ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ ကြောင်း People’s Defense Organization – Magway Region က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်း စစ်ကောင်စီ လက်ပါးစေ ရဲနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာ၍ လေကြောင်း ပစ်ကူ ပေးခဲ့သည့်အပြင် ကပစ ၂၄ ကလည်း ၁၂၀ မမ လက်နက်ကြီး များဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် ပကဖ တပ်ခွဲ ၃ ၊ ပေါက်မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖ တိုက်ခိုက်ရေး Y.R.F တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်း နှင့် ပေါက်+မြိုင် တပ်ပေါင်းစု တပ်ရင်း ၁ မှ တပ်ခွဲ ၁ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ကိုင်းလယ်ရဲစခန်းကတော့ တော်လှန်ရေးတပ်တွေ တောက်လျှောက်တိုက်နေတဲ့ စခန်းပါ။ ဘန်ကာတွေ အခိုင်အမာ၊ ကတုတ် ကျင်းတွေ အခိုင်အမာနဲ့ တည်ဆောက်ထားတော့ ဖြိုရခက်နေတယ်။ဒါပေမယ့် တော်လှန်ရေးတပ်တွေ သွားတိုက်တိုင်း အဲဒီ ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်သားနဲ့ရဲတွေ သေဆုံးဒဏ်ရာရမှုကရှိနေပါတယ်” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဒရုန်း ၆ စီး၊ ဗုံးသီး ၂၀၀ ကျော် ဆက်တိုက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *