၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင်ပိုင်းများအား ခေါ်ယူတွေ့ဆုံပြီး လက်နက်နှင့်ငွေကြေးအကူအညီများ ရပ်တန့်ကြောင်း တရားဝင်ပြောကြားကာ အများပြည်သူသိရှိရန် ထုတ်ပြန်သည်ကို တွေ့ရ၏။ ဤအခြေအနေသို့ မည်သို့မည်ပုံ ရောက်ရှိခဲ့သည်ကို သုံးသပ်ရန် သမိုင်းကြောင်းကို ပြန်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရသည်။

၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှခွဲထွက်ပြီး စစ်တပ်နှင့် UWSA အပစ်ရပ်ခဲ့၏။ ၁၉၉၁ မှ ၁၉၉၆ ခုနှစ်ကြား ထိုင်းနယ်စပ်ရှိ ခွန်ဆာ၏ မုံးတိုင်းတပ် (MTA) ကို တိုက်ခိုက်ရာတွင်လည်းကောင်း၊ ၂၀၀၂ မှ ၂၀၀၅ ခုနှစ်ကြား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အား တိုက်ခိုက်ရာတွင်၎င်း UWSA သည် မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။ စစ်တပ်ကလည်း ခွန်ဆာနှင့် RCSS ကို အနိုင်ယူနိုင်ရန် UWSA တပ်အင်အားကို အသုံးချသကဲ့သို့ UWSA ကလည်း ထိုင်းနယ်စပ်တွင် အခြေချလိုသည့်အတွက် ကိုယ့်ရည်ရွယ်ချက်နှင့်ကိုယ် ပူးပေါင်းခဲ့ကြသည်။

ထိုကာလတွင် စစ်တပ်နှင့် UWSA ဆက်ဆံရေးကောင်းမွန်ခဲ့သည်ဟု ဆိုနိုင်သော်လည်း UWSA နှင့် ဆက်ဆံရေးကောင်းသည်မှာ ဗိုလ်ခင်ညွန့်ခေါင်းဆောင်သည့် စစ်ထောက်လှမ်းရေးနှင့်ဖြစ်၏။ UWSA ၏ တောင်းဆိုချက်များကို ဗိုလ်ခင်ညွန့်က သဘောတူပေးသဖြင့် အဆင်ပြေခြင်းဖြစ်ပြီး စစ်ဘက်ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မောင်အေးနှင့် အဆင်ပြေခြင်းမရှိပေ။

ဗိုလ်မောင်အေးက UWSA အား တထီးတနန်းနေသည့် အဖွဲ့အစည်းဖြစ်၍ ကြည့်မရပေ။ UWSA အား လိုက်လျောမှု ပြုလုပ်လုပ်ခြင်းကို လက်မခံပေ။

သို့ဖြစ်ရာ ရှမ်းအရှေ့ရှိ စစ်ဆင်ရေးတာဝန်ယူရသည့် ဗျူဟာမှူး၊ တပ်မမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစမှူး)၊ တိုင်းမှူးစသည့် စစ်ဘက်ခေါင်းများသည် ၂၀၀၅ ခုနှစ်အထိ UWSA နှင့်ပတ်သက်၍ မတူကွဲပြားသည့် ဗိုလ်ခင်ညွန့် အမိန့်နှင့် ဗိုလ်မောင်အေး အမိန့်ကြား ဗျာများခဲ့ကြသည်ကို ထိုစဉ်ကာလ အခြေအနေကို ထိတွေ့သူများ ကောင်းစွာသိရှိနိုင်သည်။

UWSA နှင့် စစ်တပ်ကြား စတင် တင်းမာသည်မှာ ၂၀၀၅ ခုနှစ်တွင်ဖြစ်၏။ ပထမအချက်မှာ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် ပြုတ်သွားခြင်းဖြစ်သည်။ ဒုတိယအချက်မှာ UWSA တိုက်နေသည့် RCSS လွယ်တိုင်းလျန်တိုက်ပွဲတွင် UWSA က ဆက်မတိုက်ဘဲ ရပ်လိုက်ခြင်းဖြစ်၏။ စစ်တပ်က ဆက်တိုက်ခိုင်းသည်ကို UWSA က ငြင်းပယ်ခဲ့သည်။

