ရခိုင်ပြည်နယ်၊ရမ်းဗြဲနဲ့ မဒေးကျွန်းတွေကနေခရီးစတင်တဲ့ အဓိကပိုက်လိုင်းကြီး နှစ်ခုဟာတရုတ်နိုင်ငံထိ သွယ်တန်းနေပါတယ်။ ပိုက်လိုင်းတစ်ခုဟာ ကပ္ပလီပင်လယ်ထဲက သဘာဝ ဓာတ်ငွေ့တွေကို သွယ်တန်း ပေးပို့တာဖြစ်ပြီး တခြားပိုက်လိုင်းကတော့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေဆီကနေတင်သွင်းလာတဲ့ရေနံစိမ်းတွေကို ပို့ဆောင်ပေးနေပါတယ်။
အဲဒီ ပိုက်လိုင်းတွေဟာ မိုင်ပေါင်း ရာနဲ့ချီ ရှည်လျားပြီးမြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေကို ဖြတ်ကျော်သွားတဲ့နောက် တရုတ်ရဲ့ ကွီဂန်နဲ့ ကူမင်းလို မြို့တွေဆီ ရောက်ရှိသွားပါတယ်။
တရုတ်အတွက်တော့ဒီပိုက်လိုင်းကြီးတွေဟာ အင်မတန် ပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အစီအမံတွေလို့ ပြောနိုင်ပါတယ်။အဲဒီပိုက်လိုင်းတွေကြောင့် ပုံမှန် ရေနံတင်ပို့မှု လမ်းကြောင်းတွေကို ကီလိုမီတာ ၁၂၀၀ လောက် ခရီးချုံ့နိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ လျှပ်စစ်ဓာတ်အား ဖူဖူလုံလုံ မရနိုင်သေးတဲ့ မြန်မာလို နိုင်ငံအတွက်တော့ ဒီပိုက်လိုင်းကြီးတွေကို မြင်နေရတာ ရင်နာစရာပါပဲ။ မြန်မာဟာ ကိုယ့်နိုင်ငံ ပိုင်နက်ထဲက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ထဲက ခွဲတမ်း ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ သုံးစွဲခွင့် ရနေတာ ဖြစ်ပါတယ်။
တကယ်တော့အဲဒီပိုက်လိုင်းတွေဟာတရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းကြီးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တရုတ် အစိုးရရဲ့ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခု (BRI) မဟာစီမံကိန်းကြီးနဲ့ဆက်စပ်နေပါတယ်။
BRI ဆိုတာက တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ထိပ်တန်းအဆင့် ဦးစားပေးလို့တရားဝင်ကြွေးကြော်ထားတဲ့လုပ်ငန်းစဉ်ကြီးပါ။တစ်ဖက်မှာတော့ ရခိုင်ပြည်နယ်ကနေ သွယ်တန်းထားတဲ့ ပိုက်လိုင်းနှစ်ခုဟာ တရုတ်အတွက်ပိုပြီးအဓိပ္ပါယ်နက်ရှိုင်း ကျယ်ပြန့်တဲ့ မဟာဗျူဟာ ရည်မှန်းချက် တစ်ခုကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။ လောလောဆယ် တရုတ်ဆီ တင်သွင်းတဲ့ ရေနံအများစုဟာ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းပြီး ဝင်ရောက်နေတာပါ။ တကယ်လို့ ထိုင်ဝမ်အရေးကို အကြောင်းပြုပြီး အမေရိကန်က မလက္ကာ ရေလက်ကြားကို ပိတ်လိုက်မယ်ဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေကို အားကိုးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီပိုက်လိုင်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာကတော့ ခက်ခဲပါတယ်။အထူးသဖြင့် ၂၀၂၁ ခုနှစ်မှာစစ်တပ်က အာဏာသိမ်းလိုက်ပြီး ပြည်တွင်းစစ်မီး စတင်တောက်လောင်လာတဲ့ အခြေအနေမျိုးမှာအဲဒီစိန်ခေါ်မှုက ပိုကြီးလာပါတယ်။ တရုတ်ဟာ အာဏာသိမ်း စစ်တပ်ဖက်ကို ယိမ်းပြီးဒေါ်လာသန်း၂၅၀ဖိုးလောက် လက်နက်တွေ ရောင်းချပေးခဲ့တယ်။ဒါပေမဲ့ ရလဒ်ပိုင်းအရ ထူးထူးခြားခြား ဖြစ်မလာခဲ့ပါဘူး။ ပြည်တွင်းစစ်ဟာ လူပေါင်း ၃ သန်းလောက်ကို နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့ပါတယ်။
စစ်ရှောင်အများအပြားဟာ ဆာလောင်ငတ်မွတ်မှု အပါအဝင် အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရပြီး တောတောင်တွေထဲမှာ ခိုလှုံနေရပါတယ်။ စစ်တပ်က ဆက်သွယ်ရေးနဲ့ အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်ထားတာကြောင့် Starlink အင်တာနက်ကို ချိတ်ဆက်ပြီး အဆက်အသွယ် လုပ်ကြရပါတယ်။ ပိုက်လိုင်းတွေအတွက် စိုးရိမ်နေတဲ့ တရုတ်ဟာ မြန်မာနိုင်ငံဆီ ကြေးစား စစ်သားတွေတောင်မှ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်စေဖို့ မဟုတ်ဘဲ တရုတ်ပိုက်လိုင်းတွေကို စောင့်ရှောက်ဖို့ အတွက်သာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်တပ်နဲ့ ပလူးပလဲ ရပ်တည်နေတဲ့ တရုတ်အပေါ် ပြည်သူအများစုက ရွံမုန်းကြပါတယ်။ တော်လှန်ရေး အင်အားစု တချို့က တရုတ် ပိုက်လိုင်းတွေကို တိုက်ခိုက်မယ်၊ ဖျက်ဆီးမယ် ဆိုတာမျိုး ခြိမ်းခြောက်ခဲ့ဖူးသလို တချို့အစုအဖွဲ့တွေက လက်တွေ့ အားထုတ်မှုတွေတောင် ရှိခဲ့ပါတယ်။ အဲဒီတော့ ဘေဂျင်းမှာရှိတဲ့ တရုတ် အစိုးရကမြန်မာစစ်တပ်ကို ပိုက်လိုင်းတွေရဲ့ လုံခြုံရေးကိစ္စ ကြပ်မတ်ပေးဖို့ ဖိအားပေးခဲ့ပြီး စစ်တပ်ကလည်း ခေါင်းညှိတ်နာခံခဲ့ပါတယ်။အခုတော့ပိုက်လိုင်းတလျှောက်တချို့နေရာတွေမှာ အစောင့်အကြပ်တွေ ထူထူထပ်ထပ် ချထားပါတယ်။ ပြီးတော့ အဲဒီနေရာတွေနားမှာ စစ်မဖြစ်လောက်ဘူးဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ခိုလှုံနေတဲ့ စစ်ရှောင်တွေလည်း ရှိကြပါတယ်။
ဒါပေမဲ့လည်း အဲဒီလို ယုံကြည်ထားရတာက တစ်ဖက်မှာလည်း အန္တရာယ် ကြီးလွန်းတဲ့ ဆုံးဖြတ် ရွေးချယ်မှု တစ်ခုလို ဖြစ်နေပြန်ပါတယ်။ စစ်တပ်ဟာ ရေနံပိုက်လိုင်းတွေရဲ့ အဓိကထိန်းချုပ်ရေး စင်တာတွေ တဝိုက်က တောတောင်တွေမှာ မိုင်းတွေ ထောင်ထားလေ့ ရှိပါတယ်။ဒီတော့အဲဒီတဝိုက်မှာ လယ်သမားတွေဟာ မွေးထားတဲ့ ဆိတ်၊ ကျွဲ၊ နွားတွေ ပျောက်လို့ လိုက်ရှာရင်း မိုင်းနင်းမိတဲ့ ဖြစ်ရပ်ဆိုးတွေနဲ့လည်းကြုံနေရဆဲဖြစ်ပါတော့တယ်။
(quillette သတင်းဌာနမှ Aaron Sarin ရေးသားတဲ့ Dangerours Games ကိုဆီလျော်အောင်ဘာသာပြန်ဆိုပါတယ်။)


Leave a Reply