Category: News

  • နိုင်ငံ ၆ ခုပူးပေါင်း၍ ကျားဖြန့် နှိမ်နင်းရေး နှင့်လူကုန်ကူးခံရသူများကို ကယ်တင်ရေး  “ဇင်ယော်” လှုပ် ရှားမှု ဒုတိယအပိုင်း စတင်မည်

    နိုင်ငံ ၆ ခုပူးပေါင်း၍ ကျားဖြန့် နှိမ်နင်းရေး နှင့်လူကုန်ကူးခံရသူများကို ကယ်တင်ရေး “ဇင်ယော်” လှုပ် ရှားမှု ဒုတိယအပိုင်း စတင်မည်

    စစ်ကောင်စီ အပါအဝင် နိုင်ငံ ၆ ခုပူးပေါင်း၍ ကျားဖြန့် နှိမ်နင်းရေး နှင့်လူကုန်ကူးခံရသူများကို ကယ်တင်ရေး “ဇင်ယော်” လှုပ် ရှားမှု ဒုတိယအပိုင်း စတင်မည်ဟု တရုတ်က ကြေညာ

    လက်ရှိ နာမည်ဆိုးထွက်နေသည့် နေရာမှာ BGF ခေါင်းဆောင်ဗိုလ်မှူး ကြီး စောချစ်သူ ကာကွယ်ထားသည့် မြ၀တီမြို့ ကျားဖြန့်ဇုန်နယ်မြေ ဖြစ်နေ

    တရုတ်က မြန်မာစစ်ကောင်စီ အပါအဝင် နိုင်ငံ ၆ ခုပူးပေါင်း၍ ကျားဖြန့်နှိမ်နင်ရေး ဇင်ယော် ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်း စတင်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာသည်။

    လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။

    ဇင်ယော်လှုပ်ရှားမှုသည် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအင်အားဖြစ် ကြောင်း၊ အစားထိုး၍မရသော ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအနေဖြင့် ကောင်းမွန်စွာ ပါဝင်ခဲ့ကြောင်း၊ မျှော်မှန်းထားသော ရလဒ်များ ရရှိခဲ့ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း ဘက်အသီးသီးတို့မှ တညီတညွတ်သဘောတူကြကြောင်း ထုတ်ပြန်ထားသည်။

    “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုသည် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် ၆ နိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများမှ ညှိနှိုင်းပြီး ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇ၀တ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု အတူတကွတိုက်ဖျက်ခဲ့ကြကြောင်း၊ ဘက်အသီးသီးတို့မှ ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုအသီးသီး စုစုပေါင်း ၁၆၀ မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ ၁၆၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရှိရသည်။

    ယခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံ နေရသော ပြည်သူပြည်သားများကို အစွမ်းကုန်ကယ်ဆယ်သွားမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရုတ်က တရားဝင် ကြေညာထားသည်။

    လက်ရှိ တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံတကာမှ နိုင်ငံသားများကို ကျားဖြန့်ငွေလိမ်ဂိုဏ်းများက လူကုန်ကူး ညှဉ်းပန်းနှိပ်စက်နေသည့်နေရာမှာ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေက္ကိုလ် အပါအဝင် လောင်းကစားဇုန်နေရာများဖြစ်ပြီး ယင်းနေရာများကို စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသော BGF နှင့် DKBA အဖွဲ့များက ကာကွယ်စောင့်ရှောက်ထားကြောင်း နိုင်ငံတကာအစီရင်ခံစာများက ဖော်ပြထားသည်။

    ဓာတ်ပုံ- ကျားဖြန့်များကို အကာအကွယ်ပေးထားသည့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ မိသားစု။

  • မတ္တရာ၊ နောင်ချို၊ သပိတ်ကျင်းမြို့တို့တွင် စစ်တပ်က စစ်အင်အားများ ထပ်မံဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် တို့ တွင် အကြမ်းဖက်စစ်တပ်က အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှစ၍ မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများသာမက မြေပြင်စစ်ကြောင်းများပါ အင်အား ဖြည့်တင်းလာသောကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်း ကျေးရွာနှင့် မြို့ကုန်းကျေးရွာ တစ် ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊အလားတူ နောင်ချို မြို့နယ် သံဘိုကျေးရွာ အနီးတွင် လည်းကောင်း ၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာတွင်လည်း ကောင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

