Category: News

  • နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်

    နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်

    နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံး

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆီဆုံကုန်းရွာထဲ ရောက်ရှိလာစဉ် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ ၂ မှ တော်လှန်ရေး ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် လည်း တပ်ရင်း ၃၈၀၁ UAV Drone Team မှ ဗုန်းသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး တပ်ခွဲ ၂ မှ ရဲဘော်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းနေ့ နံနက် ၇ နာရီ ၁၈ မိနစ်ခန့်တွင် ဘန်းဘွေးကုန်းရွာဘက်ကို အင်အား ၃ဝ ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကြောင်းကိုလည်း ဘန်းဘွေး ကုန်းသင်္ချိုင်းကုန်းအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ဆီဆုံကုန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်သား ၃ ဦး လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်နှင့် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဆီဆုံကုန်းရွာ စာသင်ကျောင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    ယင်းနေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်လည်း ဘန်းဘွေးကုန်းရွာမှ အကြမ်းဖက် စစ်သားများနှင့် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၆ မှ ရဲဘော်များ ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လယ်မအင်းသို့ မောင်းလာသည့် စစ်ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးကို လယ်မအင်းနှင့် ကျောက်ခွက်ရွာ အကြား အိုးဘိုကုန်းရွာထိပ်တွင် တပ်ရင်း ၃၈ဝ၁ ၊တပ်ခွဲ ၂ ရဲဘော်များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုတွင် ဆိုင်ကယ်မောင်းလာသည့် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နတ်တလင်းမြို့နယ် အရှေ့ ဘန်းဘွေးကုန်း ကျေးရွာရှိ စစ်သားနှင့် ပျူစောထီးများကို တပ်ရင်း ၃၈ဝ၁ ၊တပ်ခွဲ ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ UAV Drone Team နှင့် နတ်တလင်းမြို့နယ် ပကဖတို့က ပူးပေါင်း ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ ၎င်းတို့ ပြန်လည်ခုခံခြင်းမရှိဘဲ ဘန်းဘွေးကုန်းကျေးရွာမှ ပျဉ်ပုံကျေးရွာကို ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးရဲဘော်များက ဘန်းဘွေးကျေးရွာထဲတွင် နယ်မြေရှင်းလင်းရေးများပြုလုပ်နေကြောင်း သိရှိရသည်။

    ပြည်သူကာကွယ်ရေး တပ်မတော်အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက် သွားမည်ဖြစ်သောကြောင့် ပြည်သူများကို ထိခိုက်မှုမရှိစေရန် ၎င်းတို့အနီး သွားလာ လှုပ်ရှားခြင်းမပြုလုပ်ကြရန် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောဆိုထားသည်။

  • ရှမ်းတောင်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး

    ရှမ်းတောင်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်သား ၁၀ဦးကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးမှုဖြစ်ပွားကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများမှာ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်း − ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းများမှဟု စုံစမ်းသိရသည်။

    “ဒီလ ၁၈ရက်နေ့က ထွက်ပြေးတာ။လက်နက်ခဲယမ်းတွေ အကုန်ပါသွားကြတယ်။နယ်မြေအခြေအနေအရလိုက်ရှာဖို့မလွယ်လို့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ လုပ်ခဲ့တယ်”ဟု အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)ရှိ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

    ညောင်ရွှေမြို့နယ်အခြေစိုက် ထီးရိစစ်ကောင်စီစခန်း၊ ပင်လောင်း − ဖယ်ခုံမြို့နယ်ကြားရှိ နန်းဖာမူကင်းစခန်းတို့မှ ဖြစ်ကြောင်း ၎င်းက အသိပေးသည်။

    ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြောင်းလည်း လူထုနွေဦးက စုံစမ်းသိရှိရသည်။

    “အလင်းဝင်လာကြတာ မှန်ပါတယ်။ကျွန်တော်တို့သတင်း မထုတ်ပြန်သေးဘူး”ဟု ရှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

    အာဏာသိမ်းစစ်တပ်က အဓမ္မတပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ အလင်းဝင်လာသည့်ဖြစ်စဥ် နိုင်ငံတစ်ဝန်းအများအပြားရှိလာသည်။

    ၂၀၂၄ ဒီဇင်ဘာတစ်လတည်းပင် ရှမ်းတောင်နှင့် ထိစပ်နေသော ကရင်နီပြည်နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ CDM ဌာနမှူး မင်းသားက ပြောထားသည်။

    (စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ − Getty Images)

  • ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီး ချုပ် သတိပေး

    ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီး ချုပ် သတိပေး

    တစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီးချုပ် သတိပေး

    မြန်မာတစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်သည်။

    ယမန်နေ့ ပြုလုပ်သည့် “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေး သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

    လက်ရှိ တော်လှန်ရေးမှာ ၄ နှစ်ပြည့်လာချိန်တွင် မည်သူကမှ တားဆီး၍ မရတော့ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ မြဲမြံသော အုတ်မြစ်နှင့် မျိုးဆက်သစ်များ၏ စိတ်ပိုင်းဆုံးဖြတ်မှု အရှိန်အဟုန်ကို မည်သူမှ ဖြိုဖျက် ရပ် တန့်၍ မရတော့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့် တိုက်ပွဲ ဝင်ကြမည့် ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသော စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က သတိပေးပြောဆိုသည်။

    “အခုဆိုရင် ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြိုးစားရုန်းကန်ခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ မြဲမြံသော အုတ်မြစ်နဲ့ ယနေ့ခေတ် မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဖြတ်မှု အရှိန်အဟုန်တို့နဲ့ ဘယ်သူမျှ တွန်းဖြို ရပ်တန့်လို့မရတဲ့ အင်အားစုတစ်ခုအဖြစ်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ခွန်အား လက်တွေ့ကျတဲ့ အုပ်ချုပ်မှုတွေ ပေါင်းစပ်ထားတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးကို ဘယ်အရာကမှ ဟန့်တားနိုင်တော့မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတည်းဟူသော ကျနော်တို့အားလုံးရဲ့ အိမ်ကို တက်အုပ်စိုးနေတဲ့ သူခိုးဓားပြ လက်ကနေ ပြန်ယူကြဖို့ လိုနေပါသေးတယ်။ ဧရာ၀တီတိုင်းသူ တိုင်းသားတွေက နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး တော်လှန်ရေးကာလ တစ်လျှောက်လုံး ခြေသံမကျယ် နှုတ်မကြွယ်ဘဲ ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်ဆိုတာ ဖျောက်မရ ငြင်းမရတဲ့ သေချာမှုတွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့်ပြီး တိုက်ပွဲဝင်ကြမယ့် ၂၀၂၅မှာ ဧရာ၀တီဟာလည်း အရေးကြီးတဲ့ စစ်မျက်နှာတစ်ခုဖြစ်လာမယ်” ဟု NUG ဝန်ကြီးချုပ်က​ ပြောဆိုသည်။

    လတ်တလော AA ဦးဆောင်သော တော်လှန်ရေးတပ်များက ရခိုင်ပြည်နယ်နှင့် ထိပစ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိပြီး ဧရာ၀တီတိုင်းတွင် တိုက်ပွဲများက ချောင်းသာကမ်းခြေအနီး ရွှေသောင်ယံမြို့အနီးရောက်ရှိလာသည့်အပြင် ရေကြည်မြို့နယ်အနီးသို့ပါ တိုက်ပွဲများရောက်ရှိလာကြောင်း သိရှိရသည်။

    ထို့ပြင် ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၃/၂၀၂၅ အစည်းအဝေးတွင်လည်း NUG ဝန်ကြီးချုပ်က ယခုတော်လှန်ရေးသည် သမိုင်းတစ်လျှောက် တော်လှန်ရေးများနှင့် နှိုင်းယှဉ်လျှင် အားရကျေနပ်စရာ အများကြီးရှိသော်လည်း ပေးဆပ်ရမှု အလွန်များသော တော်လှန်ရေးဖြစ်ကြောင်း ပြောဆိုသည်။

    “ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့လည်း ကျနော်တို့အားလုံး အခုအချိန်ထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ကြဘဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။” ဟု NUG ဝန်ကြီးချုပ်က ရှင်းပြသည်။

  • ရွှေသောင်ယံမြို့မှ ပြည်သူများ မပြောင်းရွှေ့ရန် စစ်တပ်က တားမြစ်နေ

    ရွှေသောင်ယံမြို့မှ ပြည်သူများ မပြောင်းရွှေ့ရန် စစ်တပ်က တားမြစ်နေ

    AA ၏ ထိုးစစ်ကြောင့် ရွှေသောင်ယံမြို့မှ ပြည်သူများ မပြောင်းရွှေ့ရန် စစ်တပ်က တားမြစ်နေသော်လည်း အများစုမှာ ပုသိမ်သို့ ပြောင်းရွှေ့နေ

    သာပေါင်းတွင်လည်း စစ်ဘေးတိမ်းရှောင်ပါက နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်နေ

