တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့ ဇန်နဝါရီ ၁၆၊ ၁၇ ရက်များက ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနိုင်ရန် ၇ ကြိမ်ခန့်ထိ တွေ့ဆုံခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်က သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကာ MNDAA နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုမှာ ယခုဆိုလျှင် ဒုတိယအကြိမ် ဖြစ်သည်။
အပစ်အခတ်ရပ်စဲမှု နောက်ဆက်တွဲအနေဖြင့် MNDAA ထိန်းချုပ်ထားသည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို တရုတ် ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သလို MNDAA နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ကြား ကုန်စည် သယ်ယူခွင့်ကိုလည်း ပြန်လည် ခွင့်ပြုပေးထားသည်ဟု UWSA က ထုတ်ပြန်ထားသည်။
လတ်တလော စစ်တပ်နှင့် MNDAA တို့ အပစ်ရပ်သည့်အခြေအနေအပေါ် စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်အား ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အခုလို စစ်တပ်နဲ့ MNDAA တို့ တရုတ်ကြားဝင်မှုနဲ့ အပစ်ရပ်တဲ့အပေါ် မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခုက တရားဝင်ကြားသိထားတဲ့အနေအထားအရ ကိုယ့်ဘက်က သွေး၊ အသက်တွေ ရင်းထားရတဲ့ လားရှိုးက ဆုတ်မပေးဘူး။ စစ်ကောင်စီကို ဆုတ်မပေးတဲ့ အခြေခံအပေါ်ကနေ လုပ်တဲ့သဘောတူညီချက်ဆိုလို့ရှိရင် ကိုးကန့်အတွက် အကျိုးရှိတယ်လို့ မြင်ပါတယ်။
ကိုးကန့် တောင်းဆိုတာက ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ စစ်ရပ်စဲရေး လုပ်မယ်။ ဒီလိုလုပ်ပြီဆိုရင် စစ်တပ်က လေကြောင်း ထိုးစစ်တွေ အမြောက်နဲ့ ပစ်တာတွေ မလုပ်ရဘူးဆိုတာ တပ်ဘက်က သဘောတူလိုက်တယ်။ ဒါတွေရပ်ဆိုင်းပေးမယ်ပေါ့။
ဒါဟာ သူတို့ကိုးကန့်နဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသမှာရှိနေတဲ့ လူထုအတွက်တော့ အကျိုးရှိပါတယ်၊ အဲဒါတွေ မရပ်ရင် တော့ ပြန်ပြီးတော့ ဖြစ်ကြမှာပေါ့။ အရင် ဟိုင်ဂင်အစည်းအဝေးလိုပဲ။ ဒီတခါလည်း အဲဒီလို သဘောထားပေးတာပေါ့။
နောက်တခုက ဘာလဲဆိုရင် ကိုးကန့်၊ UWSA နဲ့ အဲဒီဒေသမှာရှိနေတဲ့ တရုတ်နဲ့ ကုန်စည်ကူးသန်းမှုတွေ မန္တလေးနဲ့ အဲဒီဘက် ဒေသတွေကြား ကုန်စည်စီးဆင်းမှုတွေကို ဖွင့်ပေးလိုက်တဲ့အတွက် သူတို့ဒေသ လူထုအတွက်လည်း အတော်လေး အကျိုးရှိပါတယ်။ အရင်တုန်းက ဖြတ် ၅ ဖြတ်တွေ လုပ်ထားတဲ့အခါကျတော့ လူထုက တော်တော်လေး ဒုက္ခရောက်တယ်။
