ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလောဘွမ်တိုက်ပွဲမှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် ပြည်မအင်အားစုများနှင့် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ စစ်ဒေသ ၁ ကို တာဝန်ယူခဲ့သကဲ့သို့ ကချင်နှင့် ရှမ်းမြောက်တွင်လည်း ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းခဲ့၏။

၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများကို KPDF, PDF, အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် မဟာမိတ်များနှင့်တွဲ၍ မြင်ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIA ၏ စစ်ရေးလှုပ်ရှားများကို တဆင့်တိုး၍ မြင်လာရ၏။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်လျော့လာသည့်နောက်ပိုင်းတွင် ကချင်ပြည်နယ်၌ စစ်ဆင်ရေးများ အားစိုက်ပြုလုပ်လာနိုင်သည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် တွေ့ရသည့် ကချင်ပြည်နယ် စစ်ရေးအခြေအနေမှာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် ဝိုင်းမော်၊ ဗန်းမော်၊ မံစီနှင့် ရွှေကူတို့သာ ကျန်ပြီး ကျန်နယ်မြေအားလုံးကို KIA တို့ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်၏။ မြစ်ကြီးနားမြောက်ဘက်တွင် တန်ဖရဲအထက်မှ ဆွမ်ပရာဘွမ်ဒေသအား ထိန်းချုပ်ပြီး ပူတာအိုဒေသကို ဖြတ်တောက်ထား၏။

ဖားကန့်ဒေသပတ်လည်ရှိ ဝှေခါ၊ ဆိုင်းတောင်၊ တာမခန်၊ နန့်ယား စသည့် နယ်မြေအားလုံးကို သိမ်းပိုက်ပြီး ဖားကန့်အား ပိတ်ဆို့ဖြတ်တောက်ထား၏။ တနိုင်းဒေသရှိ စခန်းတချို့ကို သိမ်းပိုက်ပြီး တနိုင်းဒေသအား ခြိမ်းခြောက်ထားနိုင်၏။ PDF များနှင့် ပူပေါင်း၍ မော်လူးကို တိုက်ခိုက်သိမ်းပိုက်ပြီး အင်းတော်၊ ထီးချိုင့်တို့အား ပိတ်ဆို့တိုက်ခိုက်နေသဖြင့် နန့်စီအောင်မှ မြစ်ကြီးနားတလျှောက်၊ ကသာ၊ ရွှေကူ၊ ဗန်းမော် မြို့များကို ပြည်မနှင့် ဖြတ်တောက်ထား၏။

KIA နှင့် သူ၏ မဟာမိတ်တို့သည် စစ်တပ်အာဏာသိမ်း၍ လေးနှစ်မပြည့်မီတွင် အကျယ်အဝန်း ၈၉၀၄၁ ဒသမ ၈ စတုရန်းကီလိုမီတာ (၃၄၃၇၉ ဒသမ ၂ စတုရန်းမိုင်) ရှိသည့် မြန်မာပြည်တွင် တတိယအကျယ်ဆုံး ပြည်နယ်ဖြစ်သည့် ကချင်ပြည်နယ်အား ဗျူဟာကျကျ ပိတ်ဆို့ဖြတ်တောက်ထားနိုင်သကဲ့သို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဒေသအများစုကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ KIA အနေဖြင့် ဗန်းမော်ဒေသ၊ ဖားကန့်ဒေသ၊ တနိုင်းဒေသ၊ ပူတာအိုဒေသနှင့် မြစ်ကြီးနား၊ နန့်စီအောင် သံလမ်းရိုးတလျှောက်ကို ထိုးစစ်ဆင်ရန်သာ ကျန်ရှိတော့၏။

တရုတ်ဖိအားနှင့် KIA

KIA စစ်ရေးအောင်ပွဲများရရှိလာပြီး စစ်တပ်အရှုံး ကြီးရှုံးနေသည့်သကာလတွင် တရုတ်တို့သည် အခြား မြောက်ပိုင်းအဖွဲ့များနည်းတူ KIA ကိုလည်း စစ်တပ်အား မတိုက်ခိုက်ရန်၊ အပစ်ရပ်ရန် အကြိမ်ကြိမ် ဖိအားပေး၊ အကြပ်ကိုင်၊ ခြိမ်းခြောက်လာသည်ကို တွေ့ရ၏။ နယ်စပ်ဂိတ်များ ပိတ်ဆို့၍ ဖြတ်ငါးဖြတ် ပြုလုပ်ခဲ့သည်။

