မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ပေါ်တော်မူဘုရားငါးဆူ၏ အနောက်ဘက် မြစ်ဆိပ်အနီးတွင် ယနေ့ မတ် ၂ ရက်(တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းက စပါးအုံးမြွေကြီး(၄)ကောင်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။

အဆိုပါ မြွေကြီးများကို တွေ့ရှိရသူများ၏ ဆက်သွယ်အကူအညီတောင်းလာသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကူညီဖမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုပါသည်။
ပေါ်တော်မူဘုရားငါးဆူသည် ၂၀၀၈ ခုနှစ်ဝန်းကျင်က ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သည့် စကျင်ကျောက်အမျိုးအစား ပေါ်တော်မူဘုရားဆင်းတုတော်များဖြစ်ပြီး မြစ်ကမ်းဘေး၌ ဂန္ဓကုဋိတိုက်ဖြင့် ပူဇော်ထားရှိခဲ့ခြင်းဖြစ်သည်။

ယခု စပါးအုံးမြွေကြီးများသည် ဘုရားဖူးလာမြွေကြီးများဖြစ်နိုင်ကြောင်း ဒေသခံများက ထင်မြင်ပြောဆိုနေကြသည်။


Leave a Reply