    AA က ထိုးစစ်ဆင်လာချိန် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ကို ထိခိုက်မှုမရှိစေရဟု စစ်တပ်က အာမခံ၍ ပြည်သူများ ဆက် လက် နေထိုင်ရန် လိုက်လံ စည်းရုံးနေသော်လည်း ပြည်သူအများစုက ပုသိမ်မြို့ပေါ် ပြောင်း ရွှေ့နေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တွင် ရွှေသောင်ယံမြို့တွင် အကြမ်းဖက် စစ်တပ်က ဘုန်းကြီးများ နှင့် ပြည်သူများကို ရွှေသောင်ယံမြို့မှ လုံးဝ မထိခိုက်စေရန် အာမခံ၍ ရွှေ့ပြောင်းရန် မလိုအပ်ကြောင်း လိုက်လံစည်းရုံးနေခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ရွှေသောင်ယံမြို့ပေါ်မှာပါ အထိုင်ချ၍ ခံစစ်ပြင်ထားသောကြောင့် ပြည်သူများသည် အကြမ်းဖက် စစ်တပ်၏ အာမခံချက်ကို အယုံအကြည်မရှိဘဲ ပုသိမ်မြို့ကို ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း၊ သို့သော် မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် အမာခံ တချို့နှင့် ငွေကြေးဆင်းရဲသော ပြည်သူတချို့သာ ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိနေကြောင်း သိရှိရသည်။

    သို့သော် ရွှေသောင်ယံမြို့နယ်အတွင်းရှိ သပေါ့ကန်‌ကျေးရွာအုပ်စုနှင့် သဲကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာတချို့မှ ပြည်သူများကို အကြမ်းဖက်စစ်တပ်က ရွေ့ပြောင်းခိုင်းထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် သပေါ့ကန်နှင့် ဝက်‌သေ ဘက်တွင် ကာကင်းများ ပြုလုပ်၍ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

    ဒေသပြည်သူများသည် အကြမ်းဖက် စစ်တပ်ကို အယုံအကြည်မရှိခြင်းသည် ဘောမိရွာတိုက်ပွဲ၌ စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာထဲကို ပစ်ခတ်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင် ပြာကျခဲ့သောကြောင့် ပြည်သူများက စစ်တပ်၏ အာမခံချက်ကို ယုံကြည်မှု ကင်းမဲ့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ဧရာဝတီတိုင်း၊ သာပေါင်းမြို့တွင်လည်း စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် ပြည်သူများကိုလည်း အကြမ်းဖက် စစ်တပ်က နေအိမ်မှ ရွေ့ပြောင်းခြင်းမပြုလုပ်ရန်နှင့် တိမ်းရှောင်ပါက နေအိမ်ကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သာပေါင်းမြို့၌ အကြမ်းဖက် စစ်ကောင်စီ၏ စီမံ ဥက္ကဋ္ဌ မင်းဧရာထိုက်သည် အမှတ် ၂ ရပ်ကွက် ဈေးဆိပ်မှာ ပြည်သူများ စစ်ဘေးကြို တင်ရှောင်ရန် ပစ္စည်းများ သယ်ယူနေကြသည်ကို တွေ့ရှိကာ ပစ္စည်းများ မသယ်ရန် ဟန့်တားမှုများ လုပ်ဆောင်ပြီး ပစ္စည်းသယ်ယူနေသူများကို နေအိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေပြောဆိုခဲ့ကြောင်း သိရသည်။

    ထို့ပြင် သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတချို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်ဘေးတိမ်း ရှောင်ရန် ပြင်ဆင်နေသည့် ပြည်သူများကို နေအိမ် ချိတ်ပိတ်မည်ဟု လော်စပီကာဖြင့် လိုက်လံ ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရှိရသည်။

    သို့သော် ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာနှင့် သစ်ဝမ်းပူရွာမှ ပြည်သူများကို အကြမ်း ဖက် စစ်တပ်က ၂ ရက်အတွင်း ဖယ်ရှားပေးရမည်ဟုပြောဆိုသောကြောင့် ပြည်သူများသည် သစ်ကား၊ ဝါးကားများဖြင့် သာပေါင်းမြို့သို့ စစ်ဘေးတိမ်းရှောင်လာကြကြောင်း သိရသည်။

    လတ်တလော AA ဦးဆောင်သော တော်လှန်ရေးတပ်များက ရခိုင်ပြည်နယ်နှင့် ထိပစ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိပြီး ဧရာ၀တီတိုင်းတွင် တိုက်ပွဲများက ချောင်းသာကမ်းခြေအနီး ရွှေသောင်ယံမြို့အနီးရောက်ရှိလာသည့်အပြင် ရေကြည်မြို့နယ်အနီးသို့ပါ တိုက်ပွဲများ ရောက်ရှိလာကြောင်း သိရှိရသည်။

