ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မြို့ပေါ်မှာ နေ့စဉ်လိုလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာတွေဖြစ်နေတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် စီတာပူရပ်ကွက်ပေါ် လက်နက်ကြီးကျည်ကျရောက်ပြီးနောက်မြင်ကွင်း

မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၁၁ နာရီကျော်ခန့်မှာလည်း မြို့ပေါ်မှာလက်နက်ကြီးကျည်ပေါက်ကွဲ သံတွေကြားခဲ့ရပြီး ကျရာက်တဲ့နေရာတိတိကျကျကိုမသိရဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အဲဒီထဲကမှ နှစ်လုံးက တော်တော်ကျယ်တယ်။ အေးစေတီရပ်ကွက်ဘက်ဆို တိုက်ပါ တုန်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် MNA လေယာဉ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

လေယာဉ်ဖြစ်စဉ်တဲ့နေ့ ဖေဖော်ဝါရီ ၂၀ ရက်မနက်အစောပိုင်းတုန်းကလည်း စီတာပူနဲ့ ရွှေညောင်ပင် ရပ်ကွက်တွေပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာမှာ လူထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

စီတာပူရပ်ကွက် အပိုင်း ၄ က နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးထိရောက်ရခဲ့တယ်လို့ ဒေသတွင်းအခြေစိုက်မီဒီယာတွေကလည်း ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် စီတာပူရပ်ကွက်ပေါ် လက်နက်ကြီးကျည်ကျရောက်ပြီးနောက်မြင်ကွင်း

ဒါအပြင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကိုလည်း မနေ့ညပိုင်းမှာ စစ်တပ်လေယာဉ်တွေ တောက်လျှောက်ပျံဝဲနေတယ်လို့ ဒေသခံတွေရဲ့လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖော်ပြချက် အရရော လေယာဉ်သတင်းဖော်ပြတဲ့ ကင်းထောက်ချန်နယ်တွေအရပါ သိရပါတယ်။

တစ်ညလုံး လေကြောင်းအန္တရာယ် သတိပေးချက်တွေ ဆက်တိုက်ကြေညာနေတယ်လို့ လိုင်ဇာမှာနေထိုင်သူတချို့ က လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားကြတာပါ။

ဖေဖော်ဝါရီ ၂၀ ရက် MNA လေယာဉ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

စစ်တပ်ထောက်ခံသူတချို့ကလည်း လိုင်ဇာ အပါအဝင် KIAဌာနချုပ်ရှိရာရဲ့ တပ်မဟာ ၃၊ တပ်မဟာ ၅ လိုင်စင်၊ တပ်မဟာ ၈ နဲ့ တပ်မဟာ ၉ မိုးညှင်း၊ မိုးကောင်းတို့ဘက်ကို စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းတွေအပြင် အမြောက်နဲ့ပါ တောက်လျှောက်တိုက်ခိုက်နေတယ်လို့ မနေ့ညပိုင်းမှာ ရေးသားဖော်ပြပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *