ရက်သတ္တပတ် နှစ်ပတ်မပြည့်မီ ဖြစ်ပွားခဲ့သည့် မတူညီသည့် ဖြစ်ရပ်နှစ်ခုက တရုတ်၏ ရန်လိုသော ပုံရိပ်ကို ဖော်ပြနေသည်။
အိန္ဒိယနှင့် ဂျပန်ကို တရုတ်က ခြိမ်းခြောက်ပြီး ရန်လိုကြောင်း ဖော်ပြခဲ့သည်။
နိုဝင်ဘာလ ၁၀ ရက်တွင် တရုတ်သံတမန်တဦးက ပြင်းထန်သော စကားလုံးများသုံး၍ X တွင် ပို့စ်တခု တင်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီအပေါ် တိုက်ခိုက်ခဲ့သည်။
ယင်းပို့စ်ကို နောက်ပိုင်းတွင် ဖျက်ပစ်ခဲ့သည်။ ထိုပို့စ်သည် နိုဝင်ဘာလ ၇ ရက်က ဂျပန်ဝန်ကြီးချုပ်၏ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက ဂျပန်က စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် နိုင်ကြောင်း သတိပေးသည့် ပြောကြားချက်အပေါ် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှစ၍ နှစ်နိုင်ငံသံတမန်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သည်။
ဂျပန်က ထိုင်ဝမ်နှင့် ကီလိုမီတာ ၁၀၀ သာ ကွာဝေးသည်။
နိုဝင်ဘာလ ၂၁ ရက်တွင် ရှန်ဟိုင်းလေဆိပ်ရှိ တရုတ်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက အာရူနာချယ်ပရာဒေ့ရှ်မှ အိန္ဒိယနိုင်ငံသူ ပရေမာ ဝမ်ဂျုံ သွန်ဒေါ့ကို ဖမ်းဆီးထိန်းသိမ်းကာ နှောင့်ယှက် ခဲ့သည်။
သွန်ဒေါ့အား ပြုမူဆက်ဆံမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အိန္ဒိယက နယူးဒေလီရှိ တရုတ် သံအမတ်ကို ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင် တရုတ်က အာရူနာချယ် ပရာဒေ့ရှ်ဒေသတခုလုံးကို တောင်ပိုင်း တိဘက်အဖြစ်ဖော်ပြ သော ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်က အာရူနာချယ် ပရာဒေ့ရှ်ရှိ ဒေသအမည်များကို ပြောင်းလဲခဲ့သေးသည်။
တရုတ်ကို အနီးကပ် စောင့်ကြည့်သူများအတွက် ယင်းရန်လိုမှုသည် အသစ်အဆန်းမဟုတ်ပေ။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်က “ဝံပုလွေစစ်သည်တော်” သံတမန်ရေးဟု ကမ္ဘာက ခေါ်ဆို သည့် ရန်လိုပြီး ထိပ် တိုက်တွေ့သော သံတမန်ပုံစံကို ဦးဆောင်ခဲ့ပြီး အထူးသဖြင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော နေမြေများတွင် ဖော်ဆောင်ခဲ့သည်။
ယင်းရန်လိုမှု၏ အရင်းခံအား အမျိုးသားရေးစိတ်ဓာတ်လွန်ကဲသော ၂၀၁၃ ခုနှစ် တရုတ်ဘာသာစကား ဖြင့် ရေးသားထားသော ဆောင်းပါးတပိုဒ်တွင် အထင်အရှားတွေ့မြင်ရသည်။ ထိုဆောင်းပါးက တရုတ် နိုင်ငံတိုက်ခိုက်ရန် လိုအပ်မည့် “ရှောင်လွှဲမရနိုင်သော စစ်ပွဲများ” ကို အကြံပြုထားသည်။
ယင်းကို ရှီကျင့်ဖျင် ၂၀၁၃ ခုနှစ် မတ်လတွင် သမ္မတအဖြစ် တာဝန်ယူပြီးနောက် လအနည်းငယ် အကြာတွင် တရုတ်သတင်းအေဂျင်စီ Zhongguo Xinwenshe ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အချိန်ကာလ အစဉ်အတိုင်း စစ်ပွဲများကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။
၁။ ထိုင်ဝမ်ကို ပေါင်းစည်းရန် စစ်ပွဲ (၂၀၂၀–၂၀၂၅)၊
