ဗန်းမောက်-အင်းတော်လမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှာ နွေနွေကိုဆိုတဲ့ အမျိုးသမီးငယ်တစ်ဦး ၂၀၂၃၊ ဇန်နဝါရီ ၂၉ ရက်က ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အခုဆိုရင် သူ ပျောက်ဆုံးနေတာ ၃ နှစ် ပြည့်တော့မှာပါ။
နွေနွေကို ကို အင်းတော်ရဲစခန်းဆီ စတင်ဖမ်းဆီးသွားခဲ့ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ဂျပန်လှိုဏ်ဂူလို့ခေါ်တဲ့ စစ်တပ်ကုန်းကို ခေါ်ထုတ်သွားခဲ့တာပါ။ အဲဒီအချိန်ကစပြီး သူရဲ့သတင်းက လုံးဝစုံစမ်းလို့ မရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။
နွေနွေကို တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ပြင်ဆင်ပေးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ရန် အင်းတော်မြို့ကိုထွက်လာချိန် ဒလန်သတင်းပေးတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ မိသားစုဝင်တွေကလည်း အွန်လိုင်းသတင်းတွေကတစ်ဆင့် နွေနွေကို တစ်ယောက် ဖမ်းဆီးခံလိုက်ရပြီဆိုတာ နေ့ချင်းသိခဲ့ကြပါတယ်။
“ရွာက ဒလန်ကြောင့် မိတာပါ၊ ဟိုတိုင်းဆို မမိဘူး၊ သိတာကတော့ အလှပြင်ဆရာမ အဖမ်းခံရတယ်ဆိုထဲက ငါတို့က သိသွားပြီလေ၊ လိုင်းပေါ်တင်ထဲက ငါတို့ကမြင်ပြီ။” လို့ အဖေဖြစ်သူ ဦးမောင်(အမည်လွှဲ)က သမီးဖြစ်သူ ဖမ်းဆီးခံရကြောင်း သိခဲ့ပုံကို ပြန်ပြောပြပါတယ်။
အဲဒီနေ့ကစလို့ ဦးမောင်တစ်ယောက် သမီးဖြစ်သူသတင်းကို နေရာစုံမှာ လိုက်လံစုံစမ်းကာ သမီးပျောက်ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ သမီးဖြစ်သူ စစ်ကြောရေးမှာရှိတယ်၊ ကသာထောင်မှာရှိတယ်၊ အချုပ်ထဲမှာရှိတယ် စတဲ့ သတင်းမျိုးစုံကိုကြားခဲ့ရပြီး တိကျတဲ့သတင်းကိုတော့ သူတို့ မရခဲ့ပါဘူး။
“ငါစုံစမ်းတယ်၊ ကသာထောင်လည်း ရောက်တယ်၊ ငါတို့ဆီမှာက ကသာထောင်ပဲပို့တာကိုး၊ နောက်ဆုံး ကြားရတာက ထောင်ထဲမှာရှိတယ်ပေါ့၊ ထောင်ဝင်စာတွေ့တဲ့ဆီ ထောင်ထဲထိ ငါလိုက်တယ်၊ ဟိုရောက်တော့ မရှိဘူးချည်း ငြင်းတာလေ ထောင်မှူးက။”
နွေနွေကိုက အင်းတော်တောင်ပိုင်း၊ မဲဇာအုပ်စု၊ နန့်သဲကျေးရွာကပါ။ သူတို့မိသားစုမှာ အဖေ၊ အမေနဲ့ မောင်နှမ ၅ ယောက်ရှိပြီး သူက အကြီးဆုံးသမီးပါ။ အာဏာမသိမ်းခင်က အလှပြင်ဆရာမအနေနဲ့ အသက်မွေး ဝမ်းကျောင်းပြုခဲ့တဲ့ သူဟာ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သလို ပစ်ခတ် ဖမ်းဆီးမှုတွေ ပိုမိုဆိုးလာတဲ့နောက်ပိုင်း လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ပါတယ်။
