ဘုန်းကြီးအမှု ရွာပတ် ဆိုသည့် စကားရှိသည်။ မြန်မာ့လူနေမှု ဓလေ့တွင် ဘုန်းကြီးသည် တိုက်ရိုက် အာဏာမရှိစေကာမှု ရပ်ရွာတခု၏ ဥသျှောင် သို့မဟုတ် ဩဇာလွှမ်းမိုးသူ ဖြစ်သည်။ ထိုဘုန်းကြီး ပြဿနာတခုခု ဖြစ်လျှင် ရပ်ရွာအတွင်း နေထိုင်သူမှန်သမျှ တိုက်ရိုက်ဆိုင်ဆိုင် မဆိုင်ဆိုင် ပါဝင်ပတ်ရသည့် သဘောကို စကားပုံက ရည်ညွှန်းလိုဟန်ရှိသည်။
ယခုခေတ်တွင်တော့ ကိုယ်လည်း ဘာမှမလုပ်လိုက်ရ၊ မသိလိုက်ရပါဘဲ တယောက်ယောက်၏ အရှုပ်ထုပ် ပြဿနာထဲ ဝင်ပါနေသည့်အခါ ဘုန်းကြီးအမှု ရွာပတ်ဟု ငြီးတွားတတ်ကြသည်။
ယခု အိုင်စီဂျေက အမှုသည်လည်း မြန်မာနိုင်ငံသူအများအဖို့ ဘုန်းကြီးအမှု ရွာပတ်ခြင်း သက်သက်သာ ဖြစ်လေသည်။
ပြည်သူ့ မေးခွန်း
လွန်ခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်က မွှေးလိုက်သော မီးသည် ထပ်တလဲလဲ ပွဲဆူစေခဲ့ပြီးသား ဖြစ်သည်။ ယခုလည်း အိုင်စီဂျေတရားရုံးတွင် အမှုကို ဆက်လက် စစ်ဆေး တရားဆိုင်ကြသည့်အခါ ကမ္ဘာရော မြန်မာ့သတင်းရပ်ဝန်းတွင်ပါ ငြင်းကြခုံကြသည်။ တချို့က မိမိအမြင်အတိုင်း အကျိုးအကြောင်းရှင်းပြ၊ တချို့က စိုးရိမ်ပူပန်၊ တချို့က ပြည်သူကို ဆရာလုပ် ဝေဖန်ဆုံးမကြသည်။
အမြင်အမျိုးမျိုး ပြောဆိုနေကြ၊ ငြင်းခုန်နေကြသဖြင့် အဓိက အချက်ကိုတော့ လက်လွတ်သွားမှာ စိုးရိမ်မိသည်။
အခုလို အိုင်စီဂျေမှာ တရားစွဲ အမှုရင်ဆိုင်နေရတဲ့ ကိစ္စက သာမာန်ပြည်သူတွေအတွက် ဘာအဓိပ္ပါယ်ဆောင်သလဲ။ အထူးသဖြင့် ကိုယ်တိုင်က မိသားစု အသတ်ခံရ အိမ်ဗုံးကြဲခံထားရပြီး စစ်ဘေးရှောင် ဖြစ်နေရသည့် အညာသားတယောက်အတွက် ဆိုလျှင် ဘာအဓိပ္ပါယ် သက်ရောက်သနည်း။ မြောက်ဦးဆေးရုံအပါအဝင် နိုင်ငံအနှံ့က ဆေးရုံတွေ ဗုံးအကြဲခံရလို့ မိသားစု ဆုံးရှုံးသွားရသည့် သာမာန်ရပ်သူရွာသားများအတွက် ဆိုလျှင်ကော ဘာသဘော ဆောင်ပါသလဲ။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာမှာလဲ။
နောက်ဆုံး တရားရုံး ဆုံးဖြတ်ချက်က မည်သို့ဖြစ်လာမည် မသိသေးသော်လည်း ဤအဖြေတွေကိုတော့ ကြိုတင်သိချင်မိသည်။ ရှုပ်ထွေးသည့် ဥပဒေရေးရာ တင်ပြချက်တွေကို ဆွေးနွေးငြင်းခုံဖို့ထက် လူတိုင်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် မေးခွန်းကိုသာ မေးနေမိသည်။