ထိုသို့ နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သကဲ့သို့ တရုတ်တို့က တိုက်ခိုက်ခြင်း မပြုရန် ဖိအားပေးနေသည့် ကန်ပိုက်တီ (ကံပိုင်တည်) ကိုလည်း နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ကို တွေ့ရ၏။ ကန်ပိုက်တီကို KIA က ထိုးစစ်ဆင်ရာတွင် စစ်တပ်အင်အား ၃၀၀ ကျော်သည် တနေကုန်ပင် ခုခံခြင်းမပြုဘဲ တရုတ်ပြည်သို့ ဝင်ပြေးသွားကြ၏။ တရုတ်အနေဖြင့် သူတို့ကာကွယ်ပေးနေသည့် မြန်မာစစ်တပ်သည် သူရဲဘောကြောင်ပြီး အရည်အချင်း မရှိသည်ကို မျက်မြင်ကြုံတွေ့ခဲ့ကြရ၏။

ကန်ပိုက်တီကဲ့သို့ပင် မြစ်ကြီးနား၊ ဗန်းမော်တို့အား တိုက်ခိုက်ခြင်းမပြုရန် တရုတ်တို့က ဖိအားပေးခဲ့၏။ သို့သော် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမူဝါဒနှင့် ပတ်သက်၍ ထိပါးမခံဟု KIA ၏ ရပ်တည်ချက်ကို ဖော်ပြတုံ့ပြန်ခဲ့ပြီး ဗန်းမော် စစ်ဆင်ရေးကို စတင်ခဲ့၏။ ဗန်းမော် စစ်ဆင်ရေးသည် စစ်ရေးသက်သက်သာမက အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ ဖိအားနှင့် တရုတ်နယ်စပ်တလျှောက် တရုတ်အစိုးရက ဖြတ်ငါးဖြတ် ပြုလုပ်၍ ပိတ်ဆို့သည်များကိုပါ ရင်ဆိုင်ပြီး ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးဟု ဆိုရပါမည်။

ဗန်းမော် စစ်ဆင်ရေး

ဗန်းမော်သည် ကချင်ပြည်နယ်၏ ဒုတိယမြို့‌တော်ဟု ဆိုနိုင်သည်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတွင် ဘက်စုံက အရေးပါသည့်မြို့ ဖြစ်၏။ ဧရာဝတီမြစ်နှင့် တပိန်မြစ်ဆုံရာ မြစ်ဝှမ်းတွင် ဗန်းမော်မြို့ တည်ရှိ၏။ ဗန်းမော်မြို့တွင် အောက်ပါ တပ်ရင်း၊ တပ်ဖွဲ့များစွာ အခြေစိုက်သည်ကို တွေ့ရ၏။

၁။ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁ ဌနခ)၊
၂။ အမှတ် ၄၇ ခြေလျင်တပ်ရင်း (ခလရ ၄၇)၊
၃။ အမှတ် ၂၃၇ ခြေလျင်တပ်ရင်း (ခလရ ၂၃၆)၊
၄။ အမှတ် ၉၃၃ ထောက်ပံ့ပို့ဆောင်ရေးတပ်၊
၅။ အမှတ် ၁၁ စစ်မြေပြင်ဆေးတပ်ရင်း၊
၆။ အမှတ် ၅ ဆက်သွယ်ရေးတပ် (ဆသရ ၅)
၇။ အမှတ် ၃၆၆ အမြောက်တပ် (အမတ ၃၆၆)
၈။ အမှတ် ၃၁၄ အမြောက်တပ် (အမတ ၃၁၄)
၉။ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း (သခက ၇၀၀၆)
၁၀။ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း၊
၁၁။ အမှတ် ၉၁၄ စစ်အင်ဂျင်နီယာတပ်၊
၁၂။ အမှတ် ၉၄၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲနှင့်
၁၃။ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (စရဖ တပ်စု) တို့အပြင် တပ်မ ၈၈ အောက်တပ်ရင်း သုံးရင်းပါဝင်သည့် ဗျူဟာတခုပါ အင်အားဖြည့်ထား၏။