၂၀၂၂၊ ၈ လပိုင်းမှာတော့ ဖခင်ထံမှာ တရားဝင်ခွင့်တောင်းပြီး စစ်သင်တန်းတက်ဖို့ KIA တပ်မဟာ ၈ ကို ထွက် သွားခဲ့ပါတယ်။ စနိုက်ပါပစ် ကျွမ်းကျင်တာကြောင့် သင်တန်းမှာ ဒုတိယဆုရခဲ့သလို ဒုံးကျည်မဆိုတဲ့ တော်လှန်ရေးနာမည်ပြောင်ကိုပါ ပူးတွဲရခဲ့သူပါ။
သင်တန်းဆင်းပြီးနောက် မော်လူးအခြေစိုက်၊ KIA တပ်ရင်း ၃၅ မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ နှစ် ကုန်ပိုင်းမှာတော့ အင်းတော်အခြေစိုက် ကသာခရိုင် တပ်ရင်း ၂ ကို ပြောင်းရွေ့တာဝန်ထမ်းခဲ့ပါတယ်။ သူဟာ တပ်ရင်း ၂ အဖွဲ့ဝင်ရဲဘော်အဖြစ် ရှိနေစဥ်မှာပဲ ဖမ်းဆီးခံလိုက်ရတာပါ။
နွေနွေကို အဖမ်းခံလိုက်ရတဲ့ ဇန်နဝါရီလ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ PDF မ တစ်ယောက်ကို ဖမ်းမိလာတယ်ဆိုတဲ့ သတင်းစကားသံတွေဟာ အင်းတော်ရဲစခန်းထဲ ပျံ့နှံ့ခဲ့တယ်လို့ အဲဒီအချိန်တုန်းက အင်းတော်ရဲစခန်းအချုပ်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။
အဲဒီစကားသံတွေကြောင့် အချုပ်ခန်းထဲမှာရှိတဲ့သူတွေက ချောင်းကြည့်ချိန် စစ်ကြောရေးလုပ်တဲ့ရုံးခန်းရှေ့မှာ JJ ဘောင်းဘီအနက်၊ ငှက်ခါးရောင် စပို့ရှပ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်၊ မှတ်တမ်းယူနေတာကို မြင်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“PDF မ ကို မိခဲ့တယ်၊ PDF မ ဖမ်းမိခဲ့တယ်ပေါ့၊ အဲတော့ အစ်မတို့က အချုပ်ခန်းအပေါက်ကနေ ဟိုဘက် စစ်ကြောရေးလုပ်တဲ့ ရဲစခန်းရဲ့ ရုံးခန်းပေါ့။ အဲဘက်ကို လှမ်းပြီး ချောင်းကြည့်လိုက်တဲ့အခါကျတော့ နွေနွေကိုကို ပုံစံအမျိုးအမျိုး ဓာတ်ပုံတွေရိုက်တယ်၊ နောက်ခံလိုက်ကာ အနီတို့၊ အပြာတို့နဲ့ အမျိုးမျိုးပြောင်းပြီး ရိုက်နေ ကြတာ” လို့ အဲဒီအချိန် နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတစ်ဦးက သူမြင်တွေ့ခဲ့ရတာကို ပြန်ပြော ပြပါတယ်။