၂။တောင်တရုတ်ပင်လယ်ရှိ ကျွန်းများကို ပြန်လည်ရယူရန် စစ်ပွဲ (၂၀၂၅–၂၀၃၀)၊
၃။ တောင်ပိုင်း တိဘက်ကို ပြန်လည်ရယူရန် စစ်ပွဲ (၂၀၃၅–၂၀၄၀)၊
၄။ ရှင်ကာကု နှင့် ရူကူး ကျွန်းများကို ပြန်လည်ရယူရန် စစ်ပွဲ (၂၀၄၀–၂၀၄၅)၊
၅။ အပြင်မွန်ဂိုလီးယားကို ပေါင်းစည်းရန် စစ်ပွဲ (၂၀၄၅–၂၀၅၀)နှင့်
၆။ ရုရှားက သိမ်းယူခဲ့သော နယ်မြေကို ပြန်လည်ရယူရန် စစ်ပွဲ (၂၀၅၅–၂၀၆၀) တို့ ဖြစ်သည်။
ယင်းဆောင်းပါးသည် လက်တွေ့ကျသော စစ်ရေးအခြေအနေထက် စိတ်ကူးယဉ်လက်ရာတခု ဖြစ်ခဲ့ သည်။
တရုတ်က ပထမဆုံး ထိုင်ဝမ်ကို သိမ်းပိုက်ရန်၊ ထို့နောက် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ထံမှ အငြင်းပွားနေ သော တောင်တရုတ်ပင်လယ် ကျွန်းများအားလုံးကို သိမ်းယူရန်၊ အိန္ဒိယထံမှအာရူနာချယ် ပရာဒေ့ရှ်ကို သိမ်းပိုက်ရန်၊ ဂျပန်ထံမှ ရှင်ကာကုကျွန်းများကို သိမ်းယူရန်၊ မွန်ဂိုလီးယားသိမ်းပြီးနောက်၊ နောက်ဆုံး တွင် ယူကရိန်းအရွယ် အစားရှိသော နယ်မြေကို ရုရှားထံမှ သိမ်းယူရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
ယင်းစစ်ပွဲများအနက် အနည်းဆုံး နှစ်ခုမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ရုရှားတို့နှင့် တိုက်ခိုက်ရမည့် စစ်ပွဲများဖြစ်သည်။ ကျန်စစ်ပွဲ နှစ်ခုဖြစ်သည့် ထိုင်ဝမ်နှင့် ဂျပန်တို့နှင့် တိုက်ခိုက်မည့် စစ်ပွဲများကြောင့် အမေရိကန်က ကြားဝင်စွက်ဖက်လာနိုင်ဖွယ် ရှိသည်။
ယင်းဆောင်းပါးသည် ထိုအချိန်က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အချို့သော အစိတ် အပိုင်းများတွင် မြင်တွေ့ရသော အမျိုးသားရေးစိတ်ဓာတ် လွန်ကဲသော သဘောထားကို ထင်ဟပ်ပြနေ ကြောင်း သမိုင်းပညာရှင် ဂျော့ဖ် ဝိတ်ဒ်က ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် သြစတြေးလျ မဟာဗျူဟာ မြောက်မူဝါဒဆိုင်ရာအဖွဲ့အစည်းတွင် ဖော်ပြခဲ့သည့် စာတမ်းတွင် မှတ်ချက်ပြုခဲ့သည်။
သို့သော် ယင်းသဘောသဘာဝရှိသော ဆောင်းပါးကို နိုင်ငံတော် သတင်းအေဂျင်စီက ဖော်ပြခဲ့ခြင်းက ထိပ်တန်းခေါင်းဆောင်များက ခွင့်ပြုခဲ့ကြောင်း ဖော်ပြနေသည်။
တရုတ်သာ အင်အားမကြီးထွားလာပါက ယင်းဆောင်းပါးကို မေ့လျော့သွားဖွယ်ရှိနေသည်။ လက်ရှိဖြစ် ရပ်များက ယင်းဆောင်းပါးအား ပြန်လည်အမှတ်ရစေပြီး နယ်မြေပြန်လည်ရယူလိုသော လမ်းကြောင်း အတိုင်း လိုက်နေသည့် တရုတ်အစိုးရ၏ အာဏာရှင်ဆန်သော ပုံရိပ်ကို ဖော်ပြနေသည်။
PLA ၏ လျင်မြန်စွာ စစ်ရေးအားဖြည့်မှုကြောင့် နယူးဒေလီမှ တိုကျိုအထိ အိမ်နီးချင်းနိုင်ငံများတွင် စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။ တရုတ်တွင် ကမ္ဘာပေါ်တွင် အကြီးဆုံး တိုက်ခိုက်ရေး သင်္ဘောများ ရှိသည်။