ဗန်းမော်နှင့် ၁၀ မိုင်ခန့်သာ ဝေးသည့် မံစီမြို့အား ထိန်းချုပ်ထားသော်လည်း မြို့ပြင်တွင်

၁။ အမှတ် ၃၁၉ ခြေမြန်တပ်ရင်း (ခမရ ၃၁၉)၊
၂။ အမှတ် ၆၀၁ ခြေမြန်တပ်ရင်း (ခမရ ၆၀၁)၊
၃။ အမှတ် ၅၂၃ အမြောက်တပ် (အမတ ၅၂၃) စသည့် တပ်ရင်းဌာနချုပ်သုံးခု ကျန်သေးပြီး ထိုဌာနချုပ်များတွင် မန်ဝိန်းကြီး၊ ကိုက်ထိပ်၊ မဒန်ယန်တို့မှ ဆုတ်ခွာလာသည့် စစ်တပ်အင်အားအချို့ ရှိနိုင်သည်။

လက်ရှိ ဗန်းမော်စစ်ဆင်ရေးသည် ဗန်းမော်‌နှင့် မံစီအခြေစိုက် တပ်ရင်းတပ်ဖွဲ့အားလုံးကို စစ်ဆင်သည်ဖြစ်ရာ တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်၊ အင်အား ၂,၅၀၀ မှ ၃,၀၀၀ ခန့်အား တိုက်ခိုက်ရဖွယ်ရှိ၏။ AA စစ်ဆင်နေသည့် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိ အင်အားနှင့် မတိမ်းမယိမ်းဖြစ်၏။

ဗန်းမော်စစ်မျက်နှာတွင် အင်အားများသော်လည်း စစ်ကောင်စီတပ်၏ အားနည်းချက်မှာ ရေကြောင်းရော ကုန်းလမ်းပါ ပိတ်ဆို့ခံထားရပြီး လေကြောင်းဖြင့်သာ ထောက်ပို့နိုင်၏။ လေယာဉ်၊ ရဟတ်ယာဉ်နှင့် ကွင်းဆင်းပြီး ထောက်ပို့နိုင်ခြင်းကို အစောပိုင်းတွင်သာ ရနိုင်ပြီး နောက်ပိုင်းတွင် လေထီးဖြင့်သာ ထောက်ပို့နိုင်လိမ့်မည်။ စစ်တပ်အတွက်အားသာချက်မှာ လေကြောင်းပစ်ကူ အများအပြားပေးခြင်းနှင့် ဒရုန်းသုံးစွဲမှု မြင့်မားလာခြင်း ဖြစ်သည်။

ဗန်းမော်ကို ကာကွယ်ရန် စစ်ကောင်စီတပ်သည် မိုးမောက်မြို့ ခမရ ၄၃၇ ကျပြီးကတည်းက တောက်လျှောက် ပြန်လှန် ထိုးစစ်ဆင်နေခဲ့ရာ ၅ မိုင်၊ ၇ မိုင်တို့တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့၏။ သို့သော် စစ်ကောင်စီတပ်၏ ထိုးစစ်ကို KIA နှင့် ပူးပေါင်းတပ်များက ကောင်းစွာခုခံနိုင်သောကြောင့် ရှေ့မတိုးနိုင်ခဲ့ပေ။

၂၀၂၃ ခုနှစ် နှစ်ကုန် မန်ဝိန်းကြီးတိုက်ပွဲမှစ၍ ကချင်ပြည်နယ်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် အနိုင်ရသည့်တိုက်ပွဲ မရှိပေ။ စခန်းတခုပြီးတခု စွန့်လွှတ်ခဲ့ရာ စခန်းကြီးငယ် ၁၀၀ ကျော် စွန့်လွှတ်ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။