အဲဒီနေ့ ညနေ ၆ နာရီကျော်မှာတော့ စစ်ကြောရေးခန်းထဲမှာ နွေနွေကို ကို စတင်စစ်ဆေးမေးမြန်းကြတယ်။ တစ်နာရီလောက် ကိုယ်ရေးအချက်လက်တွေ မေးပြီးနောက်မှာတော့ ရိုက်နှက်သံတွေ စကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အင်းတော်ရဲစခန်းအချုပ်နဲ့ စစ်ကြောရေးအခန်းက မျက်စောင်းထိုးအနေထားမှာရှိပြီး အချုပ်ခန်းဆောင် တံခါးပေါက်ကနေ ချောင်းကြည့်ရင် စစ်ကြောရေးအခန်းရှေ့က မျက်နှာစာနံရံကို လှမ်းတွေ့ရပါတယ်။ အဲတာကြောင့် မှတ်တမ်းပုံရိုက်နေချိန် မြင်လိုက်ရတာက ဖြစ်နိုင်ပြီး အဆောက်အဦတွေကလည်း မဝေးတာကြောင့် စစ်ကြောရေးလုပ်ချိန် ထွက်လာတဲ့အသံတွေကိုလည်း ကြားရနိုင်တယ်လို့ အင်းတော်ရဲစခန်းကနေ အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးတစ်ဦးက အတည်ပြုပါတယ်။
ရိုက်နှက်စစ်ဆေးပြီး နောက်နေ့ မနက် ၅ နာရီခွဲမှာတော့ နွေနွေကိုတစ်ယောက် အချုပ်ခန်းထဲကို ရောက်လာပါ တော့တယ်။
“သူငြီးသံ(အော်သံ)မကြားတော့ ငါတို့က ဒါ ဗလက်ကာယပြုတာလောက်ပဲရှိမယ်ထင်တယ်၊ မရိုက်လောက်ဘူး လို့ထင်တာ၊ ဒါပေမဲ့ ဘုန်းကနဲ ဘုန်းကနဲ ရွှမ်းကနဲတော့ ကြားတယ်၊ သူ့ကို အဲလောက်ကြီး ရိုက်ထားလိမ့်မယ်၊ တော်တော်ပြင်းပြင်းထန်ထန်ကြီးတွေ ရိုက်ထားလိမ့်မယ်လို့ မထင်ထားဘူးလေ၊ ကျောတွေရော၊ တင်ပါးတွေ ရော၊ ပေါင်တွေရော၊ တင်ပါးလေးတွေဆို ပေါက်ပြဲပြီး သွေးတောင်စို့တယ်။” လို့ အချုပ်ခန်းထဲမှာ နွေနွေကို ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ နိုင်ကျဉ်းအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
နွေနွေကိုရဲ့ ပြန်ပြောပြချက်အရ စစ်ကြောရေးခန်းထဲက စားပွဲထိပ်မှာ စစ်တပ်အရာရှိတစ်ဦးက ကွန်ပျူတာ တစ်လုံးနဲ့ထိုင်ကာ သူ့ကို မေးမြန်းပြီး အဲဒီအရာရှိရဲ့ဘေးမှာတော့ သေနတ်လွယ်ထားတဲ့ စစ်သား ၂ ယောက်က မတ်တပ်ရပ် လုံခြုံရေးယူပေးထားပါတယ်။ နွေနွေကိုရဲ့ နောက်ဘက်မှာတော့ ရဲအရာရှိနဲ့ ရဲတပ်သားတွေ ရှိနေပါတယ်။
စစ်ဆေးချိန် သူရဲ့ လက်နှစ်ဖက်ကို ရှေ့ထုတ်ကာ လက်ထိပ်ခတ်ထားပါတယ်။ ဝတ်စလစ်အနေထားနဲ့ စားပွဲခုံပေါ် ဝမ်းလျားမှောက်ခိုင်းထားပြီး ဝိုင်းဝန်းရိုက်နှက်ကြတာဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာမှာတော့ ခမရ-၄၁၆ ကနေ နွေနွေကို ကို လာရောက်ခေါ်ဆောင် သွားပြီး အင်းတော်စစ်တပ်ကုန်းလို့ခေါ်တဲ့ ဂျပန်လှိုဏ်ဂူကို ပို့လိုက်ကြပါတယ်။
