နိုင်ငံကာကွယ်ရေးတာဝန်မှာ တပ်မတော်တခုတည်းနှင့်သာ သက်ဆိုင်သည် မဟုတ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်ရှိ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တွင် ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁ ) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောသည်။
နိုင်ငံကာကွယ်ရေးတာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါတာဝန်ဖြစ်ကြောင်း သူက ဆိုသည်။
လက်ရှိ အမျိုးသမီးစစ်မှုထမ်းများအနေဖြင့် သင်တန်းကျောင်းကသင်ပေးလိုက်သည့်ပညာများကို အမြဲတမ်းလေ့ကျင့်နေရန်၊ အမြဲတမ်းစစ်ရေးသတိရှိရန်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရန် စသည့် မြဲသုံးမြဲကို လက်ကိုင်ထားကြရန်လည်း စစ်ကောင်စီခေါင်းဆောင်က မှာကြားသည်။
ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံကာကွယ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေးတာဝန်ကိုပါ အောင်မြင်စွာထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း ၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန်လိုမည်ဖြစ်ပြီး စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ စုစည်းညီညွတ်ရန် အထူး လိုအပ်သည်ဟုလည်း ပြောသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တိုက်ပွဲများကြောင့် ၎င်းတို့၏ တပ်သားအင်အားများ ပြုန်းတီးခြင်း၊ အရာရှိအဆင့်များအပါအဝင် စစ်ကောင်စီတပ်သားများ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံခြင်းနှင့် စစ်မြေပြင်တွင် တပ်ရင်းလိုက် လက်နက်ချခြင်းများ ကြုံတွေ့နေရသည်။
အဆိုပါအခြေအနေတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဉပဒေကို အသက်သွင်းခဲ့ကာ နိုင်ငံအတွင်းရှိ လူငယ်များကိုဖမ်းဆီးပြီး စစ်တပ်ထဲသွပ်သွင်းလျက်ရှိရာ လက်ရှိတွင် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၈) အထိရှိလာပြီဖြစ်သည်။
ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS)၏ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်မှုထမ်းအပတ်စဉ် (၁) မှ (၅) အထိ လူအင်အား ၂၀,၀၀၀ ကျော် စစ်မှုထမ်းစုဆောင်းခံခဲ့ရပြီး သင်တန်းဆင်းများကို ရှေ့တန်းစစ်မျက်နှာပြင်များဆီပို့ဆောင်ခဲ့၍ သေဆုံးဒဏ်ရာရမှုများစွာ တွေ့လာရကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်းခံရသူများထဲတွင် အသက်မပြည့်သူများ ပါဝင်နေကြောင်းလည်း ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
Leave a Reply