တစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီးချုပ် သတိပေး
မြန်မာတစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်သည်။
ယမန်နေ့ ပြုလုပ်သည့် “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေး သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိ တော်လှန်ရေးမှာ ၄ နှစ်ပြည့်လာချိန်တွင် မည်သူကမှ တားဆီး၍ မရတော့ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ မြဲမြံသော အုတ်မြစ်နှင့် မျိုးဆက်သစ်များ၏ စိတ်ပိုင်းဆုံးဖြတ်မှု အရှိန်အဟုန်ကို မည်သူမှ ဖြိုဖျက် ရပ် တန့်၍ မရတော့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့် တိုက်ပွဲ ဝင်ကြမည့် ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသော စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က သတိပေးပြောဆိုသည်။
“အခုဆိုရင် ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြိုးစားရုန်းကန်ခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ မြဲမြံသော အုတ်မြစ်နဲ့ ယနေ့ခေတ် မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဖြတ်မှု အရှိန်အဟုန်တို့နဲ့ ဘယ်သူမျှ တွန်းဖြို ရပ်တန့်လို့မရတဲ့ အင်အားစုတစ်ခုအဖြစ်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ခွန်အား လက်တွေ့ကျတဲ့ အုပ်ချုပ်မှုတွေ ပေါင်းစပ်ထားတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးကို ဘယ်အရာကမှ ဟန့်တားနိုင်တော့မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတည်းဟူသော ကျနော်တို့အားလုံးရဲ့ အိမ်ကို တက်အုပ်စိုးနေတဲ့ သူခိုးဓားပြ လက်ကနေ ပြန်ယူကြဖို့ လိုနေပါသေးတယ်။ ဧရာ၀တီတိုင်းသူ တိုင်းသားတွေက နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး တော်လှန်ရေးကာလ တစ်လျှောက်လုံး ခြေသံမကျယ် နှုတ်မကြွယ်ဘဲ ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်ဆိုတာ ဖျောက်မရ ငြင်းမရတဲ့ သေချာမှုတွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့်ပြီး တိုက်ပွဲဝင်ကြမယ့် ၂၀၂၅မှာ ဧရာ၀တီဟာလည်း အရေးကြီးတဲ့ စစ်မျက်နှာတစ်ခုဖြစ်လာမယ်” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။
လတ်တလော AA ဦးဆောင်သော တော်လှန်ရေးတပ်များက ရခိုင်ပြည်နယ်နှင့် ထိပစ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိပြီး ဧရာ၀တီတိုင်းတွင် တိုက်ပွဲများက ချောင်းသာကမ်းခြေအနီး ရွှေသောင်ယံမြို့အနီးရောက်ရှိလာသည့်အပြင် ရေကြည်မြို့နယ်အနီးသို့ပါ တိုက်ပွဲများရောက်ရှိလာကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၃/၂၀၂၅ အစည်းအဝေးတွင်လည်း NUG ဝန်ကြီးချုပ်က ယခုတော်လှန်ရေးသည် သမိုင်းတစ်လျှောက် တော်လှန်ရေးများနှင့် နှိုင်းယှဉ်လျှင် အားရကျေနပ်စရာ အများကြီးရှိသော်လည်း ပေးဆပ်ရမှု အလွန်များသော တော်လှန်ရေးဖြစ်ကြောင်း ပြောဆိုသည်။
“ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့လည်း ကျနော်တို့အားလုံး အခုအချိန်ထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ကြဘဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။” ဟု NUG ဝန်ကြီးချုပ်က ရှင်းပြသည်။
Leave a Reply