Category: News

  • ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦး ဒဏ်ရာရ

    ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦး ဒဏ်ရာရ

    မကွေးတိုင်း၊ ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၅ ခန့်တွင် ရေစကြိုမြို့ရှိ ရုံးပေါင်စုံ (ထွေ/အုပ်ရုံး) ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြောက်ကျား နည်းဗျူဟာ အသုံပြု၍ ၄၀ မမ ဗုံးသီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၂ ဦးနှင့် စစ်ကောင်စီ တပ်သား၏ ဇနီး ၁ ဦး စုစုပေါင်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ မြို့ပြစစ်ဆင်ရေးကို ထပ်မံကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

    ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ တပ်စခန်းများ၊ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် ဝန်ထမ်းများရှိရာ နေရာများတွင် အနားယူခြင်းနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။

  • အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

    အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

    အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရ

    မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းကပြောကြားသည်။

    ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ် ၊ ရှမ်းတပ် ရဲစခန်း အတွင်းကို ၄၀ မမ လက်နက်ကြီး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

    “ပစ်ခတ်မှုဖြစ်ပြီးတော့ ဆေးတပ်သားတစ်ယောက်ရှိတယ်လို့တော့ ကြားတယ်။ အဲဒါနဲ့ စခန်းတွင်း မှာ ကြိတ်ပြီးတော့ ကုနေကြတာ၊ စခန်းကို လူဝင်လူထွက်မရှိအောင် လုံးဝပိတ်ချလိုက်တာ၊ တိုက်ပွဲ ဖြစ်နေတဲ့ ပုံစံမျိုး အသင့်ပြင်ထားပြီးတော့ အတွင်းထဲမှာပဲ ကုနေတာ။ အဲလိုမပိတ်ချခင် အတွင်းထဲ ကနေ ‘ဘယ်နှစ်ယောက်လောက်ထိသွားလဲ ၇ ယောက်ထိထားတယ်။ ဆေးဆေး ဆိုပြီး အလောတ ကြီးဖြစ်ပျက်နေတဲ့ အသံလောက်ပဲကြားလိုက်ရတာ အတွင်းထဲထိ သတင်းရဖို့တော့ ခက်ခဲတယ်” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။

    ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မခံရမီအချိန်ကလည်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဆေးရေးဂိတ်အမည်ခံကာ ခရီးသွားပြည်သူလူထုကို ဆက်ကြေးကောက်ခြင်း ၊ အတင်းအကြပ်ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ လုပ်ဆောင်နေသည့် စခန်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States of Burma Army – USBA တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “စခတွေဘက်က ပစ်တဲ့လက်နက်ကြီးတွေကြောင့် ထိခိုက်တဲ့ ပြည်သူတော့ မရှိပါဘူး။ ဒါမေပယ့် အ ကြမ်းဖက်စစ်ကောင်စီစခန်းအနီးအနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စခန်းအနီးအနားမှာ မနေဖို့၊ စစ် တပ်စခန်းနဲ့ မီတာ ၁၀၀ ၊ မီတာ ၂၀၀ အတွင်းမှာနေတာက အရမ်းအန္တရာယ်များတယ်၊ ကျနော်တို့ လက်နက်ခဲယမ်းတွေဆိုတာက အနီးကပ်တိုက်ပွဲမှာ အန္တရာယ်နည်းကောင်း နည်းနိုင်ပေမယ့် လက် နက်ကြီးပစ်ခတ်မှုတွေမှာဆိုရင် လူကို မထိအောင် အရမ်းကို ဂရုစိုက်ပစ်ရတာ၊ သို့သော်လည်းလွဲချော် မှုဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်မှုဖြစ်မှာ စိုးရတယ်၊ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်တပ်စခန်း အနီးအနားမှာ မနေကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ဆက်လက်ပြောဆိုသည်။

  • တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလေ့ကျင့်သင်ယူပြီးနောက် ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF ပြော

    တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလေ့ကျင့်သင်ယူပြီးနောက် ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF ပြော

    စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်၍ တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မဟာမိတ်များနှင့်အတူ စစ်ရေးများလေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်း အတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု ဧရာဝတီ PDF ထံက သိရသည်။

    အမျိူသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီ တိုင်းစစ်ဌာန AYA PDF အမှတ် (၂၉)ဗျူဟာသည် အမှတ်စဉ် (၆) အတွက် အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်းရှိ ရဲဘော်သစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။

    ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာနှင့်အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသည့် အမျိုးသမီး၊ အမျိုးသားများကို ကြိုဆိုလက်ခံလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