တတိယအချက်မှာ UWSA က တိုက်ပွဲရပ်လိုက်သဖြင့် စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် လွယ်တိုင်းလျန်တိုက်ပွဲ ဆက်မတိုက်သည့် အထူးတပ်မဟာမှူး ပေါက်အိုက်ခမ်း ပန်ဆန်းမှ ပြန်အလာ ကျိုင်းတုံအနီးတွင် ထိုစဉ် တြိဂံတိုင်းမှူး မင်းအောင်လှိုင် ဦးစီး၍ မူးယစ်ဆေးဝါးအမြောက်များနှင့် ဖမ်းဆီးပြီး ထောင်နှစ်ရှည်ချလိုက်ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ဤပြဿနာသုံးခု ဆက်တိုက်ဖြစ်ပွားပြီး စစ်တပ်နှင့် UWSA ကြား ဆက်ဆံရေးတင်းမာခဲ့၏။ ထိုအချိန်မှစ၍ UWSA က စစ်တပ်နှင့်ပူးပေါင်း၍ ရှမ်းတပ်များကို တိုက်ခိုက်ခြင်းအား ရပ်ဆိုင်းခဲ့သည်။ ဒုတိယပြဿနာမှာ ၂၀၀၉ ခုနှစ်မှစ၍ UWSA အား နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းခြင်းဖြစ်၏။ ဤအကြိမ်တွင် စစ်ရေးအရပါ တင်းမားခဲ့၏။

၂၀၁၀ ပြည့်နှစ်အတွင်း UWSA နယ်တွင်းရှိ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး အစီအစဉ်ဖြင့်ရောက်နေသည် ကျန်းမာရေး၊ ပညာရေးစသည့် နအဖ ဝန်ထမ်းများ ပြန်လည်ထွက်ခွာခဲ့ကြပြီး နှစ်ဖက်ရင်ဆိုင်ထားသည့် နေရာများတွင် စစ်ပြင်ခဲ့ကြ၏။

ဤတင်းမာမှုအား သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ပြန်လည်ရေးထိုပြီး တင်းမာမှု ပြန်လျှော့ချနိုင်ခဲ့၏။ သို့သော် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် ပါဝင်မှုမရှိသဖြင့် ပြန်လည်တင်းမာခဲ့ပြီး ဝဒေသသို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကူညီထောက်ပံ့သည် ဆန်ရိက္ခာ၊ လောင်စာဆီ တင်ပို့မှုများကိုပါ ထပ်မံပိတ်ဆို့ခဲ့သည်။

၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးရာတွင် မပါဝင်၍ UWSA လည်း တရုတ်တို့၏ ဖိအားကို စတင်တွေ့ကြုံရ၏။ ထို့ဖိအားကို တုံ့ပြန်ရန် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FNPCC) မြောက်ပိုင်း ခုနစ်ဖွဲ့၏ နိုင်ငံရေးမဟာမိတ်အဖွဲ့ပေါ်လာပြီး NCA မဟုတ်သည့်လမ်းကြောင်းမှ သွားမည်ဟု ရပ်ခံခဲ့၏။

UWSA တိုင်းရင်းသားတပ်ဖွဲ့များ

တကယ်တမ်းတွင် UWSA သည် ဗကပမှ ခွဲထွက်ပြီးနောက် မည်သည့်တပ်ပေါင်းစုမှ ဖွဲ့စည်းပါဝင်ခြင်း မရှိပေ။ ဗကပ ခေတ်ကာလက လက်တွဲ့ခဲ့ဖူးသည့် တိုင်းရင်းသားအဖွဲ့များ၊ ဗကပမှ ခွဲထွက်ခဲ့ကြသည့်အဖွဲ့များနှင့် သာမန်မိတ်ဆွေဆက်ဆံရေးသာ ရှိသည်။

၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရေးတို့နှင့် ပတ်သက်ပြီး စစ်တပ်နှင့် တရုတ်တို့၏ နှစ်ဖက်ညှပ်ဖိအားကို ရင်ဆိုင်လာရသောအခါမှ တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးမဟာမိတ်ဖွဲ့မှု ရှိလာသည်။

ထို့ပြင် ထိုအချိန်ကာလ၌ UWSA သည် လက်နက်အင်အား ဘဏ္ဍာအင်အား တောင့်တင်းသည့်အဖွဲ့ကြီးဖြစ်နေရာ ကျန်အဖွဲ့များဖြစ်သည့် SSPP, MNDAA, TNLA, အာရက္ခတပ်တော် (AA) စသည့် အဖွဲ့များကို အကူအညီပေးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ ဒေသတွင်း ရပ်တည်ခွင့်ပေးခဲ့သည်။

ယခု ကြေညာချက်အရ ငွေကြေး၊ လက်နက်ခဲယမ်း ကူညီမှုများ ရပ်ဆိုင်းသည်ဟု ဆိုသဖြင့် ယခင်က ငွေကြေး၊ လက်နက်ခဲယမ်းပါ ကူညီခဲ့သည်ဆိုရမည်။ ထို့ပြင် နွေဦးတော်လှန်ရေးစကတည်းက UWSA သည် FNPCC မှ တိုင်းရင်းသားတပ်ဖွဲ့များအပြင် အခြားတိုင်းရင်းသားတပ်ဖွဲ့များ၊ အသစ်ပေါ်ပေါက်လာသည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း စာနာမှုဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူညီခဲ့သည်ဟု သိရသည်။

UWSA နှင့် စစ်တပ်

၂၀၀၉ နှင့် ၂၀၁၅ ခုနှစ်တို့တွင် စစ်တပ်နှင့် ဆက်ဆံရေးမကောင်းခဲ့သော UWSA သည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ဆက်ဆံရေး ပြန်ကျဲသွား၏။ အာဏာသိမ်းပြီး စစ်တပ်ကိုယ်စားလှယ်များ စေလွှတ်သည်ကို ပန်ဆန်းအထိ အဝင်မခံဘဲ နှစ်ဖက်တပ်များ ဆိုင်ထားသည့် လွယ်ပန်လုံတွင်သာ နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့၏။

၂၀၂၂ ခုနှစ် နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့သော်လည်း UWSA အနေဖြင့် မူဝါဒပြောင်းလဲသည်ကို မတွေ့ရဘဲ စစ်တပ်နှင့် မည်သည်သဘောတူညီချက်မှ မရခဲ့ပေ။

တဖက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် UWSA သည် မြောက်ပိုင်းအဖွဲ့များသာမက ကျန်ဒေသမှ တိုင်းရင်းသားအဖွဲ့များနှင့်ပါ ဆက်ဆံမှု၊ အကူအညီပေးမှုများ ရှိခဲ့၏။ ၁၀၂၇ စစ်ဆင်ရေးကာလတွင် ဟိုပန်ကို ဝင်ရောက်ထိန်းချုပ်ခဲ့သကဲ့သို့ တန့်ယန်းနှင့် မြောက်ဘက် မိုင်းကျက်၊ မိုင်းယော် ခွင်ကိုပါ စစ်တပ်၏ သဘောတူညီချက်ဖြင့် ထိန်းချုပ်ခွင့်ရခဲ့၏။

