ညဉ့်နက်မှ အိပ်လေ့ရှိသူများ (Night owls) သည် အထူးသဖြင့် အသက်ကြီးလာချိန်တွင် နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ပိုမိုရင်ဆိုင်ရနိုင်ပြီး၊ အမျိုးသမီးများတွင် ပိုမိုသိသာစွာ သက်ရောက်မှုရှိကြောင်း သုတေသန တွေ့ရှိသည်။

အမေရိကန် နှလုံးအဖွဲ့ချုပ်၏ Life’s Essential 8 တိုင်းတာချက်အရ ညပိုင်းတွင် ပိုမို တက်ကြွလေ့ရှိသော အလယ်အလတ်အရွယ်နှင့် သက်ကြီးပိုင်းအရွယ် လူကြီးများ အထူးသဖြင့် အမျိုးသမီးများသည် မနက်ပိုင်း သို့မဟုတ် ညနေပိုင်းကို အထူးတလည် နှစ်သက်မှု မရှိသူများနှင့် နှိုင်းယှဉ်ပါက ယေဘုယျ နှလုံးကျန်းမာရေး ပိုမို ညံ့တတ်ကြောင်း ပြသနေသည်။

UK Biobank ၏ အချက်အလက်များကို ယခု သုတေသန၌ ခွဲခြမ်းစိတ်ဖြာချက်အရ ညဉ့်နက်မှအိပ်သူများတွင် တွေ့ရလေ့ရှိသော အာဟာရ မပြည့်ဝသည့် စားသောက်မှုပုံစံ၊ အိပ်စက်မှု နည်းပါးခြင်းနှင့် ဆေးလိပ်သောက်နှုန်း မြင့်မားခြင်းစသည့် အလေ့အထများက ၎င်းတို့၏ နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေး ရမှတ်များ အဘယ်ကြောင့် နိမ့်ကျနေရသည်ကို ရှင်းပြနေသည်။

အိပ်စက်ခြင်း၊ နေထိုင်စားသောက်မှုပုံစံနှင့် ဆေးလိပ်ဖြတ်ခြင်း စသည့် နေ့စဉ်အလေ့အထများကို မြှင့်တင်ခြင်းဖြင့် ညဉ့်နက်မှ အိပ်သူများအတွက် နှလုံးရပ်တန့်ခြင်းနှင့် လေဖြတ်ခြင်း အန္တရာယ်များကို လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း ယခု တွေ့ရှိချက်က အခွင့်အလမ်းတရပ်အဖြစ် ညွှန်ပြနေသည်ဟု သုတေသီများက ဆိုသည်။

အမေရိကန် နှလုံးအဖွဲ့ချုပ်၏ ပညာရပ်ဆိုင်ရာ ဂျာနယ် Journal of the American Heart Association တွင် ဖော်ပြသည့် သုတေသနအသစ်အရ ညပိုင်းတွင် ပိုမိုတက်ကြွလေ့ရှိသော အလယ်အလတ်အရွယ်နှင့် သက်ကြီးပိုင်းများသည် နေ့ခင်းပိုင်းတွင် ပိုမို တက်ကြွသူများထက် နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေး ပိုမို ဆိုးရွားကြောင်း တွေ့ရှိရသည်။ ထို ဆက်နွှယ်မှုသည် အမျိုးသမီးများတွင် ပိုမို အားကောင်းသည်ကို တွေ့ရသည်။

လူတဦးသည် တနေ့တာ၏ မည်သည့်အချိန်တွင် အတက်ကြွဆုံးဖြစ်သည် ဆိုသည့်အချက်မှာ ရေရှည် နှလုံးကျန်းမာရေးအတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေနိုင်ကြောင်း ယခု တွေ့ရှိချက်များက ညွှန်ပြနေသည်။

သုတေသီများသည် UK Biobank တွင် ပါဝင်သူ ပျမ်းမျှအသက် ၅၇ နှစ်ခန့် လူ ၃၀၀,၀၀၀ ကျော်၏ ကျန်းမာရေးအချက်အလက်များကို ခွဲခြမ်းစိစစ်ပြီး လူတဦး၏ သဘာဝအလျောက် အိပ်စက်ခြင်းနှင့် နိုးထခြင်းဆိုင်ရာ နှစ်သက်မှုအချိန် (Chronotypes) နှင့် ထို နှစ်သက်မှုကပင် နှလုံးနှင့် သွေးကြော ကျန်းမာရေးအပေါ် မည်သို့ သက်ရောက်သည်ကို အာရုံစိုက်လေ့လာခဲ့သည်။