အခုကတော့ အဲဒါတွေ လျှော့ပေးမယ်၊ အဲဒါတွေ ဖွင့်ပေးမယ်ဆိုတဲ့အခါ အခု ဖွင့်လည်းဖွင့်နေပါပြီ၊ အဲဒါတော့ အကျိုးရှိတဲ့ အချက်အလက်ပေါ့ဗျာ။ အဲဒီတော့ အဲဒီလိုအခြေအနေအောက်မှာ အခုလို စစ်ရပ်စဲလိုက်တာ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တာ ကိုးကန့်အတွက်ကတော့ ပိုပြီးတော့ အကျိုးရှိတယ်လို့ ကျနော်တော့ ယူဆပါတယ်။
မေး။ ။ ကိုးကန့်တပ် လားရှိုးကနေ ပြန်ဆုတ်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့ သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်။ သူလည်း သူ့တပ်ဖွဲ့တွေရဲ့ သွေး၊ အသက်တွေ ရင်းနှီးပြီး ရယူထားတဲ့နေရာဖြစ်လို့ အဲဒီနေရာကနေ အလွယ်တကူတော့ ဆုတ်ပေးမှာ မဟုတ်ဘူး။
ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဆွေးနွေးပွဲပျက်သွားတာ အဲဒါကြောင့်ပဲလေ၊ စစ်ကောင်စီကနေပြီးတော့ လားရှိုးကနေ ပြန်ဆုတ်ပေးဖို့တောင်းတာ အဲဒါ သဘောမတူခဲ့ဘူး။ အဲဒီသဘောထားကတော့ အခုထက်ထိ ဆက်ပြီး ရှိဦးမှာပဲလို့ ကျနော်ကတော့ ယူဆပါတယ်။
အဲဒီအခြေခံအပေါ်မှာတော့ ကျနော်တို့ MNDAA အနေနဲ့ အပေးအယူလုပ်မှာ မဟုတ်ဘူးလို့၊ လောလောဆယ်နော် စစ်ရေး နိုင်ငံရေးအနေအထားအရ အဲဒီလို မလုပ်သင့်သေးဘူးလို့ ကျနော်က ယူဆပါတယ်ဗျ၊ လုပ်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်ပါတယ်။
မေး။ ။ ကိုးကန့် ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က ဗုံးကြဲတာ၊ ပြန်ထိုးစစ်ဆင်တာမျိုးတွေ လုပ်လို့မရတော့ဘူးဆိုတဲ့ စစ်ကောင်စီက လိုက်နာနိုင်မယ်လို့ ထင်လား။
ဖြေ။ ။ အဲဒါဆိုရင်တော့ ဒီသဘောတူစာချုပ်က ပျက်သွားမှာပေါ့။ အဲဒါကို တရုတ်ကနေပြီးတော့ ဝင်ပြီးတော့ အာမခံထား တဲ့အခါကျတော့ တရုတ်ကပဲ အဲဒီကိစ္စကို ဝင်ရောက်ပြီးတော့ စစ်ကောင်စီကို ကန့်ကွက်မယ်လို့တော့ ထင်ပါတယ်၊ ဒီလို မလုပ်ရင်တော့ MNDAA က ပြန်တိုက်မှာပဲ ပြန်တိုက်ရင် စစ်က ပြန်ဖြစ်ကြဦးမှာပဲ။
ဒီ စစ်ကောင်စီတခုလုံးရော ခေါင်းဆောင်နေတဲ့ မင်းအောင်လှိုင်ရဲ့ တွေးခေါ်စဉ်းစားနည်းဟာ တော်တော်ကို နိမ့်ကျပြီး ခေါင်းဆောင် မပီသတဲ့ ကတိမတည်တဲ့ လူတယောက် ဖြစ်တဲ့အခါကျတော့ လက်တွေ့ သူဘာလုပ်မလဲဆိုတာ ကြည့်ရုံပါပဲ၊ ဟိုင်ဂင်အစည်းအဝေး ဒုတိယအစည်းအဝေး ပျက်သွားတာလည်း အဲဒါကြောင့်ပဲလေ။ စစ်ကောင်စီဘက်က လုပ်လာရင် တော့ ပျက်မှာပါပဲ ဒါကို တရုတ်က အာမခံရမှာပေါ့ဗျာ။
မေး။ ။ ကိုးကန့်တပ်ဘက်ကနေ စစ်တပ်က စစ်သုံ့ပန်း ၂ ထောင်ကျော် ပြန်လွှတ်ပေးမယ်ဆိုတာကို ဘယ်လိုသုံးသပ်ချင် ပါသလဲ
ဖြေ။ ။ စစ်သုံ့ပန်းဆိုတာ တကယ်ကျ အထုပ်ပဲဗျ။ ကိုယ်က နေ့စဉ်ကျွေးမွေးပြုစုနေရတာ၊ အခုရခိုင်မှာ လုပ်သလို လေကြောင်းထိုးစစ်ကြောင့် အမြောက်မြား သေကုန်တာမျိုးဆိုရင် ကိုယ်က တရားခံဖြစ်ဦးမှာ၊ အဲဒီတော့ အဲဒီစစ်သုံ့ပန်း တွေကတော့ ပြန်လွှတ်လိုက်တာ ကောင်းပါတယ်။