နာကျင်စရာ နိုင်ငံတော်
အထက်က ပြောခဲ့သလို ဤကိစ္စက ဘုန်းကြီးအမှု ရွာပတ်ခြင်း ဖြစ်သည်။ လက်ရှိ အနေအထားတွင် စစ်တပ်၏ တရားမဲ့ ကျူးလွန်မှုများကို မီးမောင်းထိုး ပြောပြနေကြသော်လည်း တကယ်တမ်း တရားစွဲဆိုခံရခြင်းသည် “မြန်မာ” ဟု ထပ်တလဲလဲ သုံးသည့် နိုင်ငံတော်ကို ဖြစ်သည်။
နိုင်ငံတော်ဆိုသည့်အတွက် တရားဝင် အစိုးရနှင့် ဖြစ်စေ၊ နိုင်ငံတော် အာဏာကို အတင်းလုယူထားသည့် စစ်တပ်နှင့်သာ ဖြစ်စေ သက်ဆိုင်သည်မဟုတ်။ မြန်မာနိုင်ငံသား အားလုံးလည်း မဆီမဆိုင် ရောအထောင်းခံရသလို ဖြစ်သွားသည်။ မြန်မာပြည်တွင်းမှာတော့ မင်းဘာလူမျိုး ငါဘာလူမျိုး ငြင်းခုန်နိုင်ကြသော်လည်း တိုင်းပြည်ပြင်ပထွက်လို့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ထားရသရွေ့တော့ မြန်မာဟုသာ အမြင်ခံရဦးမည် ဖြစ်သည်။
တရားဝင် နောက်ဆုံး အဖြေတွေ ဘယ်လိုပဲ ရှိပါစေ မြန်မာဆိုတဲ့ နိုင်ငံတခုဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်မဲ့သိရ်မဲ့ အရှက်ရစရာ ဖြစ်သည်။ ဖြစ်လည်း ဖြစ်ခဲ့ပြီးပြီ။ တကယ်တော့ ဒီဖြစ်ရပ်တွေ မတိုင်ခင်ကတည်းကရော၊ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာပါ မြန်မာဆိုတာ လူတိုင်းပါးစပ်ဖျားမှာ မကောင်းမှုတွေ၊ သတင်းဆိုးတွေနဲ့သာ အများစု လွှမ်းမိုးနေခဲ့ပြီးသား။
ဤအမှုကြောင့် တိုင်းပြည်ပိုပြီး အထီးကျန်လာနိုင်တာ၊ နိုင်ငံတကာ အရေးယူမှုတွေကြောင့် တိုင်းပြည်စီးပွားရေး ပိုမှု ကြပ်တည်းလာနိုင်တာ၊ အာဏာကိုင်ထားသူတွေက သူတို့ရပ်တည်ရေးအတွက် တရုတ်အားကိုးပြီး နောက်မြှီးဆွဲ ပိုဖြစ်လာနိုင်တာ၊ မြန်မာဆိုရင် အထင်သေးခံရနိုင်တာ စတာတွေ ရှိလာနိုင်သည်ဟု ဆိုကြသည်။ သို့သော် သေချာကြည့်လျှင် ယခုလည်း မြန်မာနိုင်ငံ အနေအထားက ထိုအတိုင်းပဲ ဖြစ်နေသည် မဟုတ်ဘူးလား။ နောက်ထပ် ပြစ်မှုတခု ထပ်တိုးသွားရုံမျှနှင့်တော့ အနက်မှာ အမဲကွက် ပိုထင်သွားရုံသာ ရှိမည်။ ထူး၍တော့ ဆိုးစရာ မရှိတော့ဟုသာ ဆိုချင်သည်။
ဘာကြောင့် ဒီလို ပြောတာလဲဆိုလျှင် အကြောက်လွန်မှာ၊ ထပ်ပြီး ဂျင်းထည့် (အလိမ်ခံရမှာ) စိုးရိမ်မိ၍ပင် ဖြစ်သည်။
ဂျင်းတွေ ရောင်းကောင်းချိန်
ပြည်သူတွေမှာ မဆီမဆိုင် “နိုင်ငံတော်” ကြီး တရားအစွဲခံရတော့ ပါရသလို ကျူးလွန်သူတွေက သူတို့ဘာသာ မဖြေရှင်းနိုင်တော့တဲ့အခါ ပြည်သူကို တဖက်လှည့်နဲ့ အသုံးချလာကြပြန်တော့ ခံရပြန်သည်။
အထက်က ပြောခဲ့သလို နိုင်ငံတော်ကို တရားစွဲတာ ဖြစ်လို့ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ် ဒါကြောင့် မြန်မာတရားရင်ဆိုင်တာကို ထောက်ခံရမယ်ဟု လမ်းကြောင်းကြသည်။ စစ်တပ်ဘက်ကလည်း နိုင်ငံအတွက် သူတို့က ဦးဆောင် ဖြေရှင်းပေးနေသည်ဆိုသည့် သဘောကို ပုံစံမျိုးစုံဖြင့် တွင်တွင် ဝါဒဖြန့်သည်။
ဝမ်းနည်းစရာ ကောင်းသည်က စစ်တပ်ကို ဆန့်ကျင်ပြီး မတရားမှုကို တွန်းလှန်ပါသည် ဆိုသည့် အင်အားစုတချို့တွင်ပါ ထိုသဘော ရှိနေသည်ကို ထင်ထင်ရှားရှား တွေ့ရသည်။ ထိုသို့ အမြင်ရှိသူများထဲတွင် ဗမာ၊ ဗုဒ္ဓဘာသာများသာမက တခြားလူမျိုးစုများ၊ ဗုဒ္ဓဘာသာ မဟုတ်သူများလည်း ပါဝင်သည်ကို စိတ်ဝင်စားစရာ တွေ့ရသည်။
ကောင်းသည့်ဘက်က တွေးကြည့်ရလျှင်တော့ “မြန်မာ” ဆိုသည့် အတူမျှဝေကြသည့် နိုင်ငံကို အရိုးခံ ချစ်မြတ်နှိုးမှုတွင် အခြေခံကြခြင်း ဖြစ်နိုင်သည်။ သို့သော် ချစ်နည်း လွဲနေသည်။
နောက်ထပ် အုပ်စုတစုကတော့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ အဓိက ကျူးလွန်းသူတွေ ဖြစ်သည့်အတွက် တရားရုံးက အမိန့်ချပြီးပါက ဖမ်းဆီးအရေးယူမည့် သယောင် ပြောဆိုနေကြခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရန် မရေရာသည့် အနေအထားဖြစ်သလို ဖြစ်လာခဲ့လျှင်တောင် အချိန်ကြာဦးမည်။
ထို့အတွက် မသေချာသည့် တပါးသူ အားကိုးလိုစိတ်ကို မျိုသိပ်ပြီး အရှိအတိုင်း ကြည့်ရန်လည်း လိုဦးမည်။
လူကောင်းယောင် ဆောင်လွန်းကြသူတွေလည်း သတိထား
ဤသို့ဆိုလျှင် မြန်မာပြည်သူတွေ အကုန်လုံးက မွတ်စလင် ရိုဟင်ဂျာတွေကို သဘောကျ လက်ခံကြသလား။ လူမျိုးရေး ခွဲခြားမှုတွေ ကင်းဆိတ်သွားပြီလား။ တာဝန်ယူ ပြုပြင်စရာ မရှိတော့ဘူးလား။
လက်ရှိ ပဋိပက္ခတွေသည်ပင် အဖြေဖြစ်သည်။ မျက်ကန်းမျိုးချစ်ဟု ဆိုနိုင်သူများ၊ ဘာသာရေး လူမျိုးရေး အစွန်းရောက်သူများ တောင်ပုံရာပုံ ရှိသေးသည်မှာ အမှန်။ ကိန်းဂဏန်းအတိအကျ သိရန် ခက်သော်လည်း တိုင်းပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းနှင့် ခန့်မှန်းလျှင်ပင် အနည်းဆုံး ၅ သန်းခန့် ရှိနိုင်သေးသည်။