မြို့များကိုလည်း တမြို့ပြီးတမြို့ စွန့်လွှတ်နေရရာ မြို့ပေါင်း ၁၄ မြို့ခန့် စွန့်လွှတ်ခဲ့ရပြီဖြစ်၏။ ထို့ပြင် ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး စခန်းတွင်းမှ အသေခံတိုက်ခိုင်းသည်ကို ခံနေရ၏။ ရှုံးပွဲဆက်နေသည့် စစ်ကောင်စီတပ်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ တက်ကြွခြင်းမရှိသည့်အပြင် နောက်ဖြည့်သည့် တပ်သားသစ်များမှာ အဓမ္မစုဆောင်းခြင်းခံရသူများဖြစ်သဖြင့် တိုက်ရည်ခိုက်ရည် မရှိသည့်အပြင် တက်ကြွမှုလည်း မရှိကြပေ။

ဗန်းမော်စစ်ဆင်ရေးတွင် KIA မှ ဗဟို၏ ခြေမြန်တပ်မဟာ၊ ဒေသခံ တပ်မဟာ ၃၊ တပ်မဟာ ၅ နှင့် တပ်မဟာ ၁၁ တို့အပြင် တိုက်ပွဲမရှိတော့သည့် ရှမ်းမြောက်မှ အင်အားအချို့လည်း ပါဝင်သည်ဟု သိရသည်။ KIA နှင့် ပူးပေါင်းအင်အားထဲမှ အင်အားအများဆုံးမှာ AA ဖြစ်သည်။

ထို့ပြင် KPDF, ABSDF နှင့် PDF မှ အင်အားအချို့လည်း ပူးပေါင်းတိုက်ပွဲဝင်နေကြရာ KIA ပူးပေါင်းအင်အားမှာ ဗန်းမော်၊ မံစီဒေသရှိ စစ်ကောင်စီ တပ်အင်အားထက် သာလွန်ဖွယ်ရှိ၏။ ထို့ပြင် နိုင်ပွဲဆက်နေသည်ဖြစ်ရာ တိုက်ရည်ခိုက်ရည်ရော တိုက်စိတ်ခိုက်စိတ်ပါ မြင့်မားနေသည်။

စစ်ပွဲစတင်ခြင်း

ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသတို့ကို သိမ်းပိုက်ပြီးကတည်းက KIA ၏ နောက်ထပ် စစ်ဆင်ရေးတခု လာတော့မည်ကို အားလုံးက ခန့်မှန်းမျှော်လင့်ထားပြီး ဖြစ်၏။ စစ်ကောင်စီတပ်သည်လည်း မြစ်ကြီးနား၊ ဝိုင်းမော်တွင် ခံစစ်ပြင်ဆင်နေသကဲ့သို့ ဗန်းမော်ဒေသခံစစ်အတွက် ၇ မိုင်တွင် လှုပ်ရှားစစ်ကြောင်းထုတ်ပြီး ပြန်လှန်ထိုးစစ်ဆင်ဟန်ပြု၍ ဗန်းမော်ခံစစ်အတွက် ကာကင်းထုတ်ထားသည်။

KIA ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်မျက်နှာများ ခုနစ်ခု ဖြန့်ခွဲ၍ ဗန်းမော်၊ မံစီဒေသသို့ အလုံးအရင်းနှင့် ထိုးစစ်ဆင်လာခဲ့သည်။ ပထမနေ့တွင် ကာကင်းစခန်းငယ် ၁၀ ခုခန့်နှင့် တက္ကသိုလ်ကို သိမ်းပိုက်နိုင်ခဲ့၏။

ဒုတိယနေ့တွင် မြို့မရဲစခန်းနှင့် ရုံးဌာနများအား စီးနင်းနိုင်ခဲ့ပြီး စခန်းငယ် ငါးခုခန့် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရ၏။ တိုက်ပွဲစတင်ဖြစ်ပွားသည်နှင့် စစ်တပ်က မြို့အားပိတ်ဆို့ပြီး အရပ်သားများအား ထွက်ခွင့်မပေးဘဲ ဓားစာခံအဖြစ်ထားသည်ကို ပူးပေါင်းတပ်များက မြို့တွင်းသို့ ဝင်ရောက်လာသည့်အခါ အရပ်သားများအား စစ်ပွဲလွတ်ရာသို့ တိမ်းရှောင်စေခဲ့သည်ကို တွေ့ရ၏။