စစ်တပ်က MNDAA မတိုက်နိုင်ရန် အကာကွယ်ယူခြင်း ဖြစ်သကဲ့သို့ UWSA အဖို့ပြောရလျှင် စစ်တပ်အင်အား ချိနဲ့မှုကြောင့် ထိုင်းနယ်စပ်တွင် ထိန်းချုပ်နယ်မြေတခု ရခဲ့သကဲ့ သံလွင်အနောက်ခြမ်းတွင် နယ်မြေတခု ထိန်းချုပ်ခွင့်ရခြင်းဖြစ်သည်။ အကျပ်အတည်းဆိုက်၍ UWSA ၏ အကာအကွယ် ပြန်ယူနေရသည့် စစ်တပ်သည် UWSA အတွက် အလေးထားစရာ မဟုတ်ပေ။

တရုတ်နှင့် UWSA

တရုတ်အတွက် UWSA ဒေသသည် သပိတ်ဝင် အိတ်ဝင် ခဲမဖြူလုပ်ကွက်ဖြစ်၏။ သို့သော် ပြဿနာမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်မြို့များအား တိုင်းရင်းသားတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်သွားခြင်းသည် တရုတ်အတွက် ပြဿနာဖြစ်သည်။

တရုတ်အတွက် မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခြင်း၊ မြန်မာစစ်တပ်က မြန်မာပြည်တွင် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေခြင်းတို့သည် တရုတ်တို့အတွက် အရေးမကြီးပေ။ တရုတ်တို့အတွက် အရေးကြီးသည့် နှစ်စဉ် ဒေါ်လာသန်း ၁ ထောင်ခန့် အရောင်းအဝယ်ရှိသည့် နယ်စပ်ကုန်သွယ်ရေး ပြန်ပွင့်ရေးဖြစ်၏။ ထိုအချက်သာမက မြန်မာပြည်ကိုဖြတ်မည့် ရပ်ဝန်းနှင့်လမ်း စီမံကိန်း (BRI) က တရုတ်အတွက် အရေးကြီးသည်။

တဖက်က MNDAA နှင့် TNLA ကို ဖိအားပေးနေသော်လည်း MNDAA အား ဖိအားပေးခြင်းသည် တစုံတရာ ထိရောက်သည့်တိုင် အပြည့်အဝ မထိရောက်၊ TNLA အား ခြိမ်းခြောက်ဖိအားပေးခြင်းမှာလည်း မထိရောက်ပေ။ ဤသို့သော အခြေအနေတွင် MNDAA, TNLA တို့ စစ်ရေးအရ ခေါင်းမာနိုင်သည်မှာ UWSA ၏ အကူအညီရ၍ဖြစ်သည်ဟူသည့် ကောက်ချက်ဖြင့် UWSA ကို ဖိအားပေးခြင်းဖြစ်၏။

တရုတ်တို့သည် တရုတ်ဘဏ်တွင် အပ်နှံထားသည် UWSA အဖွဲ့အစည်းပိုင် ငွေကြေးများ၊ တဦးချင်းပိုင် ငွေကြေးများအားလုံးကို ထိန်းချုပ်ထားရာ UWSA ခေါင်းဆောင်များ၏ အဆိုအရ ယွမ်ငွေ ဘီလီယံနှင့်ချီ၍ တရုတ်ဘဏ်များတွင် ထိန်းချုပ်ခံထားရ၏။ ထို့ပြင် UWSA တပ်ဖွဲ့မှ ဒုတိယ ဒုတပ်မှူး ပေါက်ကျွင်းဖုန်း (ခေါ်) အာချန်နှင့် အဖွဲ့အား တရုတ်ပြည်သို့ သွားရောက်စဉ် တရုတ်တို့က ဖမ်းဆီးထားခြင်းဖြစ်သည်။

