Category: News

  • မတ္တရာမြို့နယ်မှာတိုက်ပွဲဖြစ်

    မတ္တရာမြို့နယ်မှာတိုက်ပွဲဖြစ်

    စစ်​ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အ​ရှေ့ခြမ်းက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) သိမ်းပိုက်ထားတဲ့ Alpha ဘီလပ်​မြေ စက်ရုံဘက်ကို ဒီက​နေ့ (ဒီဇင်ဘာ ၂၈ရက်​နေ့) စစ်ကြောင်းထိုးဖို့ကြိုးစားတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောသည်။

    နိုဝင်ဘာလအတွင်းမှာ ​​ဒေသခံကာကွယ်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ် အ​နောက်ခြမ်း ကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ စစ်​ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အ​ရှေ့ဘက်ခြမ်းကိုပါ ထိုးစစ်ဆင်ဖို့ ပြင်ဆင်​နေတာဖြစ်ပါတယ် ။

    မန္တ​လေး PDFနဲ့ မဟာမိတ်တပ်​တွေက က ၁၀၂၇ ဒုတိယလှိုင်း မှာ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းက အင်ကြင်းမြိုင် ​လေ​ကြောင်းရန် ကာကွယ်​ရေးတပ်စခန်း ၊ဆည်​တော်တပ်စခန်း ၊​ကျောက်ပုထိုး တပ်စခန်း ၊ တရုတ် ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်​မြေစက်ရုံက စစ်တပ်စခန်း​တွေအပါအဝင် စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

    စစ်တပ်ကမတ္တရာမြို့နယ်အရှေ့ခြမ်းကိုထိုးစစ်ဆင်နိုင်ဖို့ နေ့စဥ်စစ်အင်အားတွေပို့တာ၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ​ဒေသခံအချို့ဆီကသိရပါတယ်။

    ဒီဇင်ဘာလ၂၈ရက်နေ့မှာ မနက်ပိုင်းမှာ​တော့ မန္တ​လေးPDF က ဇူလိုင်လမှာသိမ်းယူထားတဲ့ Alpha ဘီလပ်​မြေ စက်ရုံဘက်ကိုစစ်​ကြောင်းထိုးလာတာမို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ ။တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှု အ​ခြေအ​နေကို​တော့ မသိရ​သေးပါဘူး။

    မန္တ​လေးPDFကသိမ်းယူထားတဲ့ ဖယောင်းတောင်နဲ့အယ်ဖာဘိလပ်မြေစက်ရုံတွေဘက်ကိုစစ်​ကြောင်းထိုးဖို့ စစ်အင်အား​တွေ ဆက်တိုက်ပို့နေတာတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒါအပြင် ဒီဇင်ဘာလ၂၇ရက်နေ့၊မနက်၁၁နာရီလောက်မှာလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းကမြောင်းသစ်ကျေးရွာအနီးကိုစစ်တပ်ကလေ
    ကြောင်းတိုက်ခိုက်ခဲ့ပါ​သေးတယ် ။ မတ္တရာမြို့အတွင်းတပ်စွဲထားတဲ့စစ်တပ်နဲ့စည်တိုင်းကန်ရွာဘက်တွေကနေ မတ္တရာမြို့ရဲ့အရှေ့ဘက်ကိုလက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့​ဒေသခံအချို့က​ပါတယ်။ ဒါ​ပေမယ့်ထိခိုက်မှုအသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

    ဒီဇင်ဘာလ၂၆ရက်နေ့ကလည်း စစ်တပ်ရဲ့လက်
    နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ထန်းတောကုန်းတဲတိုက်ဘုန်းကြီးကျောင်းပေါ်ကျပြီး ကလေးငယ်နှစ်ဦးသေဆုံးခဲ့တယ်လို့ မန္တ​လေး PDFကထုတ်ပြန်ထားပါတယ်။

    စစ်​ကောင်စီတပ်က မတ္တရာမြို့နယ် အ​ရှေ့ဘက်ခြမ်းကို ရ​အောင်ပြန်တိုက်မယ်လို့ ​ကြွေး​ကြော်​နေတယ်လို့လည်း စုံစမ်းသိရပါတယ် ။