လူနည်းစု ဖြစ်နေလျှင်တောင်မှ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ၊ လက်နက်အင်အားတွေနဲ့ ဆိုရင် လူအများစုကို ထိန်းချုပ်လို့ ရနေသည့် ပမာဏ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း စစ်တပ်က အာဏာသိမ်းပြီး လုပ်လို့ ရနေသေးတာ ဖြစ်သည်။ ပျူစောထီးတွေ မွေးထားလို့ ရနေသေးတာ ဖြစ်သည်။
အခြားတဖက်မှာလည်း မြန်မာပြည်သူတွေဟာ ပြစ်မျိုးမှဲ့မထင် အမှားမလုပ်ခဲ့ကြသူတွေလို့တော့ ဖြူစင်ပြချင်လို့ မရ။ ထိုအချိန်က စစ်တပ်နဲ့ ဘာသာရေးမှိုင်းတွေကြောင့် ရောယောင် ထောက်ခံခဲ့သူတွေလည်း ရှိကောင်းရှိနိုင်သည်။ သို့သော် ၎င်းတို့ထောက်ခံမှုသည် လက်တွေ့ပါဝင်မှုဟုတော့ ပြောမရ။ လူသတ်အုပ်စု စစ်တပ်အတွက် ပိုပြီး ရဲဆေးတင်ပေးလိုက်ခြင်းသာ ဖြစ်သည်။
လူအများစု မထောက်ခံလည်း စစ်တပ်က မလုပ်ဘဲ နေမည်မဟုတ်။ ယခု မြန်မာပြည်အနှံ့အပြား လူသတ်မီးရှို့ ဗုံးကြဲလုပ်နေသည်များက မျက်မြင်သက်သေပင်။
ထို့အပြင် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် မြန်မာပြည် အခြားနေရာမှ ပြည်သူများအနေဖြင့် စစ်တပ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု အတိုင်းအတာများကို နားလည်နေနိုင်ပြီ။ လူငယ်တို့၏ အားကြောင့် နွေဦးအလွန်ကာလ၌ ရိုဟင်ဂျာအပါအဝင် လူနည်းစုများအပေါ် ပို၍ နားလည်မှု၊ စာနာမှု ရှိလာတာ၊ သွေးစည်း ညီညွတ်ကြောင်း ပြလာတာတွေဟာ အကောင်းဘက်ကို ဦးတည်သည့် အလားအလာပင် ဖြစ်သည်။ ပို၍ ရွေ့အောင် တွန်းရမည်သာ ဖြစ်သည်။
ဤသို့ အနေအထားတွင် တချို့သော တက်ကြွလှုပ်ရှားသူများ၏ အပြုအမှုတချို့သည်လည်း မေးခွန်းထုတ်စရာ ကောင်းသည်။ တခြားသူများထက် ပိုပြီး ခေါင်းတလုံးပိုမြင့်ပြပြီး လူထုကို ကြိမ်းလားမောင်းလား လုပ်သည့် တက်ကြွလှုပ်ရှားသူများလည်း မနည်းမနော တွေ့ရသည်။
မြန်မာပြည်က လူတွေအားလုံး လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သလိုမျိုး အားလုံးကို သိမ်းကျုံးစွပ်စွဲသည့် တက်ကြွလှုပ်ရှားသူလည်း ရှိသေးသည်။ သို့သော် မတရားမှုကို ဆန့်ကျင်ရင်း ကိုယ်တိုင်ပင် အလွန်အကျွံ “ရောချ” ပြစ်တင်ကာ၊ နောင်ဖြစ်လာနိုင်သည့် လူမှုရေး သဟဇတ ပတ်ဝန်းကျင်ကို မဖျက်စီးမိဖို့ လိုသည်။ ဆင်ခြင်အပ်သည်။ မြန်မာသည် လူမှုသဟဇာ ကောင်းမွန်သည့် လူမျိုးစုံ တိုင်းပြည်တခုကို ထူထောင်ရဦးမည် ဖြစ်သည်။