    “လက်ရှိ စစ်ဆိုင်ထားတဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်နေတာမျိုးတွေ့ရတယ်၊ စစ် ကောင်စီဘက်ကနေ အင်အားတွေ တောက်လျှောက်ဖြည့်နေတာမျိုးလည်း ကျနော်တို့ တွေ့ရတယ်။ လက်ရှိအခြေအနေမှာတော့ သွေးတိုးစမ်းတဲ့သဘောမျိုးပဲ ရှိသေးတယ်၊ ဒါပေမယ့် မကြာခင်မှာတော့ အလုံးအရင်းနဲ့ ထိုးလာနိုင်ခြေရှိတယ်လို့ သုံးသပ်တယ်” ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြော ကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၁ မွန်းလွဲ ၂ နာရီခန့်က နောင်ချိုမြို့ပေါ်ရှိ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ နေအိမ် ၁ လုံးနှင့်စည်ပင်ရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်များ လည်း မီးလောင်းကျွမ်းမှုရှိခဲ့ကြောင်း သိရသည်။

    အလားတူ ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က နောင်ချိုမြို့ ရဲစခန်းအနီးကို အကြမ်း ဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

  • နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်

    နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်

    နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံး

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆီဆုံကုန်းရွာထဲ ရောက်ရှိလာစဉ် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ ၂ မှ တော်လှန်ရေး ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် လည်း တပ်ရင်း ၃၈၀၁ UAV Drone Team မှ ဗုန်းသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး တပ်ခွဲ ၂ မှ ရဲဘော်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းနေ့ နံနက် ၇ နာရီ ၁၈ မိနစ်ခန့်တွင် ဘန်းဘွေးကုန်းရွာဘက်ကို အင်အား ၃ဝ ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကြောင်းကိုလည်း ဘန်းဘွေး ကုန်းသင်္ချိုင်းကုန်းအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ဆီဆုံကုန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်သား ၃ ဦး လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်နှင့် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဆီဆုံကုန်းရွာ စာသင်ကျောင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    ယင်းနေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်လည်း ဘန်းဘွေးကုန်းရွာမှ အကြမ်းဖက် စစ်သားများနှင့် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၆ မှ ရဲဘော်များ ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လယ်မအင်းသို့ မောင်းလာသည့် စစ်ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးကို လယ်မအင်းနှင့် ကျောက်ခွက်ရွာ အကြား အိုးဘိုကုန်းရွာထိပ်တွင် တပ်ရင်း ၃၈ဝ၁ ၊တပ်ခွဲ ၂ ရဲဘော်များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုတွင် ဆိုင်ကယ်မောင်းလာသည့် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နတ်တလင်းမြို့နယ် အရှေ့ ဘန်းဘွေးကုန်း ကျေးရွာရှိ စစ်သားနှင့် ပျူစောထီးများကို တပ်ရင်း ၃၈ဝ၁ ၊တပ်ခွဲ ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ UAV Drone Team နှင့် နတ်တလင်းမြို့နယ် ပကဖတို့က ပူးပေါင်း ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ ၎င်းတို့ ပြန်လည်ခုခံခြင်းမရှိဘဲ ဘန်းဘွေးကုန်းကျေးရွာမှ ပျဉ်ပုံကျေးရွာကို ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးရဲဘော်များက ဘန်းဘွေးကျေးရွာထဲတွင် နယ်မြေရှင်းလင်းရေးများပြုလုပ်နေကြောင်း သိရှိရသည်။

    ပြည်သူကာကွယ်ရေး တပ်မတော်အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက် သွားမည်ဖြစ်သောကြောင့် ပြည်သူများကို ထိခိုက်မှုမရှိစေရန် ၎င်းတို့အနီး သွားလာ လှုပ်ရှားခြင်းမပြုလုပ်ကြရန် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောဆိုထားသည်။

  • ရှမ်းတောင်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး

    ရှမ်းတောင်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်သား ၁၀ဦးကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးမှုဖြစ်ပွားကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများမှာ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်း − ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းများမှဟု စုံစမ်းသိရသည်။

    “ဒီလ ၁၈ရက်နေ့က ထွက်ပြေးတာ။လက်နက်ခဲယမ်းတွေ အကုန်ပါသွားကြတယ်။နယ်မြေအခြေအနေအရလိုက်ရှာဖို့မလွယ်လို့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ လုပ်ခဲ့တယ်”ဟု အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)ရှိ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

    ညောင်ရွှေမြို့နယ်အခြေစိုက် ထီးရိစစ်ကောင်စီစခန်း၊ ပင်လောင်း − ဖယ်ခုံမြို့နယ်ကြားရှိ နန်းဖာမူကင်းစခန်းတို့မှ ဖြစ်ကြောင်း ၎င်းက အသိပေးသည်။

    ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြောင်းလည်း လူထုနွေဦးက စုံစမ်းသိရှိရသည်။