    ထို့အပြင် အမျိုးသမီး(စစ်မေ)များကို အထူးအလေး ထားဖိတ်ခေါ်ထားပြီး အခြေခံစစ်ပညာသင်တန်းပြီး ဆုံးသည့်အခါ အရည်အချင်းနှင့် စိတ်ပါဝင်စားမှု လုပ်နိုင်စွမ်းအပေါ်မူတည်၍ ချေမှုန်းရေး အပြင် ဗျူဟာ၏ ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာနနှင့် ရုံးလုပ်ငန်းများတွင် တာဝန်များထမ်းဆောင်ရန် ကြိုဆိုလက်ခံလျက်ရှိသည်ဟု ဆိုထားသည်။

  • ကန့်ဘလူနယ်တွင် အင်အားအလုံးအရင်းသုံး၍ ပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့် ဒေသခံ ၁၀၀ ခန့် ဖမ်းဆီးခံရ

    ကန့်ဘလူနယ်တွင် အင်အားအလုံးအရင်းသုံး၍ ပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့် ဒေသခံ ၁၀၀ ခန့် ဖမ်းဆီးခံရ

    စစ်ကောင်စီတပ်က ကန့်ဘလူနယ်တွင် အင်အားအလုံးအရင်းသုံး၍ ပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့် ဒေသခံ ၁၀၀ ခန့် ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်၊ ပျူစောထီးနှင့်ရဲများက အင်အားအလုံးအရင်းသုံးကာ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရသည်။

    စစ်ကောင်စီနှင့် ပျူပူးပေါင်း အဖွဲ့များသည် ယမန်နေ့ ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ဇီးကုန်းမြို့ပေါ်ရပ်ကွက်များ၊ နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာတို့မှ ပြည်သူ ၁၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

    “ဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ အနောက်က ပိုက်ဆံနဲ့လိုက်ထုတ်တဲ့သူများကို ရိုက်နှက်လွှတ်တယ်လို့ ပြောတယ်။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးသလိုဝင်လာပြီး အိမ်တွေထဲကနေပါ ဆွဲချပြီး ဖမ်းသွားတာ”ဟု ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။

    ကန့်ဘလူမြို့နယ်မှ မြို့နယ်ရဲမှူးအပါအဝင် အင်အား အပြည့်ပါ ရဲကားသုံးစီး ဇီးကုန်းမြို့ပေါ်သို့ ရောက်ရှိလာပြီး စစ်ကောင်စီတပ်၊ ပျူစောထီးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များကို အတင်းအဓမ္မလိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

    ထို့နောက် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာသို့ ကားများဖြင့်ဝင် ရောက်ပြီး လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကာ ဇီးကုန်းသကြားစက်အတွင်းသို့ ကားလေးစီးဖြင့်ခေါ်ဆောင်သွားကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူစောထီးခေါင်းဆောင် ဦးဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ ပြီးခဲ့သည့်ရက်ပိုင်း ဇန်နဝါရီ ၁၅ ရက်နေ့ မှစတင်၍ ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါပေါ်တာဆွဲသည့်အဖွဲ့သည် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းအတွင်းသို့ အင်အား ၅၀ ခန့်ပြန်ဝင် သွားပြီး ကျန်သည့်ပျူနှင့်ရဲအဖွဲ့များမှာ ဇီးကုန်းမြို့ စာသင်ကျောင်းအတွင်း တပ်စွဲထား ကြောင်း သိရသည်။

  • ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

    ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

    ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ ကြောင်း People’s Defense Organization – Magway Region က သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်း စစ်ကောင်စီ လက်ပါးစေ ရဲနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာ၍ လေကြောင်း ပစ်ကူ ပေးခဲ့သည့်အပြင် ကပစ ၂၄ ကလည်း ၁၂၀ မမ လက်နက်ကြီး များဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

    အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် ပကဖ တပ်ခွဲ ၃ ၊ ပေါက်မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖ တိုက်ခိုက်ရေး Y.R.F တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်း နှင့် ပေါက်+မြိုင် တပ်ပေါင်းစု တပ်ရင်း ၁ မှ တပ်ခွဲ ၁ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    “ကိုင်းလယ်ရဲစခန်းကတော့ တော်လှန်ရေးတပ်တွေ တောက်လျှောက်တိုက်နေတဲ့ စခန်းပါ။ ဘန်ကာတွေ အခိုင်အမာ၊ ကတုတ် ကျင်းတွေ အခိုင်အမာနဲ့ တည်ဆောက်ထားတော့ ဖြိုရခက်နေတယ်။ဒါပေမယ့် တော်လှန်ရေးတပ်တွေ သွားတိုက်တိုင်း အဲဒီ ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်သားနဲ့ရဲတွေ သေဆုံးဒဏ်ရာရမှုကရှိနေပါတယ်” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဒရုန်း ၆ စီး၊ ဗုံးသီး ၂၀၀ ကျော် ဆက်တိုက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။