တကယ်တော့ လူသားမှန်သမျှ အနည်းနဲ့အများ ကိုယ့်လူမျိုးဇာတိရပ်ရွာကို ချစ်စိတ်ရှိကြတာပဲ ဖြစ်သည်။ အလွန်အကျူး မဖြစ်စေရန် ချွန်းအုပ်နိုင်ဖို့သာ အဓိကဖြစ်သည်။ လူ့အခွင့်အရေးကို မြှင့်တင်ပါသည် ဆိုသည့် အမေရိကန်တွင်ပင် ယနေ့အချိန် ဘာတွေ ဖြစ်ပျက်နေသလဲ ကြည့်နိုင်သည်။ ထို့ကြောင့် အစွန်းနှစ်ဖက် လွတ်ရန်လိုသည်။
စစ်တပ် ဘာကြောင့်လုပ်သလဲ
စစ်တပ်အတွက်တော့ ဒီယုံမြင်၍ ဒီခြုံထွင်ခဲ့ခြင်း ဖြစ်မည်။ တရားရုံးက ဆုံးဖြတ်ချက် ဘယ်လိုပင် ချမှတ်ခဲ့စေ စစ်ခေါင်းဆောင်များအတွက်က သန်းခေါင်ထက် ညဉ့်နက်စရာ မရှိတော့။ တိုင်းပြည်အာဏာသိမ်းထားပြီး လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်နေဆဲ ဖြစ်သည့် ၎င်းတို့အတွက် နိုင်ငံတော် ဆိုသည့် အကာအကွယ်ဖြင့် နိုင်ငံတကာ အရေးယူမှုမှ ကာကွယ်နိုင်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်နေနိုင်သည်။
ထိုသို့ မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည် ဖြစ်စေ အာဏာထိုင်ခုံမှ ဆွဲမချ မခံရမချင်း ဆင်းမည်မဟုတ်။ ၎င်းတို့ အာဏာကို ဖက်တွယ်ထားနိုင်လေလေ သာမာန်ပြည်သူများအတွက် ဒုက္ခတွင်း နက်လေလေ ဖြစ်မည်။
လက်ရှိ အိုင်စီဂျေတွင် တရားရင်ဆိုင်ရင်း ဝါဒဖြန့်လုပ်ငန်းကို ကောင်းကောင်းကြီး လုပ်နေသည့် စစ်တပ်အတွက် အကျိုးအမြတ်ရှိနေသည်။ အထက်တွင် ဆိုခဲ့သလို စစ်တပ်က နိုင်ငံတော်ကို ဦးဆောင်တာကို ပြည်သူတွေက လက်ခံလာသည် ဆိုသည့် အမြင်ကို ပုံဖော်ခြင်းနှင့် တော်လှန်ရေး အင်အားစုများအကြား ဝိဝါဒကွဲပြားကာ အင်အားချိနဲ့စေနိုင်ခြင်း ဖြစ်သည်။
အထူးသဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သာမာန် အစိုးရိမ်လွန်သည့် ပြည်သူများအကြား၊ လက်တွေ့ပြဿနာအား နီးနီးကပ်ကပ် ရင်ဆိုင်နေရသည့် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား (အထူးသဖြင့် NUG ထောက်ခံသူများ) အကြား ပြဿနာများ ပိုကြီးလာနိုင်သည်။ စစ်တပ်လော်ဘီများကလည်း အကောင့်အတုများနှင့် မီးစာထိုးပေးနေသည်ကို သတိထားဖို့ တိုက်တွန်းချင်သည်။

Leave a Reply