Category: News

  • AA နှင့်တိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက သီဟသူရဘွဲ့ ချီးမြှင့်

    AA နှင့်တိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက သီဟသူရဘွဲ့ ချီးမြှင့်

    ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က ပွိုင့်-၆၆၆ စခန်းအနီးမှာ အာရက္ခတပ်တော် (AA) ရဲ့ ချေမှုန်းခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက အမြင့်ဆုံးဆုတခုဖြစ်တဲ့ သီဟသူရဘွဲ့ကို ချီးမြှင့်လိုက်တယ်လို့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။

    စစ်ကောင်စီက သီဟသူရဘွဲ့ ပေးအပ်ခဲ့တဲ့ ဗိုလ်မှူး ဝေယံလင်းဟာ ပန်းတောင်းမြို့နယ်က ပွိုင့်-၆၆၆ စခန်းကုန်းကို ဒီဇင်ဘာ ၂၂ ရက်က အင်အားဖြည့်တင်းဖို့ သွားရောက်ကြတာမှာ AA ရဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဗိုလ်မှူးဝေယံလင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၅၃ ဆင်းဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ လွိုင်ကော်အခြေစိုက် ဒေသစစ်ဆင်ရေးဌာနချုပ်တို့မှာ စစ်ဦးစီးအရာရှိ- G3 တာဝန် ထမ်းဆောင်ဖူးသူဖြစ်တယ်လို့ စစ်တပ်အသိုက်အဝန်းက ပြောကြပါတယ်။

    ပွိုင့်-၆၆၆ စခန်းကုန်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက် ထိန်းချုပ်ထားပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဝန်းရံပိတ်ဆို့ခံနေရပြီး စစ်ကောင်စီက အင်အားနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်ဖို့ ကြိုးပမ်းတဲ့အခါတိုင်းမှာ ချေမှုန်းခံနေရတာပါ။

    ပွိုင့်-၆၆၆ စခန်းကုန်းကို အောက်တိုဘာလအတွင်း AA က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

    ပန်းတောင်းမြို့နယ်က ညောင်ကျိုး၊ မိုးထိ၊ ပန်းကန်ကွဲစခန်းတွေ အပါအဝင် တပ်စခန်း ၅ ခုထက်မနည်းကို AA က သိမ်းပိုက်ထားပြီး လက်ရှိအချိန်အထိလည်း ပန်းတောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

  • စစ်တွေတွင် စစ်ကားတစ်စီးကို AA က ဒရုန်းဖြင့်တိုက်ခိုက်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးသွားဟုဆို

    စစ်တွေတွင် စစ်ကားတစ်စီးကို AA က ဒရုန်းဖြင့်တိုက်ခိုက်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးသွားဟုဆို

    ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်၏ စစ်ကားသုံးစီးအနက် တစ်စီးသည် အာရက္ခတပ်တော်(AA)က ဒရုန်းဖြင့်ပစ်ခတ်မှု‌ကြောင့် ထိမှန်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။

    စစ်တွေမြို့ပြင်ကျေးရွာအနှံ့အပြားတွင် စစ်ကော်မရှင်တပ်၏ စစ်ကားများသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သိန်းတန်ကျေးရွာဘက်ကို ကင်းလှည့်နေစဉ် AA က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တစ်စီးထိမှန်သွားခဲ့သည်ဟု သိရသည်။

    ထိမှန်သွားသည့်ကားပေါ်တွင်ပါလာသည့် ရဲသုံးဦးပွဲချင်းပြီးသေဆုံးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ရဲအချို့ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ကင်းလှည့်တဲ့ကားပေါ်မှာက ရဲရော၊ စစ်သားရောအမြဲပါတယ်။ မြို့ပြင်ကရွာတွေဖက်ကိုလှည့်။ အဓိက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းနဲ့နီးစပ်တဲ့နေရာတွေကို အများလှည့်တာပေါ့။ အဲဒီမှာ AA ဖက်က ဒရုန်းနဲ့ပစ်လိုက်တာ။ ရဲသုံးယောက်သေတယ်။ ဒဏ်ရာလည်း ရတယ်။ သိရတာက သိန်းတန်ဖက်ကို ကင်းလှည့်တာလို့ကြားတယ်။ စစ်သားတွေလည်း ထိခိုက်ဒဏ်ရာရတယ်”ဟု ပြောသည်။