    ဒါ့အပြင် မတ္တရာနယ်ဘက်ကို မန္တလေးမြို့ဘက်ကနေ စစ်အင်အား၊လက်နက်နဲ့ရိက္ခာပို့ဆောင်တာတွေကိုလည်း စစ်တပ်ကဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီဇင်ဘာလအတွင်းမှာ တပ်ရင်းတွေအလိုက်ကျေးရွာတွေကို အထိုင်ချတပ်စွဲနေသလို မတ္တရာမြို့တွင်း၊ထီးတော်မိုး(စစ်သားစုဆောင်းရေးတပ်)၊ကျောက်တံတား၊ကြာနီကန်၊ကွန်ပျူတာတက္ကသိုလ်တွေဘက်ကိုအင်အားတွေတိုးကာ လက်နက်ကြီးအထိုင်ချတာတွေပြုလုပ်ထားတယ်လို့စုံစမ်းသိရပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်ရေးအရအရေးပါတဲ့နေရာတွေကို MDY-PDFကဦးဆောင်သိမ်းယူခဲ့ပြီးတဲ့နောက် မတ္တရာမြို့နယ်အတွင်းအချိန်အတော်ကြာထိုးစစ်မစတင်နိုင်ခဲ့တဲ့စစ်တပ်ဟာ နိူဝင်ဘာလကစတင်ကာ မတ္တရာမြို့နယ်အနောက်ခြမ်းကိုလေကြောင်းပစ်ကူနဲ့ထိုးစစ်ဆင်သိမ်းယူခဲ့ပြီးနောက် ယခုအချိန်မှာအရှေ့ခြမ်းကိုပါထိုးစစ်ဆင်ဖို့ပြင်ဆင်လာတာပါ။

    စစ်တပ်က မတ္တရာမြို့နယ်အနောက်ခြမ်းကကျေးရွာတွေကိုသိမ်းယူပြီးတော့ နေ့စဥ်မီးရှို့
    ဖျက်ဆီးခဲ့ပြီး ဥဒိန်၊မြွေပုသိမ်နဲ့မြွေသစ်တောရုံးကျေးရွာတွေဟာ တလအတွင်း ၅ကြိမ်ထပ်မနည်းမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    မန္တ​လေး PDF ကလည်း ​တော်လှန်​ရေးတပ်​တွေ ခတ္တလက်လွှတ်ခဲ့ရတဲ့မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နဲ့ ထိန်ပင်စောက်ကျေးရွာ​တွေကို ဒီဇင်ဘာ ၆ ရက်​နေ့မှာအပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိတယ်လို့ဒီဇင်ဘာ ၉ ရက်ကထုတ်ပြန်ပါတယ်။ တိုက်ပွဲ​တွေမှာစစ်ကောင်စီတပ်ထံကလက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပါတယ် ။

    ဒါအပြင် ဒီဇင်ဘာလ(၁၉)ရက်နေ့ မနက်ပိုင်းကလည်း မန္တလး PDF ကထန်းပင်ကုန်းကျေးရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ထံက လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း​တွေ သိမ်းဆည်းရရှိခဲ့ပါတယ် ။ စစ်တပ် တပ်စွဲထားတဲ့အခြား နေရာ​တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်​နေတယ် လို့မန္တ​လေး PDF က အသိ​ပေးထားပါတယ် ။

    (၂၀၂၄ ဇူလိုင်လဒုတိယပါတ်မှာ စစ်တပ်က Alpha ဘိလပ်​မြေစက်ရုံကို မီးရှို့ပြီးထွက်​ပြေးစဥ်။ဓါတ်ပုံ-MDY-PDF)

  • လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာ

    ရန်ကုန်တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး မန္တလေးတိုင်းတွင် လူငယ်များကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် စစ်တပ်က ပြန်ရွေးခိုင်း