အင်းတော်စစ်တပ်ကုန်းဆိုတာ မြို့ရဲ့ အရှေ့မြောက်ဘက် တောင်တန်းကြောပေါ်မှာ တည်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေက အဲဒီတောင်မှာ လှိုဏ်ခေါင်းတွေဖောက်ပြီး စစ်ဆေးရုံလုပ်ခဲ့တာကြောင့် ဂျပန်လှိုဏ်ဂူလို့လည်း ဒေသခံတွေက ခေါ်ကြပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်က အဲဒီတောင်ပေါ်မှာ ဟောင်ဝှစ်ဇာတွေတပ်ဆင်ကာ လက်နက်ကြီးကုန်း လုပ်ခဲ့သလို၊ လှိုဏ်ဂူထဲမှာ အုတ်နဲ့ ဘိလက်မြေတွေသုံးကာ အခိုင်အမာ တိုက်ခန်းတွေဆောက်၊ အခန်းတွေဖွဲ့ပြီး အရာရှိဆောင်နဲ့ ဆေးကုဆောင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။
အင်းတော်စစ်တပ်ကုန်းကို ခေါ်ဆောင်သွားခံရပြီးနောက် သတင်းအစနပျောက်သွားတဲ့ နွေနွေကို ကို ကသာထောင်မှာ တွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် မဏ္ဍိုင်သတင်းဌာနက လိုက်လံစုံစမ်းခဲ့ပေမယ့် နွေနွေကိုနဲ့ ပတ်သက်ပြီး ရဲစခန်းဘက်က အမှုမဖွင့်ခဲ့တာကြောင့် ကသာထောင်ကို မရောက်နိုင်ဘူးလို့ အဲဒီကာလ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းတာဝန်ခံအဖြစ်လုပ်ကိုင်ခဲ့တဲ့ CDM တပ်ကြပ်ကြီးတစ်ဦးက ပြောပါတယ်။
“ အမှုဖွင့်တာတွေ ဘာတွေ၊ စခန်းကနေ ကျတော်ရုံးကို ကျနော့်ဆီကို တက်တာပေါ့နော်၊ အဲဒီနွေနွေကိုဆိုတဲ့ နာမည်နဲ့ အမှုဖွင့်တာမရှိခဲ့ဘူး။ ကျနော်က နာမည်အားလုံးသိတယ်၊ ဖြစ်စဥ်က အလွတ်မရရင်နေ၊ အမှုဖွင့်တဲ့သူဆိုတော့ နာမည်တွေအားလုံးကို အလွတ်ရတယ်၊ နွေနွေကိုနဲ့ ပတ်သက်ပြီး အမှုမဖွင့်ခဲ့ဘူး။”
ပုံမှန်အခြေနေမှာ လူတစ်ယောက်ကို ဖမ်းဆီးလာရင် ၂၄ နာရီချုပ်နှောင်ခွင့်မရှိပေမယ့် စစ်အာဏာသိမ်းပြီး နောက်မှာတော့ အဲဒီဥပဒေက ပျောက်ပျက်သွားခဲ့ပါတယ်။ ဖမ်းဆီးခံလာရသူတွေကို စစ်တပ်ဘက်က တစ်ပတ်ကျော်ကြာ သီးသန့်စစ်ဆေးမေးမြန်းပြီး အမှုပေါ်ပေါက်ရင်တော့ စခန်းမှူးက တရားလိုလုပ်ကာ အမှုဖွင့်ကြပါတယ်။ အဲဒီလို အမှုဖွင့်ပြီဆိုတာနဲ့ ဖမ်းဆီးခံရသူရဲ့ အချက်လက်အကုန်က မှုခင်းစစ်ဌာနဆီကို ရောက်ပါတယ်လို့ သူက ရှင်းပြပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အင်းတော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြတဲ့ခါ ဂျပန်လှိုဏ်ဂူ စစ်တပ်ကုန်းဟာ စစ်ကောင်စီတပ်တွေရဲ့ နောက်ဆုံးခံစစ်ကုန်းပါ။ အဲဒီနေရာဟာ နွေနွေကို နောက်ဆုံးရောက်ရှိခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ နွေနွေကို တစ်ယောက်ရှိနေမလားဆိုတာ မိသားစုဝင်တွေရဲ့ မျှော်လင့်ချက်တစ်ခုပါ။
“တပ်ကုန်းကြီးကိုရခဲ့ရင် မိတဲ့သူတွေပဲဖြစ်ဖြစ်၊ ဖမ်းဆီးခံထားရတဲ့သူတွေကိုပဲဖြစ်ဖြစ် သူတို့ မေးကြလိမ့်မယ်လို့ မျှော်လင့်တာပလေ။” လို့ အမေဖြစ်သူက သမီးရဲ့ သတင်းကိုသိရဖို့ စစ်တပ်ကုန်းသိမ်းချိန်ကိုသာ စောင့်ဆိုင်းနေ ကြောင်း ပြောပြပါတယ်။
အမဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက်မှာတော့ ထီးချိုင့် တပ်မဟာ-၉ မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်ဖြစ်သူဟာ အင်းတော်အခြေစိုက် ကသာခရိုင် တပ်ရင်း ၂ ကို ပြောင်းရွေ့ခဲ့ပါတယ်။
အဲဒီလိုပြောင်းရွေ့ တာဝန်ထမ်းဆောင်တာက အမအတွက် သွေးကြွေးဆပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့သိမ်းတိုက်ပွဲမှာ ပါဖို့ဖြစ်တယ်လို့ နွေနွေကိုရဲ့ မိခင်က ပြောပြပါတယ်။
“မမကိုလုပ်သွားတဲ့ စစ်သားတွေကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်ရမယ်တဲ့၊ သူတို့ရဲ့ကြွေးကြော်သံက၊ အဲဒါဆိုတော့ သူတို့ကို ပြန်ပြီးတော့ သွေးကြွေးပြန်ဆပ်မယ်ဆိုပြီး သားကဝင်သွားတာ၊ ကျမက မသွားနဲ့တော့ဆိုတော့ အမအတွက် သွေးကြွေးဆပ်မှဖြစ်မယ်ဆိုပြီးတော့ မဖြစ်မနေဝင်မယ်ဆိုပြီး သားတယောက်က ဝင်သွားတာ။” လို့ နွေနွေကိုရဲ့ မိခင်ဖြစ်သူက အံကိုကြိတ်ပြီး ပြောပြပါတယ်။
အင်းတော်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄၊ ဇန်နဝါရီလလယ်မှာ စတင်ဆင်နွှဲခဲ့ပြီး ၈ လအကြာ ၂၀၂၅၊ ဧပြီလမှာတော့ နောက်ဆုံးခံစစ်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူအင်းတော်စစ်တပ်ကုန်းကို သိမ်းပိုက်အောင်မြင် ခဲ့ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအပါအဝင် စစ်သုံ့ပန်း ၁၆၀ ဝန်းကျင်ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲမှာ နွေနွေကို ကို စစ်ဆေးမေးမြန်းရာမှာ ပါဝင်ခဲ့တဲ့ အင်းတော်မြို့နယ် ရဲမှူးလှတင့်၊ စစ်တပ်ကုန်းကို ခေါ်ထုတ်ချိန် ပါဝင်ခဲ့တဲ့ ဒုရဲအုပ်ဖြိုးသက်ဇော်တို့လည်း ဖမ်းမိခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲပြီးနောက် နွေနွေကို အကြောင်းစုံစမ်းဖို့ တပ်ရင်းတပ်ဖွဲ့တွေကတစ်ဆင့် စစ်သုံ့ပန်းတွေနဲ့ ချိတ်ဆက်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် ချိတ်ဆက်ခွင့် မရခဲ့ပါဘူး။ မြို့သိမ်းပြီး ၃ လအကြာ ဇူလိုင်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ ဆက်သွယ်ကာ စစ်သုံ့ပန်းတွေနဲ့ ချိတ်ဆက် မေးမြန်း ခွင့်တောင်းခဲ့ပေမယ့် “လက်တလော ချိတ်ဆက် ဖြေကြားဖို့ မဖြစ်နိုင်သေးပါဘူး။” လို့သာ အကြောင်းပြန်ခဲ့ ပါတယ်။