ပေါက်ကျွင်းဖုန်းသည် အသက် ၄၀ ခန့်ရှိပြီး ဝ အဓိကခေါင်းဆောင် ပေါက်ယူချမ်း၏ ညီဖြစ်သူ ပေါက်ယိုလျန်၏ သားကြီးဖြစ်သည်။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွင်မှ UWSA ဒုတိယ ဒုတပ်မှူးအဖြစ် တာဝန်ပေးထားခြင်းဖြစ်၏။ UWSA ၏ တပ်မှူးကြီးမှာ ပေါက်ယူချမ်းဖြစ်ပြီး ဒုတပ်မှူးမှာ ကျောက်ကျုံးတန်းဖြစ်ကာ အသက် ၇၀ ကျော်တန်းများ ဖြစ်သည်။ ပေါက်ကျွင်းဖုန်းအား ဒုတိယ ဒုတပ်မှူး ခန့်အပ်လိုက်ခြင်းသည် UWSA အား ဆက်ခံသူ၊ မျိုးဆက်သစ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းဖြစ်၏။

ယခုအခါ ပေါက်ကျွင်းဖုန်းသာမက သူနှင့်အတူ မွေးမြူထားသည့် အရာရှိအချို့ပါ တရုတ်တို့က ဖမ်းဆီးထားသဖြင့် UWSA အတွက် ခေါင်းဆောင်မှုဆက်ခံရေးအတွက်ပါ ထိခိုက်နေသည်။

UWSA အနေဖြင့် ဤသို့ ငွေကြေးအပိတ်ခံရခြင်း၊ ပေါက်ကျွင်းဖုန်း အဖမ်းခံရခြင်းတို့အား နှစ်နှစ်ခန့် တောင့်ခံခဲ့သေး၏။ ထိုအခါ တရုတ်တို့က နောက်တဆင့်တက်၍ ခြိမ်းခြောက်အကျပ်ကိုင်လာသည်။

ထိုအချက်အား UWSA ဘက်မှ မထုတ်ပြန်သော်လည်း မြေပြင်သတင်းများအရ UWSA ထိန်းချုပ်ရာဒေသကို တရုတ်က ဖြတ်ငါးဖြတ် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းဖြစ်၏။

စစ်တပ်က ဝနယ်အား ပိတ်ဆို့ထားသည့်အပြင် တရုတ်ကပါ ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်၊ လောင်စာဆီ၊ ဆက်သွယ်ရေးများ ဖြတ်တောက်ပါက လူဦးရေ ၅ သိန်းခန့်ရှိသည့် ဝဒေသအတွက် များစွာ အခက်အခဲကြုံရမည့်အခြေအနေ ဆိုက်သဖြင့် UWSA အဖို့ တရုတ်ဖိအား၊ ခြိမ်းခြောက် အကျပ်ကိုင်မှုကို နှစ်နှစ်ကျော် တောင့်ခံခဲ့ရာမှ အလျှော့ပေးလိုက်ရပုံရသည်။

နိဂုံး

ဤသို့ အလျှော့ပေးလိုက်ရခြင်းသည် တရုတ်၏ အကျပ်ကိုင် ခြိမ်းခြောက်မှုကြောင့်ဖြစ်၏။ အချို့ဆိုနေသကဲ့သို့ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ဝနယ်တွင် ရွေးကောက်ပွဲလုပ်မည်ဟူသည့် စွပ်စွဲချက်များသည် အဓိပ္ပာယ်မရှိပေ။

ပထမအချက်မှာ UWSA သည် ရှမ်းပြည်အစိုးရကဲ့သို့ အာဏာပါဝါ မရှိသည့် ခေါင်းဆောင်အဆင့်အား အလေးမထားပေ။ နေပြည်တော်ရှိ အဆုံးအဖြတ်ပေးနိုင်သည့်သူများသာ ဆွေးနွေးဆုံးဖြတ်လေ့ရှိ၏။

ဒုတိယအချက်မှာ စစ်တပ်သည် တန့်ယန်း မကျအောင် UWSA ၏ အကာအကွယ် ယူထားနေရသည်ဖြစ်ရာ စစ်ရေးအရ စစ်တပ်သည် UWSA အတွက် မှုစရာလိုသည့် အခြေအနေတွင် မရှိပေ။