စက်တင်ဘာလ ၃ ရက်၊ အင်ပါယာဂျပန်က တရုတ်သမ္မတနိုင်ငံထံ လက်နက်ချခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်း အ မှတ်နေ့တွင် တရုတ်က သမိုင်းတလျှောက် အကြီးမားဆုံးသော စစ်ရေးပြပွဲကို ကျင်းပခဲ့ပြီး လေကြောင်း၊ ပင် လယ်နှင့် မြေပြင်မှ ပစ်လွှတ်နိုင်သော နျူကလီးယားလက်နက် ပို့ဆောင်ရေးစနစ်များ ဖြင့် တိုးတက်လာနေသည့် ယင်း၏ လက်နက်အင်အားကို ထုတ်ဖော်ပြသခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီက အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန်၊ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ရန်နှင့် ယင်း၏ နိုင်ငံခြားနှင့် ပြည်တွင်းမူဝါဒများ ဟန်ချက်ညီစေရန်အတွက် ‘အရှက်ရစရာ ရာစုနှစ်’ (၁၈၃၉-၁၉၄၉) ကို အစွမ်း ထက်သော ဝါဒဖြန့်ချိရေး ကိရိယာအဖြစ် အသုံးပြုခဲ့သည်။
၁၇ ရာစုတွင် မန်ချူးမျိုးနွယ် (ဟန်လူမျိုးမဟုတ်) မှ ဆင်းသက်လာသော ချင်းမင်းဆက်လက်ထက်တွင် ဧကရာဇ် တရုတ်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဤမင်းဆက်သည် ၁၆၉၁ မှ ၁၉၁၁ အထိ နှစ်ပေါင်း နှစ်ရာကျော် တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။
ယင်း၏ ကျဆင်းမှုသည် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်နှင့် ရုရှားကဲ့သို့သော ကြီးမားသော အင်အားကြီးနိုင်ငံများ က နယ်မြေအမြောက်အမြားကို သိမ်းယူခဲ့သည့် ၁၉ ရာစုတွင် စတင်ခဲ့သည်။
ရုရှားအင်ပါယာသည် ယနေ့ခေတ် ရုရှားအရှေ့ဖျားဒေသဖြစ်သည့် စတုရန်းကီလိုမီတာ ၆၀၀,၀၀၀ ကျော် ကို သိမ်းယူခဲ့သည်။
၁၉၁၃ ခုနှစ်တွင် တိဘက်သည် လွတ်မြောက်ခဲ့ပြီး လွတ်လပ်ရေးကို ကြေညာခဲ့ကာ ဗြိတိန်နှင့် တရုတ်တို့၏ ဆယ်စုနှစ်များစွာ ထိန်းချုပ်ရန် ကြိုးပမ်းမှုများကို ပယ်ချခဲ့သည်။
တိဘက်ကိုယ်စားလှယ်များက ဗြိတိသျှအိန္ဒိယနှင့် ၁၉၁၄ ခုနှစ်တွင် ဆင်းမ်လား သဘောတူညီချက်ကို လက်မှတ်ရေးထိုးစဉ် အိန္ဒိယနှင့် နယ်နိမိတ်အဖြစ် မက်မဟွန်းမျဉ်းကို သဘောတူခဲ့သည်။
တရုတ်ကိုယ်စားလှယ်များသည် ညီလာခံသို့ တက်ရောက်ခဲ့သော်လည်း သဘောတူညီချက်ကို လက်မှတ် မထိုးခဲ့ပေ။ တရုတ်က အိန္ဒိယနယ်မြေအပေါ် ယင်း၏ အခြေအမြစ်မရှိသော တောင်းဆိုမှု များအတွက် ယင်းငြင်းပယ်မှုကို အခြေခံအဖြစ် အသုံးပြုနေသည်။
လွတ်လပ်သော အိန္ဒိယသည် ဗြိတိသျှအိန္ဒိယ၏ နယ်နိမိတ်များကို ဆက်ခံခဲ့သော်လည်း ပန်ချ်ရှိလ် သဘောတူစာချုပ်ဟုလည်း လူသိများသော ၁၉၅၄ ခုနှစ် တရုတ်-အိန္ဒိယ သဘောတူညီချက်အရ တိဘက်အပေါ် ဗြိတိသျှ၏ တောင်းဆိုမှုများကို စွန့်လွှတ်ခဲ့သည်။ အိန္ဒိယသည် တိဘက်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုခဲ့သည်။
ပေကျင်းက တိဘက်ကို ကျူးကျော်သိမ်းပိုက်ခဲ့သည့် ၁၉၅၁ ခုနှစ်တွင် အိန္ဒိယနှင့် တရုတ်သည် သမိုင်းတ လျှောက် ပထမဆုံးအကြိမ် အိမ်နီးချင်းများ ဖြစ်လာခဲ့သည်။
ဆယ်စုနှစ်များစွာ တရုတ်က အာရူနာချယ် ပရာဒေ့ရှ်၏ အစိတ်အပိုင်းတချို့ကိုသာ တောင်းဆိုခဲ့သည်။ သို့သော် ယခုအခါတွင် ယင်းသည် သြစတြီးယားနိုင်ငံ အရွယ်အစားရှိသော ၈၃,၇၄၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ပြည်နယ်တခုလုံးကို တောင်းဆိုနေသည်။