    ရန်ကုန်မြို့တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး စဉ့်ကိုင်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၌ နေထိုင်သော ကိုကျော်ထက်ဝင်းသည် မိခင်ဖြစ်သူကို အပြင်ခဏ သွားမည်ဟု ပြောဆို၍ ထွက်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိခင်ဖြစ်သူက ဖုန်းဆက်တိုက် ခေါ်သော်လည်း ဖုန်းကိုင်ခြင်းမရှိဘဲ စက်ပိတ်လိုက်ကြောင်း သိရသည်။

    အလားတူ လှိုင်သာယာမြို့နယ်၊ ဂိတ်ဟောင်း ဆရာစံလမ်းတွင် နေထိုင်သော နယ်မှ အလုပ်လာလုပ်သည့် ကို နော်ဝေထွန်းသည်လည်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပျောက်ဆုံးသွားပြီး လက်ရှိချိန်ထိ ပြန်တွေ့ခြင်းမရှိသေးကြောင်း၊ မိသားစုဝင်များသည်လည်း နယ်တွင် နေထိုင်သူများဖြစ်သောကြောင့် သားဖြစ်သူ၏ ပျောက်ဆုံးမှုကို လိုက်လံ စုံစမ်းရန် ခက်ခဲနေကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် မြောက်ဒဂုံမြို့နယ် မှ တောင်ဥက္ကလာမြို့နယ်ကို ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် ကိုရန်နိုင်ဦးသည်လည်း နေအိမ်ပြန်သည့် လမ်း၌ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ကိုရန်ပိုင်ဦးသည် သူငယ်ချင်းများနှင့် အတူ ဘီယာဆိုင်တွင် ထိုင်ပြီး နေအိမ်ကို အပြန်၌ သူငယ်ချင်းနှင့် အဆက်အသွယ် ရသော်လည်း ပျောက်ဆုံးသွားချိန်တွင် ဖုန်းစက်ပိတ်ထားကြောင်း သိရှိရသည်။

    ထို့ပြင် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာများမှ လူငယ်များကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စဉ့်ကိုင်းမြို့ပေါ်နှင့် ကျေးရွာများကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ပြီး ငွေကြေး ချမ်းသာသည့် လူငယ်များ၏ မိသားစုဝင်များထံမှ ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ ထိတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

    “ရွာသူရွာသားတွေလည်း အရမ်းကြောက်နေကြပါတယ်။ အရင်တုန်းကလည်း ၇ ခါရှိပြီ ပေါ်တာဝင်ဆွဲနေတာ တစ်ခါဆွဲရင် ၁၀ ဦးလောက် အမြဲတမ်း ပါပါသွားတယ်။ တချို့ ပိုက်ဆံရှိတဲ့သူတွေ လိုက်ရွေးရင် ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ ဝန်းကျင်ပေးပြီး ပြန်ထုတ်ရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာများတွင်လည်း အကြမ်းဖက် စစ်သား၊ ရဲ၊ ထွေ/အုပ် နှင့် ပျူစောထီးများက ကျေးရွာတစ်ရွာလျှင် စစ်မှုထမ်းကြေး ၁ လလျှင် ငွေကျပ် ၈၅ သိန်း တောင်းခံကြောင်း၊ ငွေကြေးမပေးသည့် ကျေးရွာများကို အငြိုးထားပြီး ပေါ်တာဆွဲမညဟု ခြိမ်းခြောက်ပြောဆိုခြင်းများ ရှိကြောင်း သိရသည်။

    ကျေးရွာနေ ပြည်သူများသည် လက်ရှိချိန်တွင် စားဝတ်နေရေး ခက်ခဲနေပြီး ငွေကျပ် ၁၀၀၀ ပေးနိုင်ရန်ပင် ခက်ခဲနေကြောင်း၊ စစ်မှုထမ်းရမည့် အရွယ်မရှိသည့် နေအိမ်များမှ ပိုက်ဆံမပေးသည့် ပြည်သူများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်ထောင်စုစာရင်း မှတ်ယူသွားပြီး အငြိုးထား၍ ရန်ရှာမှုများရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း ပျောက်ဆုံးနေသော လူငယ်များ။

  • ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    တင့်ကားအချို့မြို့ပေါ်ကျန်နေခဲ့၊ ဂွမြို့ပေါ်ကို လေယာဉ်တွေနဲ့ အဆက်မပြတ်ဗုံးကြဲနေ

    ဂွမြို့ပေါ်မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဂွ-ငသိုင်းချောင်း ရိုးကားလမ်းပေါ်မှာလည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ဗောဓိတံတားမှာ ကျိုးပျက်သွားပြီဖြစ်ကာ သွားလာလို့မရတော့ကြောင်း ဒေသအတွင်း စစ်ရေး သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

    “ ဂွ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာ အကြီးအကျယ်ဘဲ။ ရိုးမထက်မှာ ဗောဓိတံတားက ကျိုးပျက်သွားပြီ။ ဘယ်အဖွဲ့က ချိုးလိုက်တယ်ဆိုတာ မသိဘူး။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်ဆိုတော့ ဘာကြောင့်ကျိုးတယ်ဆိုတာ တတ်အပ် မပြောနိုင်သေးဘူး။ ဂွမြို့က စကစတွေ နောက်ဆုတ်နေပြီ။ ပင်လယ်ကမ်းနားဘက်က ဆုတ်နေတယ်” လို့အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

    ဗောဓိ တံတားမှာ ဂွမြို့ပေါ်ကနေ ၁၀ မိုင်အကွာ ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က ညနေကစပြီး ဒီကနေ့ မနက်ထိ ၀တိန်နဲ့ ဗောဓိတို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    အာရက္ခတပ်တော်ဟာ ခမရ (၅၆၂) ကို ရိုးပေါ်ကရော ဂွချောင်းဖျားဘက်ကပါ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည် မခုခံနိုင်ဘဲ မကျည်းငူတံတားဘက်ကနေ ဆုတ်ခွာနေတယ်လို့ ပြောပါတယ်။

    “ ၅၆၂ တပ်ရင်းကို အေအေက ၀တိန်ဘက်ကရော၊ ဂွချောင်းဖျားဘက်ကရော၊ တပ်ရင်း နောက်ကျောကရော ညှပ်ပူးညှပ်ပိတ် ဝင်တိုက်တယ်။ အခု စကစ မကျည်းငူ တံတားဘက်ကနေ နောက်ဆုတ်တယ်။ လေယာဉ်နဲ့ ဂွကို ဗုံးအကြီးအကျယ် ကြဲနေပါတယ်။ ”

    လက်ရှိ ဂွမြို့ပေါ်မှာ တင့်ကားအစီး ၁၀ ကျော်ကျန်ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေမှာ တင့်ကားတွေကို စွန့်ခွာသွားခဲ့ကြသည် ၎င်းက ပြောကြားပါတယ်။

    “ တင့်ကား ၁၇ စီထိ ဂွမြို့ပေါ်မှာ ကျန်နေခဲ့တယ်လို့ ကြားရပါတယ်။ အေအေက ၅၆၂ ကို သိမ်းပိုက် လိုက်ပြီလားဆိုတာတော့ မသိဘူး။ စကစ တပ်တွေက မကျည်းငူ ဘက်က ဆုတ်တယ်ဆိုတာတော့ အတည်ပြုနိုင်ပါတယ်။ မကျည်းငူတံတားအတွက်လည်း စိုးရိမ်စရာရှိနေပါတယ်။ စကစ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

    လက်ရှိ အနေအထားအရ ဂွမြို့မှာ အာရက္ခလက်ထဲ ကျရောက်သွားပုံရပြီး ဂွအခြေအနေနဲ့ ပတ်သက်ပြီး များမကြာမီ အာရက္ခတပ်တော်က သတင်းထုတ်ပြန်မှုကိုသာ စောင့်ကြည့်ရတော့မယ်လို့ သူက ပြောပါတယ်။

    (သတင်းပေးပို့- CJ) ဓာတ်ပုံ- တိုက်ပွဲဖြစ်ပွားနေသည့် ဂွမြို့မြင်ကွင်း။

  • စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ

    နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

    စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၉၁ မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် အရေးပါသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တို့ကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

    အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းပေါင်း ရာပေါင်းများစွာမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်သိမ်းပိုက်မှုကို ခံနေရပြီး တိုင်းမှူးအဆင့် ဗိုလ်ချုပ်မှ စ၍ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရများ ကြုံတွေ့နေရသည်။

    ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြုစုထားသော စာရင်းများအရ တိုင်းမှူးအဆင့် ဗိုလ်ချုပ်မှ စ၍ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရသူ စုစုပေါင်း ၂၁ ဦးရှိကြောင်း သိရှိရသည်။

    ၁- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်

    ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် (တေဇ-၁၆) ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။

    ၂- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး

    ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး (DSA အပတ်စဉ် ၄၁) ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။

    ၃- အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး

    ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး (တေဇ-၂၆) ကို MNDAA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။

    နောက်ပိုင်းတွင် MNDAA က ပြန်လွှတ်ပေးခဲ့သဖြင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဖြစ်လာသည်။

    ၄- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း (DSA အပတ်စဉ် ၄၁ ) ကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီးရရှိခဲ့သည်။ လက်ရှိတွင် ၎င်း ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။

    ၅- အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း (OTS- ၂၁ ) ကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီးရရှိခဲ့သည်။ လက်ရှိတွင် ၎င်း ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။

    ၆- ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅ ) ကို AA က သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (OTS -၂၂ )ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ရာထူး တာဝန်ထမ်းဆောင်စဉ် တော်လှန်ရေးရဲဘော်များကို သတ်ဖြတ်သော စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည့်အတွက် AA က ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရှီရသည်။

    ၇- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်

    ယခုနှစ် ဇူလိုင်လအတွင်း MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် ဒရုန်းဗုံးထိမှန်၍ သေဆုံးခဲ့ကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုထားသည်။

    ၈- ဗိုလ်မှူးချုပ် မိုးကျော်သူ လောက်ကိုင် ဒကစမှူး

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူသည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။

    ၉- ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် (လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။

    ၁၀- ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း (တပ်မ ၅၅ တပ်မမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်​ ဇော်မျိုးဝင်း သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။

    ၁၁- ဗိုလ်မှူးချုပ် သော်ဇင်ဦး (စကခ ၁၆ ကွပ်ကဲရေးမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၆ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ သော်ဇင်ဦး သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။

    ၁၂- ဗိုလ်မှူးချုပ် အောင်ဇော်လင်း (စကခ ၁၂ ကွပ်ကဲရေးမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၂ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ အောင်ဇော်လင်း သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။

    ၁၃- ဗိုလ်မှူးချုပ် အေးမင်းဦး (စကခ ၁၄ ကွပ်ကဲရေးမှူး)

    ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၄ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ အေးမင်းဦး သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။

    ၁၄- ဗိုလ်မှူးချုပ် မင်းမင်းထွန်း (တပ်မ ၁၀၁ တပ်မမှူး)

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူ ဟာကုန်းတွင် စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ် ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

    ၁၅- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (စကခ ၉ စကခမှူး -ကျောက်တော်)

    ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနီး ရေကြောင်းတိုက်ပွဲအတွင်းမှ အသက်လုထွက်ပြေးသွားသော စကခ ၉ တပ်မမှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရဖမ်းမိခဲ့သည်။

    ၁၆- ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (စကခ ၁၉ စကခမှူး-ပလက်၀)

    ဇန်နဝါရီလအတွင်း ပလက်ဝဒေသအခြေစိုက် အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉ ၊ ရှေ့တန်း ဌာ နချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (တေဇ ၂၃) သေဆုံး (သို့မဟုတ်) ပျောက်ဆုံးလျက် ရှိကြောင်း ရခိုင့် တပ်တော် – AA က ထုတ်ပြန်ထားသည်။

    ၁၇- ဗိုလ်မှူးချုပ် မင်းထွဋ်ဦး (တပ်မ ၈၈ တပ်မမှူး)

    ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကုန်းလောရွာ အနီး မန်နောင်ရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးခဲ့သည်။ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် KIAနှင့်KPDFပူးပေါင်းတပ်ဖွဲ့နှင့် ခယာဘွမ်၊ ဘွမ်ရယ်ဘွမ်စခန်းမှ ထွက်ပြေးလာကြသော တပ်မ ၈၈ စစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားစဉ် အမှတ် ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးလာသော တပ်မ ၈၈ စစ်ကြောင်းများသည် မန်နောင်ကျေးရွာနှင့် အခြားကျေးရွာများတွင် တပ်စွဲနေခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်စာ ၅/၂၀၂၄ ဖြင့် စစ်မှုထမ်းကောင်း တံဆိပ် ပေးအပ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

    ၁၈- ဗိုလ်မှူးချုပ် အေးမင်းနောင် (တပ်မ ၄၄ တပ်မမှူး)

    ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန် သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ တပ်ချိန်းရန် လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပစ်ခတ်ခတ်ခဲ့ရာ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်အရာရှိ ၅ ဦးသေဆုံးခဲ့သည်။

    ၁၉- ဗိုလ်မှူးချုပ် လင်းအောင်မိုး ( စကခ ၇၊ စကခမှူး- ဖယ်ခုံ)

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်စခန်းနှင့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA အဖွဲ့က တိုက်ခိုက်ရာတွင် စကခ-၇ စကခမှူး ဗိုလ်မှူးချုပ် လင်းအောင်မိုး တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ၂၀- ဗိုလ်မှူးချုပ် အောင်ကျော်လွင် (တပ်မ ၉၉ တပ်မမှူး- မိတ္တီလာ)

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး အခြေပြု တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင်သည် MNDAA ၏ ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားခဲ့သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်း ဗိုလ်မှူးချုပ်/ဗိုလ်မှူး‌ကြီးအောင်ကျော်လွင်သည် မုံးကိုး အခြေပြု ဗျူဟာစခန်းတွင် ဒရုန်းဗုံးထိမှန်သေဆုံးဖြစ်သည်ဟု တပ်အသိုင်းအ၀ိုင်းက အတည်ပြုသည်။

    ၂၁- ဗိုလ်မှူးချုပ်အောင်လွင် (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး )

    ယခုနှစ် ဩဂုတ်လအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်သည် စခန်းစွန့်ခွာထွက်ပြေး၍ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးကာ ထောင်ဒဏ်ချမှတ်အရေးယူခဲ့သည်။

  • စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ဖွဲ့စည်းပုံပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးလာရာ အမ်း-ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသည့် အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း CDF-Asho ကထုတ်ပြန်ထားသည်။

    “အမ်းနပခကနေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ချီပြီး အမ်း-ပဒါန်းဘက်ကိုဆင်းတာ၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်နဲ့အတူ ဖမ်းဆီးခံရတာရှိပါတယ်။ သေဆုံးသူလည်းများတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ချင်းကာကွယ်ရေးတပ်-အရှိုမှ ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်တွင် ပိတ်ဆို့တားဆီးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ အသာတကြည်လက်နက်အပ်ခဲ့ပြီး တချို့မှာ စစ်ကြောင်းပျက်ကာ ခြေဦးတည့်ရာ ထွက်ပြေးသွားကြောင်း သိရသည်။

    ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှာဖွေရှင်းလင်းရာ သုံးရက်အတွင်း ၁၇ ဦးကို ထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း CDF-Asho ထံက သိရသည်။

    ထို့အပြင် ထွက်ပြေးလွတ်မြောက်လျက်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရှာဖွေလျက်ရှိပြီး ထပ်မံထုတ်ပြန်ပေးသွားမည်ဟုဆိုသည်။

    ပြီးခဲ့သည့် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သုံးရက် အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အ သုံးအဆောင်များစွာကို သိမ်းဆည်းရမိခဲ့ကြောင်း CDF-Asho က ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ – CDF- Asho