သုံ့ပန်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ခွင့်မရခဲ့ပေမယ့် မြေပြင်သတင်းရင်းမြစ်တစ်ချို့ကနေ အင်းတော်မြို့နယ်ရဲမှူး လှတင့်ရဲ့ ထွက်ဆိုချက် တစ်စိတ်တစ်ပိုင်းကို သိခွင့်ရခဲ့ပါတယ်။
အဲဒီထွက်ဆိုချက်ထဲမှာ အင်းကုန်းမင်္ဂလာဆောင်ကနေ အလှပြင်ပြီး ပြန်လာတဲ့ အလှပြင်ဆရာမ တစ်ယောက်ကို စစ်ဆေးချိန် ဖုန်းထဲမှာ PDF ဝတ်စုံနဲ့ အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံတွေ့တာကြောင့် ကင်းအဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးက နန့်သဲရွာက နွေးနွေးလို့ သိရပြီး ကနဦးအနေနဲ့ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။
ရဲစခန်းစစ်ကြောရေးထဲရောက်ချိန် ဗျူဟာ ၈၈၁ ရဲ့ ဗိုလ်ကြီးမြတ်မိုးက လာရောက်စစ်ဆေးခဲ့ပြီး ၃ ရက်ခန့် အကြာ ညပိုင်းမှာတော့ ခမရ-၄၁၆ကနေ လာခေါ်သွားကာ သတ်ပစ်လိုက်တယ်လို့ ထွက်ဆိုထားပါတယ်။
ဒေသခံတပ်ရင်းတပ်ဖွဲ့တစ်ချို့ကို ချိတ်ဆက်မေးမြန်းချိန်မှာလည်း နွေနွေကိုတစ်ယောက် စစ်တပ်ကုန်းမှာ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတာ အတည်ပြုလိုက်ပြီဖြစ်ကြောင်း အကြောင်းပြန်ပါတယ်။
နွေနွေကိုရဲ့ မိသားစုဝင်တွေကတော့ လက်ရှိအချိန်ထိ သမီးဖြစ်သူရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မသိထားကြသေး ပါဘူး။ ဖခင်ဖြစ်သူက သမီးဖြစ်သူ လက်နက်ကိုင်လမ်းစဥ်ကို လျှောက်ချိန်ကတည်းက အဆိုးဆုံးအခြေအနေအတွက် ကြိုတင်တွေးထားပေမယ့် ဖမ်းဆီးခံလိုက်ရတယ်လို့ ကြားချိန် အိပ်ယာထဲလဲတဲ့ထိ စိတ်ထိခိုက်ခဲ့ရတာပါ။
မိခင်ဖြစ်သူကလည်း သမီးဖြစ်သူ သေဆုံးသွားနိုင်ကြောင်း အဆိုးဆုံးအခြေအနေထိ ကြိုတွေးထားပေမယ့် တစ်နေ့ အသက်ရှင်လျက် ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ရှိနေသေးကြောင်း ငိုသံကိုထိန်းရင်း အခုလိုပြောပြပါတယ်။
“ကုသိုလ်ကံကောင်းရင်လည်း ပြန်တွေ့ရမယ်၊ ကုသိုလ်ကံမကောင်းရင်လည်း ပြန်မတွေ့ရဘူး၊ အဲလို မှတ်ထားပြီးတော့ တွက်တော့တာလေ။ တနေ့ တွေ့ရနိုးနိုး၊ ကြားရနိုးနိုးနဲ့ မျှော်လင့်နေတာပ”
*မိသားစုဝင်များဖတ်ရှုရန်မသင့်တော်ဟု ယူဆရသည့်အချက်အလက်တချို့ကို ပြန်လည်တည်းဖြတ်ထားပါသည်။
ချယ်ရီ ရေးသည်။

Leave a Reply