တရုတ်သည် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယနှင့် နယ်စပ်စစ်ပွဲ တိုက်ခိုက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေလ ဂယ်လ်ဝမ် အထိ နယ်စပ်တွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေသည်။
ပေကျင်းနှင့် နယူးဒေလီအကြား ဆက်ဆံရေး မကြာသေးမီက ပြေလည်မှုရှိခဲ့သော်လည်း တရုတ်က တိဘက်ကုန်းပြင်မြင့်တွင် စစ်အင်အားဖြည့်တင်းခြင်းနှင့် ပါကစ္စတန်ကို လက်နက်တပ်ဆင်ပြီး အိန္ဒိယကို ဆန့်ကျင်ရန် တပ်ဖွဲ့များ နေရာချထားခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေသည်။
တရုတ်၏ အိန္ဒိယ၊ ဂျပန်နှင့် တောင်တရုတ်ပင်လယ်ရှိ နိုင်ငံများအပေါ် မကြာသေးမီက ရန်လိုမှုများသည် ပထမစစ်ပွဲသုံးခု၏ အချိန်ဇယားများနှင့်အညီ ယင်း၏ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်များအပေါ် သဘောထားတင်းမာလာကြောင်းကို ညွှန်ပြနေသည်။
ဤရန်လိုမှုသည် နယ်နိမိတ်များကို ပြောင်းလဲရန် အင်အားသုံးခြင်းကို တားမြစ်ထားသည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စာပိုဒ် ၂ (၄)) နှင့် ဆန့်ကျင်နေသည်။
ယင်းကို ချိုးဖောက်ပါက ဂျပန်ဝန်ကြီးချုပ် တာကာအီချီ အကြံပြုခဲ့သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ သံတမန် ရေးအရ အထီးကျန်ဖြစ်စေခြင်း၊ ပိတ်ဆို့အရေးယူခံရခြင်းနှင့် စစ်ရေးတုံ့ပြန်မှု ခြိမ်းခြောက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
အမေရိကန်က အင်ပါယာဂျပန်ကို အနိုင်ယူခြင်းသာ မရှိခဲ့ပါက တရုတ်၏ တိုးတက်လာမှုသည် ဖြစ်လာ နိုင်မည်မဟုတ်ပေ။
ချန်ကေရှိတ်၏ တရုတ်သမ္မတနိုင်ငံ (RoC) သည် ဂျပန်သိမ်းပိုက်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဝင်နေစဉ် တွင် မော်စီတုန်းသည် တရုတ်ကွန်မြူနစ်ပါတီကို တည်ဆောက်ရေး ဦးစားပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် မော်က ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော RoC တပ်ဖွဲ့များကို အနိုင်ယူခဲ့သည်။ RoC သည် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ထွက်ပြေးခဲ့ပြီး ယနေ့အထိ ထိုင်ဝမ်တွင် တည်ရှိနေသည်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အဆုံးတွင် ကုလသမဂ္ဂကို တည်ထောင်ခဲ့ခြင်းသည် ကိုလိုနီစနစ်နှင့် နယ်မြေ သိမ်းပိုက်မှု ခေတ်ကို အဆုံးသတ်စေခဲ့ပြီး အင်ပါယာအင်အားကြီးနိုင်ငံ လေးခုဖြစ်သော ဂျပန်၊ ဂျာမနီ၊ အီတလီနှင့် ဗြိတိန်တို့ ပျက်သုဉ်းခဲ့ရသည်။
တရုတ်ကို ယခင်က နှိပ်စက်ခဲ့သူများ စွန့်လွှတ်ခဲ့သည့် နေရာကို ရယူရန် တရုတ်က မျှော်လင့်နေသည်မှာ အံ့ဩဖွယ်ရာ ဖြစ်ပါသည်။
India Today မှ China’s latest aggression and ‘the wars it must fight’ အား သောမတ် ဘာသာပြန်သည်။


Leave a Reply