KIA သည် ‌၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ပြည်မ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခဲ့၊ အားပေးကူညီခဲ့၏။ တဖက်တွင် NUG ၏ စစ်ဒေသ ၁ အား စစ်ရေးအရ ကွပ်ကဲမှုပေးနေပြီး တဖက်ကလည်း ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိ၏။

KIA ပူးပေါင်းတပ်ဖွဲ့များ၏ ကချင်ပြည်နယ် စစ်ဆင်ရေးကို ကြည့်ပါက ကချင်ပြည်နယ်ရှိ ပူတာအို၊ တနိုင်း၊ ဖားကန့်၊ ဗန်းမော်ဒေသတို့အား အပိုင်းပိုင်း ဖြတ်တောက်ပိတ်ဆို့နိုင်ရန် အချိန်ယူ၍ စစ်ဆင်ရေးဆင်နွှဲခဲ့ပြီး ဒေသတခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နိုင်သည်ကိုတွေ့ရ၏။

တရုတ်၏ ဖိအားနှင့်ပတ်သက်၍ ပျော့ပျောင်းမှုလည်းရှိ၊ မူကျသည့်အရာများတွင် ကြံ့ကြံ့ခံရပ်တည်မှုလည်းရှိသည့် ပေါ်လစီကို ကိုင်စွဲပြီး ကျော်လွှားလျက်ရှိသည်ကို တွေ့ရ၏။

ဗန်းမော်စစ်ဆင်ရေး၏ တတိယ၊ စတုတ္ထနှင့် ပဉ္စမ နေ့ရက်များတွင် စခန်းများ ထပ်မံသိမ်းဆည်းရသည်ဟု သိရှိရသည်။ ဗန်းမော်မြို့တွင်း ရပ်ကွက် ၁၆ ခုလုံးကို ဆက်လက် ရှင်းလင်းနေသည်ဟုလည်း သိရှိရ၏။

သို့သော်လည်း လေကြောင်းရန်ကြောင့် တရားဝင် သတင်းထုတ်ပြန်ခြင်းမပြုသေး၍ အတည်ပြု၍ မရပေ။ မြေပြင်သတင်းအရင်းအမြစ်များအရ စကခ ၂၁ ဌာနချုပ်အား KIA က ယခင်တိုက်ပွဲများတွင် သိမ်းဆည်းရမိထားသည့် ၁၂၂ မမ ဟောင်ဝစ်ဇာနှင့် ပစ်ခတ်ဖြိုခွင်းနေသည်ဟု သိရ၏။

ဗန်းမော်၊ မံစီဒေသ စစ်ဆင်ရေးသည် အင်အားများပြားသော ရန်သူကို တိုက်ခိုက်ရသည်ဖြစ်၍ အချိန်တို ပြီးစီးနိုင်မည်ဟု ခန့်မှန်းရန် ခက်ခဲပါသည်။ သို့သော်လည်း ထင်မှတ်ထားသည်ထက်လည်း ပို၍ မြန်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ KIA ပူးပေါင်းအင်အားများက အောင်ပွဲရသည်အထိ ဗန်းမော်စစ်ဆင်ရေးကို ဆင်နွှဲသွားမည်ဆိုသည်ကတော့ ယုံမှားသံသယရှိရန် မလိုအပ်ပေ။

ထို့ပြင် ဗန်းမော် စစ်ဆင်ရေးသည် ကချင်ပြည်နယ်တွင်းမှ နောက်ဆုံးစစ်ဆင်ရေးလည်း ဖြစ်လိမ့်မည် မဟုတ်သေးပေ။ ဗန်းမော် စစ်ဆင်ရေးသည် ပိုမိုကြီးသည့် အောင်ပွဲများအတွက် နောက်တဆင့် တက်လှမ်းလိုက်ခြင်းဖြစ်၏။

ဗန်းမော်စစ်ဆင်ရေးအောင်ပွဲသည် ကချင်စစ်မျက်နှာတွင်သာမက စစ်ကိုင်းတိုင်း စစ်မျက်နှာအတွက်ပါ အလှည့်အပြောင်းကြီးတရပ် ဖြစ်ပေါ်လာလိမ့်မည်ဖြစ်၏။

✍အေးချမ်းဆု


Leave a Reply

Your email address will not be published. Required fields are marked *