    ဓာတ်ပုံ- တိုက်ပွဲများ ဖြစ်ပွားမည်ကိုစိုးရိမ်၍ ယမန်နေ့ လူသူကင်းမဲ့နေသော ချောင်းသာမြို့။

  • လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေ

    လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေ

    မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် မထွက်သွားလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် အမိန့်ဖြင့် အကြမ်း ဖက် စစ်တပ်က အတင်းအဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် ထွက်ခွာခြင်း မရှိလျှင် ပစ်ခတ်မည်ဟု ပြည်သူများကို ခြိမ်းခြောက်ပြောဆိုလာကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို စစ်တပ်က ဇန်နဝါရီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရန်၊ ကျူးကျော်နေအိမ်များဖြစ်၍ အမြန်ဆုံး ဖယ်ရှားကြရန် ခြိမ်းခြောက် အကြောင်းကြားစာများ လိုက်လံပေးပို့လျက်ရှိကြောင်း၊ ထိုသို့ အကြောင်းကြားစာများ လိုက်လံပေးပို့စဉ် စစ်တပ်က ပြည်သူများအနေဖြင့် နေအိမ်များမှ အသာတကြည် ထွက်ခွာခြင်းမရှိလျှင် ပစ်ခတ်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသော နေအိမ်များမှာ လွန်ခဲ့သော ၈ နှစ်ကပင် မြေပိုင်ရှင် အဆင့်ဆင့်ထံမှ လွှဲပြောင်း ရောင်းဝယ်ယူထားသော နေအိမ်များဖြစ်ပြီး နေထိုင်သူများမှာ ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စားများဖြစ်ကြောင်း၊ အတင်းအကျပ် စစ်တပ်က ခြိမ်းခြောက် ပြောင်းခိုင်းနေသည့်အတွက် ရပ်ကွက်နေ ပြည်သူများမှာ မည်သည့်နေရာကို ပြောင်းရွှေ့ရမည်ကို မသိရှိကြဘဲ ငိုယို ထိတ်လန့်စိုးရိမ်နေကြကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း အသာ တကြည် မပြောင်းလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထား၍ ပြည်သူများ ကြောက်လန့်နေကြောင်း သိရှိရသည်။

    “မော်လမြိုင်မြို့ မြို့ရှောင်လမ်းက ပြည်သူပိုင် နေအိမ်တွေကိုအတင်း ဖယ်ရှားခိုင်းနေတယ်။ နယ်လုံဝန်ကြီး အမိန့်နဲ့ဆိုပြီး စစ်ခွေးအုပ်စုနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြည်သူတွေကို အကြပ်ကိုင် ခြိမ်းခြောက်ပြီး အတင်းဖယ်ခိုင်းနေတယ်။ အိမ်ခြေက ၅၀၀ နီးပါး ဝန်းကျင်ရှိတယ်။ ကျနော်တို့ အခေါ်ကျ အုတ်ဖိုရပ်ကွက်လို့ ခေါ်ပါတယ်။ သူတို့အမည်တပ်ထားတာက ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက အကွက်ရိုက်လို့ ပြည်သူတွေဝယ်ထားတာ မြေပိုင်ရှင်ကနေ မြေအရောင်းအဝယ်လုပ်တဲ့ သူတွေရောင်းတယ်။ အဲကနေ တဆင့်တဆင့် ဝယ်ကြတာ အဲမှာနေတဲ့ ပြည်သူတွေက အကုန်မရှိတဲ့သူတွေ စားဖို့တောင်မနည်းရုန်းကန်နေရတာ သူတို့မှာ ရှိစုမှတ်စုနဲ့ ဝယ်ထားကြတာ အကုန်စိတ်သောက ရောက်နေရှာတယ်။ အတင်းခြိမ်းခြောက်ပြီးတော့ စစ်ခွေးတွေက တခုခုဆို ပစ်မိန့်ပါ ပါတယ်ဆိုပြီး ပြောနေလို့ ပြည်သူတွေ ကြောက်လန့်နေကျပါတယ်။ တစ်ခုခု ရုန်းရင်းဆန်ခက်ဖြစ်ရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ပြည်သူ့နေအိမ်များ ဖျက်သိမ်းအမိန့် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက နေအိမ်များ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ပြည်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။