စစ်ကောင်စီက စက်တပ်လေထီးများကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန်ကြိုးပမ်းလာခြင်းက မောင်းနှင်သူအတွက်အသက်အန္တရာယ်ကို အလေးမထားခြင်းကိုပြသနေသည်။
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ပြီး စက်တပ်လေထီး (Powered parachute) အသုံးပြုတိုက်ခိုက်မှု ဗွေဆော်ဦးစတင်ခဲ့သည်။
လေယာဉ်ဆီမလိုအပ်ဘဲ သာမာန် စက်သုံးဆီများဖြင့် ပျံနိုင်သကဲ့သို့ လေယာဉ်ပြေးလမ်းများလည်း မလိုအပ်သော စက်တပ်လေထီးကို စစ်ဘက်ဆိုင်ရာတွင်အသုံးပြုခြင်းကလည်း မြန်မာနိုင်ငံစစ်သမိုင်းတွင် ပထမဆုံးဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် မိုးကုန်ကာလ မှစတင်ကာ ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တပ်လေထီးများကို အစမ်းမောင်းနှင်လေကျင့်ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သည့် NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
“ပြီးခဲ့တဲ့ လတွေက ပြင်ဦးလွင်မှာ လေ့ကျင့်ပါတယ်။ ရှမ်းတဲကနေ အခုက လေ့ကျင့်ရင်း စမ်းသပ် 81 မမ လနကြီးကျည်တွေ ပစ်ချနေတာပါ” ဟု NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
စက်တပ်လေထီး တစင်းတွင် အများဆုံး လူနှစ်ဦး လိုက်ပါနိုင်သည်။ လက်ရှိတွင် မိတ္ထီလာ ရှမ်းတဲလေတပ် လေကြောင်းအတတ်သင်ကျောင်းတွင်လည်း ပျံသန်းလေ့ကျင့်မှုများ လုပ်ဆောင်နေသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၆နာရီ ၄၉ မိနစ်တွင်လည်း မိတ္ထီလာ ရှမ်းတဲလေတပ်မှ စက်တပ်လေထီးတစီး လေ့ကျင့်ပျံသန်းပြီးနောက် ညနေ ၈ နာရီခန့်တွင် ပြန်လည်ဆင်းသက်ခဲ့ကြောင်း NAS-နပ်စ်လေကြောင်းရန် အဖွဲ့က ထုတ်ပြန်သည်။
သို့သော် စက်တပ်လေထီးဖြင့်တိုက်ခိုက်မှုက မောင်းသူအတွက် အန္တရာယ်ကြီးလှသည်။
စက်တပ်လေထီးသည် တနာရီ ၄၀ မှ ၆၀ ကီလိုမီတာခန့်သာ မောင်းနှင်နိုင်သဖြင့် အရှိန်နှေးခြင်း၊ ကီလို ၂၅၀ မှ ၃၀၀ ခန့်သာ သယ်ဆောင်နိုင်ခြင်း၊ နေရာအတိအကျ တွင် ရပ်၍ မရသဖြင့် ပစ်မှတ်တည့်တည့်ကို ဗုံးသီးချနိုင်ရန် ခက်ခဲခြင်း၊ အကာအကွယ်မရှိသဖြင့် မောင်းနှင်သူအတွက် အန္တရာယ်များခြင်း၊ လေထီးဖြစ်သဖြင့် လေထီးကြိုးနှင့် လေထီးရွက်များ ထိခိုက်ပျက်စီးလွယ်ခြင်း၊ အသံကျယ်ခြင်း စသည့် အချက်များကြောင့် စစ်ဘက်တွင် အသုံးပြုရာ၌ အားနည်းချက်များစွာ ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
“Paramotor ရဲ့ တန်ဖိုးက တခြားစစ်ဘက်ဆိုင်ရာ လေယာဉ်၊ ဟယ်လီကော်ပတာတွေထက် တန်ဖိုးနည်းပြီး ပျံသန်းစားရိတ်သက်သာတာ၊ မောင်းနှင်သူအတွက် စစ်ဘက်သုံးဖို့ အဖက်ဖက်က အားနည်းချက်တွေရှိပြီး အန္တရာယ်များပေမယ့် စစ်ကောင်စီမှာ မောင်းနှင်မယ့်သူ ပေါတာ၊ မောင်းနှင်သူတွေရဲ့ အသက်ကို တန်ဖိုးမထားတွေကြောင့် အသုံးပြုနေတာဖြစ်တယ်” ဟု လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။
တောင်သာတွင် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုဖြစ်စဉ်သည် ပြန်လည်တိုက်ခိုက်သူမရှိသည့် အရပ်သားများအပေါ်ကိုသာ တိုက်ခိုက်ခြင်းဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် လက်တည့်စမ်းနေခြင်းဖြစ်နိုင်ကြောင်း စက်လက်နက်များအကြောင်း လေ့လာရေးသားနေသည့် Tactical Raptor က ပြောသည်။
“အန္တရာယ်နည်းတဲ့နေရာမိုလို့ သွေးတိုးစမ်းသုံးကြည့်လားလို့ပဲ တွေးမိပါတယ်။အားသာချက်ကတော့ ထူးထူးခြားခြားမရှိလှပါဘူး။ ပျံသန်းစရိတ်သက်သာမယ်၊ လေ့ကျင့်ထားတဲ့ ပိုင်းလော့မလိုဘူး။ ဒါတွေရှိမယ်။ အားနည်းချက်ကတော့များတယ်။ ဒရုန်းထက် စားရိတ်မသက်သာနိုင်ဘူး။ လေယာဉ်နဲ့ယှဉ်ရင်သာ ဈေးသက်သာတာပါ။ ဗုံးကြဲဖို့အတွက် ဘယ်လိုမှ မသင့်တော်တဲ့ platform တခုပါ။ ထောက်လှမ်းရေး၊ ကင်းလှည့်ဖို့၊ တိတ်တဆိတ်အလျင်အမြန်ဝင်ရောက်ဖို့ လိုမျိုးတွေမှာပဲ အသုံးဝင်နိုင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်ကာလအထိ အရပ်သားများ၏ စက်တပ်လေထီးအဖွဲ့က အာဆီယံဒေသ Paramotor အဖွဲ့များဖြင့် တွဲဖက်ပျံသန်းမှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့၏ လှုပ်ရှားမှုရပ်တန့်နေခဲ့သည်။
Leave a Reply