ပါဝင်သူများကို ၎င်းတို့ ကိုယ်တိုင် ဖော်ပြသည့် နေ့စဉ် နေထိုင်မှုပုံစံပေါ်မူတည်၍ အုပ်စုခွဲသည်။ ၈ ရာခိုင်နှုန်းခန့်က “ညပိုင်းကို နှစ်သက်သူများ” (Definitely evening people) ဟု ဖော်ပြကြပြီး ၎င်းတို့က ပုံမှန်အားဖြင့် အလွန်နောက်ကျမှ (ဥပမာ မနက် ၂ နာရီ) အိပ်ရာဝင်လေ့ရှိကာ တနေ့တာ၏ နှောင်းပိုင်း ညည့်နက်အချိန်တွင် ပို၍ တက်ကြွကြသူများ ဖြစ်သည်။

၂၄ ရာခိုင်နှုန်းခန့်မှာ “နံနက်ပိုင်းကို နှစ်သက်သူများ” (Definitely morning people) ဖြစ်ပြီး စောစောနိုးကာ စောစောအိပ်ရာဝင်လေ့ရှိပြီး (ဥပမာ ည ၉ နာရီ) တနေ့တာ၏ အစောပိုင်းအချိန်တွင် အတက်ကြွဆုံး ဖြစ်ကြသည်။ ကျန်ရှိသော ၆၇ ရာခိုင်နှုန်းမှာ မရေမရာသူများ သို့မဟုတ် နံနက်ပိုင်းရော ညနေပိုင်းပါ ထူးထူးခြားခြား နှစ်သက်မှု မရှိသူများ ဖြစ်ကြသဖြင့် “အလယ်အလတ်” (Intermediate) အုပ်စုအဖြစ် သတ်မှတ်သည်။

အိပ်စက်မှုပုံစံ အုပ်စုများကို နှိုင်းယှဉ်ရာတွင် မှတ်သားဖွယ်ရာ ပုံစံအချို့ကို သုတေသီများက တွေ့ရှိခဲ့သည်။

အလယ်အလတ်အုပ်စုရှိသူများနှင့် နှိုင်းယှဉ်ပါက ညဉ့်နက်မှ အိပ်လေ့ရှိသူများ (Night owls) ဟု သတ်မှတ်ထားသော “ညပိုင်းနှစ်သက်သူများ” သည် ယေဘုယျ နှလုံးကျန်းမာရေးရမှတ် ညံ့ဖျင်းနိုင်ခြေ ၇၉ ရာခိုင်နှုန်း ပိုမို များပြားကြောင်း တွေ့ရသည်။

ညဉ့်နက်မှအိပ်သူများသည် ပျမ်းမျှ ၁၄ နှစ်ခန့် စောင့်ကြည့်လေ့လာသည့် ကာလအတွင်း နှလုံးရပ်တန့်ခြင်း သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုမို မြင့်မားသည်ကို တွေ့ရှိသည်။

ညပိုင်းကို ပို၍ ကြိုက်နှစ်သက်မှုနှင့် နှလုံးကျန်းမာရေး ရမှတ် နိမ့်ကျမှုအကြား ဆက်နွှယ်မှုသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမို အားကောင်းသည်။

ညနေပိုင်းနှစ်သက်သူများတွင် တွေ့ရသည့် မြင့်မားသော နှလုံးရောဂါဖြစ်နိုင်ခြေအများစုမှာ လူနေမှုပုံစံ အလေ့အထများ၊ အထူးသဖြင့် နီကိုတင်း (ဆေးလိပ်) သုံးစွဲမှုနှင့် အိပ်စက်မှု မလုံလောက်ခြင်းတို့နှင့် ဆက်စပ်နေသည်။

ဆန့်ကျင်ဘက်အနေဖြင့် “စောစောအိပ်သူများ” (Early birds) ဟု သိထားသော နံနက်ပိုင်း နှစ်သက်သူများသည် ထူးထူးခြားခြား နှစ်သက်မှု မရှိသူများနှင့် နှိုင်းယှဉ်ပါက နှလုံးကျန်းမာရေး ရမှတ် ညံ့ဖျင်းမှု ၅ ရာခိုင်နှုန်း လျော့နည်းကြောင်းကို သုတေသန တွေ့ရှိခဲ့သည်။

Science Daily မှ Late bedtimes are linked to higher heart disease risk ကို မိုးသဲ ဘာသာပြန်သည်။


Leave a Reply

Your email address will not be published. Required fields are marked *