    “အလင်းဝင်လာကြတာ မှန်ပါတယ်။ကျွန်တော်တို့သတင်း မထုတ်ပြန်သေးဘူး”ဟု ရှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

    အာဏာသိမ်းစစ်တပ်က အဓမ္မတပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ အလင်းဝင်လာသည့်ဖြစ်စဥ် နိုင်ငံတစ်ဝန်းအများအပြားရှိလာသည်။

    ၂၀၂၄ ဒီဇင်ဘာတစ်လတည်းပင် ရှမ်းတောင်နှင့် ထိစပ်နေသော ကရင်နီပြည်နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ CDM ဌာနမှူး မင်းသားက ပြောထားသည်။

    (စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ − Getty Images)

  • ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီး ချုပ် သတိပေး

    ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီး ချုပ် သတိပေး

    တစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီးချုပ် သတိပေး

    မြန်မာတစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်သည်။

    ယမန်နေ့ ပြုလုပ်သည့် “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေး သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

    လက်ရှိ တော်လှန်ရေးမှာ ၄ နှစ်ပြည့်လာချိန်တွင် မည်သူကမှ တားဆီး၍ မရတော့ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ မြဲမြံသော အုတ်မြစ်နှင့် မျိုးဆက်သစ်များ၏ စိတ်ပိုင်းဆုံးဖြတ်မှု အရှိန်အဟုန်ကို မည်သူမှ ဖြိုဖျက် ရပ် တန့်၍ မရတော့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့် တိုက်ပွဲ ဝင်ကြမည့် ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသော စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က သတိပေးပြောဆိုသည်။

    “အခုဆိုရင် ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြိုးစားရုန်းကန်ခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ မြဲမြံသော အုတ်မြစ်နဲ့ ယနေ့ခေတ် မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဖြတ်မှု အရှိန်အဟုန်တို့နဲ့ ဘယ်သူမျှ တွန်းဖြို ရပ်တန့်လို့မရတဲ့ အင်အားစုတစ်ခုအဖြစ်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ခွန်အား လက်တွေ့ကျတဲ့ အုပ်ချုပ်မှုတွေ ပေါင်းစပ်ထားတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးကို ဘယ်အရာကမှ ဟန့်တားနိုင်တော့မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတည်းဟူသော ကျနော်တို့အားလုံးရဲ့ အိမ်ကို တက်အုပ်စိုးနေတဲ့ သူခိုးဓားပြ လက်ကနေ ပြန်ယူကြဖို့ လိုနေပါသေးတယ်။ ဧရာ၀တီတိုင်းသူ တိုင်းသားတွေက နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး တော်လှန်ရေးကာလ တစ်လျှောက်လုံး ခြေသံမကျယ် နှုတ်မကြွယ်ဘဲ ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်ဆိုတာ ဖျောက်မရ ငြင်းမရတဲ့ သေချာမှုတွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့်ပြီး တိုက်ပွဲဝင်ကြမယ့် ၂၀၂၅မှာ ဧရာ၀တီဟာလည်း အရေးကြီးတဲ့ စစ်မျက်နှာတစ်ခုဖြစ်လာမယ်” ဟု NUG ဝန်ကြီးချုပ်က​ ပြောဆိုသည်။

    လတ်တလော AA ဦးဆောင်သော တော်လှန်ရေးတပ်များက ရခိုင်ပြည်နယ်နှင့် ထိပစ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိပြီး ဧရာ၀တီတိုင်းတွင် တိုက်ပွဲများက ချောင်းသာကမ်းခြေအနီး ရွှေသောင်ယံမြို့အနီးရောက်ရှိလာသည့်အပြင် ရေကြည်မြို့နယ်အနီးသို့ပါ တိုက်ပွဲများရောက်ရှိလာကြောင်း သိရှိရသည်။

    ထို့ပြင် ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၃/၂၀၂၅ အစည်းအဝေးတွင်လည်း NUG ဝန်ကြီးချုပ်က ယခုတော်လှန်ရေးသည် သမိုင်းတစ်လျှောက် တော်လှန်ရေးများနှင့် နှိုင်းယှဉ်လျှင် အားရကျေနပ်စရာ အများကြီးရှိသော်လည်း ပေးဆပ်ရမှု အလွန်များသော တော်လှန်ရေးဖြစ်ကြောင်း ပြောဆိုသည်။

    “ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့လည်း ကျနော်တို့အားလုံး အခုအချိန်ထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ကြဘဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။” ဟု NUG ဝန်ကြီးချုပ်က ရှင်းပြသည်။