတိုင်းသာ ရေနံဈေးတွေ ဆက်တက်နေမယ်ဆိုရင် ကမ္ဘာတစ်ဝန်း ကုန်ဈေးနှုန်းကြီးမြင့်မှု (Inflation) တွေ ပြန်ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးနေကြပါတယ်။