    ယင်းသို့ AA ၏တိုက်ခိုက်မှုကြောင့် အထိနာတိုင်း စစ်ကော်မရှင်တပ်ဘက်က စစ်တွေမြို့အနီး AA ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များကို လက်နက်ကြီးကျည်များ၊ ဒရုန်းများ၊ စက်သေနတ်များဖြင့် နေ့ညမပြတ် ပိုမိုတိုက်ခိုက်လာသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အထိနာတိုင်း လက်နက်ပစ်ခတ်သံ ပိုထွက်တယ်။ နေ့ရော၊ ညပါ အသံကြားရတယ်။ တစ်ရက်နှစ်ရက်လောက် နည်းနည်း လက်နက်ပစ်ခတ်သံလျော့တယ်။ နောက် အထိနာတာက တမျိုး။ AA ရန်ကိုကြောက်တာက တမျိုးနဲ့။ လက်နက်မျိုးစုံနဲ့ AA ထိန်းချုပ်ထားတဲ့မြို့တွေကို ပစ်တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်တပ်သည် စစ်တွေ မြို့နယ်တွင် ရေချမ်းပြင်၊ ကျားမသောက်၊ သိန်းတန်၊ ရာတန်၊ ရွှေမင်းဂံ ရေတပ်စခန်း၊ အမြင့်ကျွန်း စသည့် မြို့ပြင်နေရာအနှံ့အပြားတွင် ကင်းလှည့်မှုများအမြဲပြုလုပ်လျက်ရှိကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများသည် AA ရှိနိုင်သည်ဟု ယူဆထားသော ဝါဘိုကျေးရွာအနီးထိ မသွားလာရဲသော်လည်း သိန်းတန်ရွာဖက်တွင် စစ်ကြောင်းထိုးလှုပ်ရှားမှုများကို ပိုမိုပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

    ထိုသို့စစ်ကြောင်းထိုးရာတွင် လေကြောင်းပစ်ကူ၊ ဒရုန်းနှင့် အမြောက်ပစ်ကူယူနေရသည်ဟု ဒေသခံစစ်ရေးရင်းမြစ်များက ပြောသည်။

    စစ်တွေမြို့ခံများသည်လည်း ယခုနောက်ပိုင်း ညဉ့်အချိန်၌ မြို့ပြင်ဖက်မှ စက်သေနတ်ပစ်ခတ်သံများကိုပါ အဆက်မပြတ်ကြားလာရကြောင်း သိရသည်။

  • တော်လှန်ရေးအဖွဲ့များ စုစည်းပြီး စစ်အင်အားကြီးထွားအောင် ဆက်လုပ်မည်ဟု KIO ဥက္ကဋ္ဌပြော

    တော်လှန်ရေးအဖွဲ့များ စုစည်းပြီး စစ်အင်အားကြီးထွားအောင် ဆက်လုပ်မည်ဟု KIO ဥက္ကဋ္ဌပြော

    ဘုံရန်သူတူ၊ စနစ်တူတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးနဲ့ အင်အားစုစည်းပြီး စုစည်းစစ်အင်အား အရှိန်အဟုန်ကြီး ဖြစ်ပေါ်လာအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

    ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအခြေအနေအရ ဒေသတချို့ကို အနိုင်ရ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က အင်အားသုံး တန်ပြန်ထိုးစစ်တွေ ဆက်တိုက်လုပ်လာတာကြောင့် ခုခံကာကွယ်စစ်တွေကို အဓိက ဆင်နွှဲခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီတိုက်ပွဲတွေကြောင့် တော်လှန်ရေးရဲဘော်တွေ၊ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူတွေဘက်ကလည်း ထိခိုက်သေဆုံးမှုနဲ့ အသက်ပေး စတေးမှုတွေ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူ့နေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ဒေသခံပြည်သူတွေ အများအပြား သေဆုံးနေရတယ်လို့လည်း KIO ခေါင်းဆောင်က ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့အချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းကြား သွေးကွဲအောင် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေ ဖွဲ့စည်းပေးပြီး ခြိမ်းခြောက် လှုံ့ဆော်နေတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

    ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေဟာ ဘယ်တော့မှ ရန်သူမဖြစ်ခဲ့ကြဘဲ ရန်သူရဲ့ သွေးဆောင်မှုတွေကို သတိထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီက ၂၀၀၈ ဖွဲ့စည်းပုံကို ခိုင်မာစေဖို့ ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပနေကြောင်းနဲ့ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ ကျဆုံးသွားတဲ့အထိ တော်လှန်ရေးအဖွဲ့အစည်းအားလုံး အင်အားစုစည်းပြီး မဆုတ်မနစ် လက်တွဲတိုက်ပွဲဝင်ကြဖို့ KIO ဥက္ကဋ္ဌက ပြည်သူလူထုကို တိုက်တွန်းလိုက်ပါတယ်။

  • ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် စစ်တပ်ဖြစ်ရန် ကြိုးစားနေဟု စစ်ခေါင်းဆောင် ပြော

    ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် စစ်တပ်ဖြစ်ရန် ကြိုးစားနေဟု စစ်ခေါင်းဆောင် ပြော

    တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့တွေ အများကြီး သိမ်းဆည်းခံထားရပေမဲ့ စစ်ကောင်စီတပ်ကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စစ်တပ်ဖြစ်အောင် ကြိုးစားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

    ဇန်နဝါရီ ၄ ရက် မနေ့ နေ့လယ်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်က “ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရသဖြင့် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် မိမိတို့စစ်တပ်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်သည့် Standard Army ဖြစ်အောင် တည်ဆောက်နေတယ်” လို့ ပြောပါတယ်။

    ဒါ့အပြင် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံး အာမခံချက်ဟာ စွမ်းရည်ထက်မြက်တဲ့ ကာကွယ်ရေးစွမ်းအားစုတရပ် စစ်ကောင်စီတပ်က ပိုင်ဆိုင်ထားပြီး စွန့်လွှတ်စွန့်စားစိတ်ရှိတဲ့ အရာရှိ၊ စစ်သည်တွေကို ဆောင်ရွက်ပေးသင့်တာ မှန်သမျှကို စီမံဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

    စစ်ကောင်စီတပ်အတွင်း စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တွေက မိမိအာဏာတည်မြဲရေးကိုသာ စဥ်းစားပြီး လက်အောက်ငယ်သားတွေကို ပြန်မကြည့်သူ များတယ်လို့ တပ်မိသားစုဝင် တယောက်က ပြောပါတယ်။

    “စွန့်လွှတ်စွန့်စားတဲ့ အရာရှိ၊ စစ်သည် ပြန်ကြည့်တယ်ဆိုတာ အပိုပြောတာ။ ရှေ့တန်းသွားလို့ သေတာပဲဖြစ်ဖြစ်၊ ရန်သူအဖမ်းခံရတာပဲဖြစ်ဖြစ် ခေါင်းဆောင်ပိုင်းတွေက စိတ်မဝင်စားဘူး။ အဖမ်းခံရတဲ့ စစ်သုံ့ပန်း ထောင်နဲ့ချီရှိတယ်။ အဲဒီစစ်ဆင်ရေးမှာ တာဝန်ယူတဲ့ ကစထမှူးတွေဆို ကိုယ့်လက်အောက်ငယ်သားတွေရဲ့ အရေးကို ပြန်မကြည့်ဘဲ ရွေးကောက်ပွဲဝင်ကြတယ်။ အာဏာတည်မြဲရေးက သူတို့အတွက် အဓိကပဲ” လို့ သုံးသပ်ပြောဆိုပါတယ်။

