ပဲခူးတိုင်း-ရခိုင်ပြည်အစပ် ပန်းတောင်း- တောင်ကုတ် ကားလမ်းပေါ်ရှိ လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းတိုက်ပွဲအတွင်းဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နှင့် ချီပြီးသေဆုံးသွားကာ အများအပြားကိုလည်း အာရက္ခတပ်တော်(AA) က ဖမ်းဆီးမိထားကြောင်း သတင်းရရှိသည်။
မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သေတာကတော့ပုံနေတယ်။ အဲ့ဒီအထဲမှာ ဗိုလ်မှူးအဆင့်တစ်ဦးပါတယ်။ သူတို့ကအခုတပ်မ တံဆိပ်တွေကိုသိပ်မတပ်ဘူး။ ယူနီဖောင်းတွေမှာဘယ်တပ်ရင်းကလဲတော့အတိကျမပြောနိုင်ပေမယ့် ဗိုလ်မှူးပါတယ်ဆိုတာမှန်တယ်။ အနည်းဆုံးတော့စစ်သားက ၅၀ နဲ့ ၆၀ ဝန်းကျင်သေတယ်။ အလောင်းတွေကပြန့်ကြဲနေတယ်”ဟု ပြောသည်။
အဆိုပါ ဗိုလ်မှူးအပါအဝင် စစ်သားများသည် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်နေ့အတွင်း AA ဦးဆောင်သည့် မဟာမိတ်တပ်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သေဆုံးသွားခဲ့သူများဖြစ်ကြသည်ဟု ဆိုသည်။
၎င်းအပြင်ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်တပ်၏တပ်ဖွဲ့ဝင်အများအပြားကိုလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။
“ဖမ်းမိတာတွေတော်တော်များနေပြီ။ ဒါပေမယ့်တပ်တော်က မထုတ်ပြန်သေးတော့ အတိကျပြောဖို့ခက်တယ်။ အခုစစ်ပွဲတွေမှာစစ်တပ်က ပြည်သူ့စစ်အင်အားလည်းတအားသုံးထားတယ်။ လူငယ် အသက်၂၀ကျော်ဝန်းကျင်တွေကများတယ်။ ၃၀ ကျော်အရွယ်လူလတ်ပိုင်းတွေလည်းပါတယ်” ဟု ပြောသည်။
လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းအနီးတွင် ဇန်နဝါရီ ၃ ရက်နေ့ကနေ ၄ ရက်နေ့ အထိ ၂ ရက် ဆက်တိုက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
AA နှင့်ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည်ထိုးစစ်ဆင်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအပြင်းအထန်ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။


Leave a Reply