နောက်ပြီးတော့ ဒါတွေက ရန်သူ့တပ်က လာတဲ့သူတွေ ဘယ်လိုမှ စိတ်ချလို့ မရဘူး။ အခြေအနေတခုကြောင့် သူတို့က လက်နက်ချတာ အလံဖြူထောင်တာ၊ အဲဒီလိုလူတွေကို အားကိုးယုံကြည်နေလို့တော့ အလကားပါပဲ၊ အဲဒီတော့ စစ်သုံ့ပန်း ဆိုတာတွေက နိုင်ငံတကာဥပဒေတွေကို မချိုးဖောက်ချင်လို့သာ တကယ်ကတော့ အဖွဲ့အစည်းတိုင်းအတွက် ဒါတွေက အထုပ်တွေပဲ။ အဲဒါတွေ မြန်မြန်လွတ်သွားလေ ကောင်းလေပဲ။
မေး။ ။ ဒီလိုမျိုး အပစ်ရပ်စဲလိုက်တာကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) တို့လိုမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်ရော သက်ရောက်မှု ရှိနိုင်မလား။
ဖြေ။ ။ သက်ရောက်မှုတော့ နည်းနည်းပါးပါး ရှိတာပေါ့ သူတို့ကိုယ်တိုင် ဝင်တိုက်ခွင့်တော့ မရတော့ဘူးပေါ့ဗျာ။ သူတို့ ကိုယ်တိုင် ပါဝင်တိုက်ခိုက်မှု မရှိတော့တဲ့အတွက်တော့ နွေဦးတော်လှန်ရေးအတွက် အင်အားတရပ်တော့ ယုတ်လျော့သွား တာပေါ့ဗျာ။ သို့သော်ငြားလည်း သူတို့ သိမ်းဆည်းရမိထားတဲ့ ရန်သူ့လက်နက်တွေက အဲဒီအဖွဲ့တွေဆီကို စီးဆင်းလာနိုင် တယ်။ TNLA ကနေတဆင့် အညာဒေသလည်း အဲဒါတွေက အင်အားတွေ ဖြစ်လာနိုင်ပါတယ်၊ ဒါကလည်း ကိုယ့်အတွက် အကျိုးရှိတဲ့ အချက်အလက်တခုပါပဲ။
မေး။ ။ ကိုးကန့်တပ်အပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ချဉ်းကပ်ဖြေရှင်းသင့်လဲ။
ဖြေ။ ။ ကျနော်တို့အမြင်ကတော့နော် တောမီးလောင်ရင် ပြန်ပြီးတော့ လှန်ပြီး မီးရှို့ရတယ်ဗျ။ ဆိုလိုတာက ရေနဲ့ ဖြန်းနေရုံနဲ့ မရဘူး၊ အဲဒီတော့ တရုတ်နဲ့ ပတ်သက်လို့ ကျနော်တို့ KIA က သုံးတဲ့ ပေါ်လစီမျိုး ပေါ့။ သူက ကိုယ့်ကို ဝက်အူရစ်တင်း လာရင် ကိုယ်ကလည်း ပြန်တင်းလိုက် သူလျှော့ရင် ကိုယ်က ပြန်လျှော့လိုက်၊ အဲဒီ တော့ မီးစတဖက် ရေမှုတ်တဖက် ပေါ်လစီ သူ ကျင့်သုံးရင် အဲဒီ မီးစတဖက် ရေမှုတ်တဖက်ပေါ်လစီ ကိုယ်ကလည်း ပြန်ကျင့်သုံးရုံပါပဲ၊ ဒါကတော့ ကျနော့်ရဲ့ ယေဘူယျအမြင်ပါပဲ။
မေး။ ။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ၁၀၂၇ စစ်ဆင်ရေးပြီးသွားပြီလို့ ပြောဆိုနေကြတဲ့အပေါ် သုံးသပ် ပေးပါဦး။
ဖြေ။ ။ ၁၀၂၇ စီမံကိန်းဆိုတာ နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်ခဲ့တာပေါ့ဗျာ။ အဲဒီတော့ ၁၀၂၇ စီမံကိန်းပြီးတာ မပြီးတာက နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာ မဟုတ်ပါဘူး။ ကျနော်တို့ နွေဦးတော်လှန်ရေးကို တော့ ဆင်နွှဲနေတဲ့ အင်အားစုတိုင်းရင်းသားပေါင်းစုံ ပြည်သူတွေကတော့ ဆက်ပြီးတော့ ဆင်နွှဲသွားကြဖို့ပါပဲ။ အဲဒီတော့ ၁၀၂၇ ပြီးတယ် မပြီးဘူးဆိုတဲ့ကိစ္စက ရှိလာလည်း အဆုံးအဖြတ်မပေးဘူးပေါ့ဗျာ။ ပြည်သူလူထုက ဆုံးဖြတ်မယ်လို့ ကျနော်က ယုံကြည်ပါတယ်။
Leave a Reply