    မြန်မာနိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်အင်အားစုတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ကြည့်ပါက စစ်ကောင်စီတပ် အခြေအနေမှာ လေကြောင်းအားသာချက်သာရှိလို့ ပြည်ပကျူးကျော်စစ် ဖြစ်လာပါက စစ်တပ်အနေနဲ့ တွန်းလှန်နိုင်ဖို့ အခက်အခဲရှိတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

    “ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ မပြောနဲ့၊ ပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတောင် ဗိုလ်ချုပ်အဆင့်တွေ၊ ဗိုလ်မှူးချုပ်အဆင့်တွေ အဖမ်းခံရပြီး တိုင်းစစ်ဌာနချုပ်တွေပါ ပေးလိုက်ရတာ။ ပြည်ပနဲ့သာ စစ်ဖြစ်ရင်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါ အဖမ်းခံရနိုင်တယ်။ ပြည်တွင်းမှာတောင် အားကိုးစရာ လေတပ်ရှိနေလို့ အခုထိ ခံသာနေတာ။”

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ နှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့ ရာနဲ့ချီ သိမ်းဆည်းနိုင်ခဲ့ပြီး ဗိုလ်ချုပ်အဆင့်ကနေ တပ်သားအဆင့်အထိ စစ်သုံ့ပန်း ထောင်နဲ့ချီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

  • ပဲခူး-ရခိုင်အစပ် AA နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နဲ့ချီပြီးသေဆုံ

    ပဲခူး-ရခိုင်အစပ် AA နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နဲ့ချီပြီးသေဆုံ

    ပဲခူးတိုင်း-ရခိုင်ပြည်အစပ် ပန်းတောင်း- တောင်ကုတ် ကားလမ်းပေါ်ရှိ လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းတိုက်ပွဲအတွင်းဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နှင့် ချီပြီးသေဆုံးသွားကာ အများအပြားကိုလည်း အာရက္ခတပ်တော်(AA) က ဖမ်းဆီးမိထားကြောင်း သတင်းရရှိသည်။

    မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သေတာကတော့ပုံနေတယ်။ အဲ့ဒီအထဲမှာ ဗိုလ်မှူးအဆင့်တစ်ဦးပါတယ်။ သူတို့ကအခုတပ်မ တံဆိပ်တွေကိုသိပ်မတပ်ဘူး။ ယူနီဖောင်းတွေမှာဘယ်တပ်ရင်းကလဲတော့အတိကျမပြောနိုင်ပေမယ့် ဗိုလ်မှူးပါတယ်ဆိုတာမှန်တယ်။ အနည်းဆုံးတော့စစ်သားက ၅၀ နဲ့ ၆၀ ဝန်းကျင်သေတယ်။ အလောင်းတွေကပြန့်ကြဲနေတယ်”ဟု ပြောသည်။

    အဆိုပါ ဗိုလ်မှူးအပါအဝင် စစ်သားများသည် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်နေ့အတွင်း AA ဦးဆောင်သည့် မဟာမိတ်တပ်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သေဆုံးသွားခဲ့သူများဖြစ်ကြသည်ဟု ဆိုသည်။

    ၎င်းအပြင်ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်တပ်၏တပ်ဖွဲ့ဝင်အများအပြားကိုလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။

    “ဖမ်းမိတာတွေတော်တော်များနေပြီ။ ဒါပေမယ့်တပ်တော်က မထုတ်ပြန်သေးတော့ အတိကျပြောဖို့ခက်တယ်။ အခုစစ်ပွဲတွေမှာစစ်တပ်က ပြည်သူ့စစ်အင်အားလည်းတအားသုံးထားတယ်။ လူငယ် အသက်၂၀ကျော်ဝန်းကျင်တွေကများတယ်။ ၃၀ ကျော်အရွယ်လူလတ်ပိုင်းတွေလည်းပါတယ်” ဟု ပြောသည်။

    လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းအနီးတွင် ဇန်နဝါရီ ၃ ရက်နေ့ကနေ ၄ ရက်နေ့ အထိ ၂ ရက် ဆက်တိုက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

    AA နှင့်ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည်ထိုးစစ်ဆင်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအပြင်းအထန်ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။