တတိယအချက်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ UWSA ထိန်းချုပ်မှုအောက်ရှိ မြို့နယ်များအား ရွေးကောက်ပွဲနယ်မြေ ကြေညာသည်မှာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ နှစ်များတွင်လည်း ကြေညာခဲ့ပြီး မည်သည့်အခါမှ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။

ရွေးကောက်ပွဲနယ်မြေ သတ်မှတ်ခြင်းသည် မြန်မာပြည်ပိုင်နက်ဟု ကြေညာခြင်းမျှသာဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာခြင်း မဟုတ်ပေ။ UWSA နှင့် စစ်တပ်ကြား နိုင်ငံရေးသဘောတူညီမှု တစုံတရာမရရှိဘဲ ဝဒေသတွင် ရွေးကောက်ပွဲ ကျင်းပစရာ အကြောင်းမရှိပေ။

UWSA သည် မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့များကို ငွေအား၊ လက်နက်ခဲယမ်းအား ကူညီပေးခဲ့သကဲ့သို့ နွေဦးတော်လှန်ရေးနောက်ပိုင်း ပေါ်ပေါက်လာသည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ နွေဦးအင်အားစုများနှင့် ကျန်တိုင်းရင်းသား အင်အားစုများကို တတ်နိုင်သရွေ့ ကူညီခဲ့သည့် တပ်ဖွဲ့တခုဖြစ်သည်။

ယခုလည်း တရုတ်၏ဖိအားကို အချိန်အတန်ကြာ တောင့်ခံလာခဲ့ပြီး မတတ်သာသည့်အဆုံး သူ၏ကူညီမှုများကို ရပ်တန့်ခဲ့ရသော်လည်း UWSA အနေဖြင့် ညီနောင်တိုင်းရင်းသားတပ်ဖွဲ့များကို ကူညီမှု ရပ်တန့်ရခြင်းသည် နယ်စပ်ဒေသနှင့် ရှမ်းမြောက် တည်ငြိမ်ရေးအတွက်ဟု ကြေညာခြင်းမပြုဘဲ တရုတ်၏ ခြိမ်းခြောက် အကျပ်ကိုင်မှုကြောင့်ဟု ဗြောင်အတိအလင်း ထုတ်ဖော်ပြောဆိုသွားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။

အကြောင်းရင်းမှန်ကို ထုတ်ဖော်ပြောဆိုသည့် UWSA ၏ ဤပြောဆိုချက်သည်ပင် တရုတ်တို့ ကျေနပ်ဖွယ်မရှိဘဲ အဖုအထစ် ဖြစ်နေလောက်သည်။

ဤအချက်ကိုကြည့်ပါက UWSA အနေဖြင့် ၎င်းတို့အပေါ် တရုတ်တို့ စိတ်ကွက်သည်ထက် မြန်မာပြည်တိုင်းရင်းသားပြည်သူများ အထင်အမြင်လွဲမည်ကို ပို၍ မလိုလားဟု ယူဆရသကဲ့သို့ တရုတ်တို့ အလွန်အကျွံ ဖိအားပေးမှုကို မတတ်သာ၍ လက်ခံရသော်လည်း ကျေနပ်ပုံမရဟုလည်း တွက်ဆမှုများကို တွေ့ရ၏။

တရုတ်တို့၏ အကျပ်ကိုင်မှုကြောင့် လက်နက်ခဲယမ်း၊ ငွေကြေးနှင့် နယ်မြေအသုံးပြုခွင့်စသည့် UWSA ၏ ကူညီမှုများ ရပ်တန့်ရခြင်းသည် တိုင်းရင်းတပ်သားဖွဲ့များနှင့် နွေဦးတော်လှန်ရေးအတွက် အနည်းနှင့်အများ ထိခိုက်မှုရှိရာ ထိုအခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ရန် လိုအပ်ပေလိမ့်မည်။

✍ကိုဦး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *