စစ်အာဏာသိမ်းမှုကို မဆန့်ကျင်သော ပြည်တွင်းသတင်းဌာန Eleven Media Group ၏ အယ်ဒီတာချုပ် ကျော်ဇော်လင်းက စစ်တပ်ဝါဒဖြန့် သတင်းသမား ကျော်မျိုးမင်းအား ကာကွယ်ပြောဆိုလိုက်ပြီး CDM လှုပ်ရှားမှုကိုပါ ပုတ်ခတ်စော်ကားသည့် စကားများ ပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကျော်မျိုးမင်းအား အမည်ပျက်စာရင်းသွင်းခြင်းကို Eleven Media က တုံ့ပြန်သည့် သတင်းတစ်ပုဒ်တွင် အယ်ဒီတာချုပ် ကျော်ဇော်လင်းက ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“နောက် ၅ နှစ်မှာ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်းချင်း သွားရတော့မယ်။ လွတ်လပ်ခွင့်တွေက တဖြည်းဖြည်းချင်း အရင်လို ပြန်ရလာလိမ့်မယ်။ ငါနဲ့ မတည့်ရင်၊ ငါနဲ့ မကြိုက်ရင် သတင်းမထည့်နဲ့တို့၊ သတင်းမယူနဲ့တို့ ဆိုတာ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်တုန်းကဟာတွေပါ။ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်တွေပါ။” ဟု ကျော်ဇော်လင်းက ကျော်မျိုးမင်းဘက်မှ ကာကွယ်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား တုံ့ပြန်ပြောဆိုထားသည်ကို တွေ့ရသည်။

ထို့ပြင် CDM လှုပ်ရှားမှုနှင့် ပတ်သက်၍လည်း ၎င်းက “ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာပြည်မှာ မိသားစုဘဝ ပျက်သွားတဲ့လူက သိန်းချီရှိနေတယ်။ လှုံ့ဆော်ခဲ့ကြတဲ့သူတွေက ဘာမှမဖြစ်ဘူး။ ပြီးတော့ ဘွဲ့တွေတက်ယူ၊ အကယ်ဒမီတွေတက်ယူ။ ပြီးတော့ သူတို့က သူတို့ကို ရေးရင် မကြိုက်ဘူးဆိုတော့ တော်တော်တော့ ခက်ကုန်တာပေါ့။ တစ်ပတ်အတွင်း CDM တောင့်ခံရင် ပြီးတော့မယ်တို့၊ ပြီးတော့ ပြည်သူတွေက တစ်သက်လုံး ကျွေးထားမှာပါတို့ ဘာတို့ အလွန်အကျွံ ပြောခဲ့ကြတယ်လေ။ အဲဒီလို စလှုံ့ဆော်တဲ့ထဲ ဘယ်သူတွေ ပါခဲ့ကြသလဲ။ အခုတော့ ဘွဲ့တွေပေး၊ ချီးမြှင့်မြှောက်စားနေကြ။ ဒါပေမဲ့ နိုင်ငံရေးအပြောင်းအလဲကာလမှာ မှတ်တမ်းတွေ အများကြီးရှိတယ်။ ငါးနှစ်အတွင်းမှာ လူတွေရဲ့ သမိုင်းတွေ၊ ကိုယ်ပြောခဲ့တဲ့ စကားတွေ၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေ ကျန်ခဲ့ပါတယ်။ တကယ်တော့ မတရားပါဘူးဗျာ။” ဟု ကျော်ဇော်လင်းက ပြောထားသည်ကို တွေ့ရသည်။

Eleven Media Group အယ်ဒီတာချုပ် ကျော်ဇော်လင်း၏ အဆိုပါ ပြောဆိုမှုသည် မသူတော်အချင်းချင်း ကာကွယ်ပေးနေခြင်းဟု မဲဆောက်မြို့၌ တိမ်းရှောင်နေရသည့် ပြည်တွင်းသတင်းသမားတစ်ဦးက ပြောသည်။

“သတင်းစာဆရာတစ်ယောက်ရဲ့ အကြီးမားဆုံး အရှက်တရားဟာ အာဏာရှင်ရှေ့မှာ ဒူးထောက်ပြီး ပြည်သူ့ဘက်တော်သားတွေကို ပြန်လည်စော်ကားခြင်းပဲ ဖြစ်တယ်။ သမိုင်းက ဘယ်သူဟာ ပြည်သူ့ဘက်မှာ ရှိခဲ့ပြီး၊ ဘယ်သူဟာ ငွေဝယ်ကျွန် ဖြစ်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ထားပါလိမ့်မယ်။” ဟု အဆိုပါ သတင်းသမားက ပြောသည်။

ထို့ပြင် ၎င်းက “CDM ဆိုတာ ရာထူးနဲ့ လစာထက် အနာဂတ်နဲ့ သိက္ခာကို ပိုတန်ဖိုးထားတဲ့ လူထုတိုက်ပွဲရဲ့ ကျောရိုးဖြစ်တယ်။ ဒီစွန့်လွှတ်မှုကို စော်ကားတဲ့ စကားလုံးတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် အာဏာရှင်ရဲ့ ဖိနပ်အောက် ရောက်နေပြီလို့ ကြေညာလိုက်တာနဲ့ အတူတူပဲ။” ဟုလည်း ကျော်ဇော်လင်းအား ဝေဖန်ထောက်ပြသည်။

Eleven Media Group သည် ဦးသိန်းစိန်အစိုးရကာလက NLD ဘက်မှ ရပ်တည်ရေးသားခဲ့သလို အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ယင်းနောက် NLD အစိုးရတက်လာချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် Eleven Media တို့ ပြဿနာဖြစ်ပြီးနောက် NLD အစိုးရအား ပြင်းထန်စွာ ပြန်လည်ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့သည်။

ရိုဟင်ဂျာအရေးကိစ္စတွင်လည်း စစ်တပ်၏ ပုံဖျက်ထားသော သတင်းတုများအား သတင်းမှန်သဖွယ် သတင်းသမားကျင့်ဝတ် မလိုက်နာဘဲ အမျိုးသားရေးအစွန်းရောက်ဝါဒ ကိုင်စွဲကာ ဖြန့်ဝေခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းချိန်တွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများအား မရေးသားရဲခဲ့ဘဲ စစ်တပ်အလိုကျ သတင်းများကို ရေးသားတင်ဆက်ခဲ့သည်။

လတ်တလောကာလတွင်လည်း Eleven သတင်းဌာနက KIA ၏ ဌာနချုပ် လိုင်ဇာမြို့အား ဗုံးကြဲတိုက်ခိုက်ရန် ဆော်သြမှုများ ပြုလုပ်နေသည့် သတင်းဌာနလည်း ဖြစ်သည်။

စစ်လော်ဘီ ကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အနုပညာရှင်တွေကို ပြည်တန်ဆာအဆင့်နဲ့ ခိုင်းနှိုင်း ပြောဆိုလို့ အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာခဲ့တာကို Ball Ma မီဒီယာ Eleven က ၂၀၂၁ အာဏာသိမ်းစဉ် အစည်းအရုံးရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့တဲ့ စာတွေကို Screenshot ရိုက်ပြီး အစည်း အရုံးတာဝန်ရှိသူ ကြည်စိုးထွန်းနဲ့ ချမ်းသာကြည်စိုးတို့ သားအဖ ပုံတွေနဲ့ သတင်းပြန်တင်ထားတယ်။

Eleven အယ်ဒီတာ Ball Ma အုပ်စုရည်ရွယ်ချက်က အဲ့ Ball Ma သားအဖနှစ်ဦးကို အဖမ်းခံရစေချင်လို့ တဖက် လှည့်နဲ့ သတင်းယောင်ဆောင်ပြီး စစ်တပ်ထောက်ခံသူတွေ အုံ့ကြွ ဆူပွလာအောင် တို့မီးရှို့မီး လုပ်ပေးနေတာ။

ကျေနပ်တယ် Ball Ma တွေ ၃ ဦး ၃ ဖလှယ် ကိုက်နေကြလို့ … လုံးဝ အဆင်မပြေဘဲ ပွဲအကြီးကြီး ဆက်ဖြစ်ပါစေလို့ ဆန္ဒပြုလျက်ပါ …. 🙏🙏

Eleven Media ၏ သတင်းအပြည့်အစုံမှာ

NP News သတင်းဌာနအယ်ဒီတာချုပ် ကိုကျော်မျိုးမင်းအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း

သတင်းမီဒီယာသမားတစ်ဦးအား အမည်ပျက်စာရင်း တင်သွင်းခြင်းနှင့် သတင်းရယူခွင့် ပိတ်ပင်ခြင်းက လွန်ခဲ့သည့် နှစ်အစိတ်၊ သုံးဆယ် ခန့်က ငါနှင့်မကြည် သတင်းမယူ၊ သတင်းမထည့်နှင့်ဆိုသော ခေတ်နောက်ပြန်ဆွဲသည့် လုပ်ရပ်ကဲ့သို့ ဖြစ်နေကြောင်း Eleven Media Group အယ်ဒီတာချုပ် ပြောကြား

NP News သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်မျိုးမင်းအား အမည်ပျက်စာရင်း တင်သွင်းထားကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လိပ်မူ၍ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသို့လုပ်ဆောင်ခြင်းမှာ လွန်ခဲ့သည့် နှစ်အစိတ်၊ သုံးဆယ် ခန့်က ငါနှင့်မကြည် သတင်းမယူရ၊သတင်းမထည့်ရ ဆိုသော ခေတ်နောက်ပြန်ဆွဲသည့် လုပ်ရပ်ကဲ့သို့ပင် ဖြစ်နေကြောင်း Eleven Media Group အယ်ဒီတာချုပ် ကိုကျော်ဇောလင်းက ဝေဖန် ပြောကြားသည်။

“နောက် ၅ နှစ်မှာ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို တဖြေးဖြေးချင်းသွားရတော့မယ်။ လွတ်လပ်ခွင့်တွေက တဖြေးဖြေးချင်း အရင်လို ပြန်ရလာလိမ့်မယ်။ ငါနဲ့ မတည့်ရင်၊ ငါနဲ့ မကြိုက်ရင် သတင်းမထည့်နဲ့ တို့။ သတင်းမယူနဲ့ တို့ဆိုတာ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ် တုန်းက ဟာတွေပါ။ခေတ်နောက် ပြန်ဆွဲတဲ့လုပ်ရပ်တွေပါ။ပြီးခဲ့တဲ့ငါးနှစ်အတွင်း မြန်မာပြည်မှာ မိသားစုဘဝပျက်သွားတဲ့လူက သိန်းချီရှိနေတယ်။ လှုံ့ဆော်ခဲ့ကြတဲ့သူတွေက ဘာမှမဖြစ်ဘူး။ ပြီးတော့ ဘွဲ့တွေတက်ယူ၊ အကယ်ဒမီတွေတက်ယူ။ ပြီးတော့ သူတို့က သူတို့ကို ရေးရင် မကြိုက်ဘူးဆိုတော့ တော်တော်တော့ ခက်ကုန်တာပေါ့။ တစ်ပတ်အတွင်း CDM တောင့်ခံရင် ပြီးတော့မယ်တို့၊ ပြီးတော့ ပြည်သူတွေက တစ်သက်လုံး ကျွေးထားမှာပါတို့ဘာတို့ အလွန်အကျွံ ပြောခဲ့ကြတယ်လေ။ အဲဒီလို စလှုံ့ဆော်တဲ့ထဲ ဘယ်သူတွေပါခဲ့ကြသလဲ။ အခုတော့ ဘွဲ့တွေပေး၊ ချီးမြှင့် မြှောက်စားနေကြ။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲကာလမှာ မှတ်တမ်းတွေ အများကြီးရှိတယ်။ ငါးနှစ်အတွင်းမှာ လူတွေရဲ့ သမိုင်းတွေ၊ ကိုယ်ပြောခဲ့တဲ့ စကားတွေ၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေ ကျန်ခဲ့ပါတယ်။ တကယ်တော့ မတရားပါဘူးဗျာ။” ဟု Eleven Media Group အယ်ဒီတာချုပ် ကိုကျော်ဇောလင်းက ပြောကြားသည်။

ကိုကျော်မျိုးမင်းအား အမည်ပျက်စာရင်း တင်သွင်းထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ပေးပို့စာတွင် NP News ၏ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းသည် ၎င်း၏ သတင်းတင်ဆက်မှုများတွင် အခြားမိတ်ဖက် ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင်အစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အနုပညာရှင်များအား သတင်းလွတ်လပ်ခွင့်ဟူသည့် ဘောင်မှ ကျော်လွန်ကာ ပုဂ္ဂိုလ်ရေးစော်ကားမှုများ ပြုလုပ်ခြင်း၊ ရုပ်ရှင်အစည်းအရုံး၏ ဂုဏ်သိက္ခာကို ထိပါးသည့် ပြောဆိုတင်ဆက်မှုများ ပြုလုပ်ခြင်းကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အစည်းအရုံးဝင် အနုပညာရှင်များက ကိုကျော်မျိုးမင်းအား အရေးယူပေးရန် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ၅/၂ဝ၂၆ အပတ်စဉ်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြကြောင်း၊ ကိုကျော်မျိုးမင်းသည် အနုပညာရှင် များအား ပြည့်တန်ဆာသဖွယ် ကိုယ်နှင့်ရင်း၍ လုပ်ကိုင်စားသောက်နေကြသောသူများဟု အကြိမ်ကြိမ်ပုတ်ခတ်ပြောဆိုခြင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့၏ ဂုဏ်သိက္ခာထိပါးစေသည့် စကားလုံးများသုံးနှုန်း ပုတ်ခတ်ပြောဆိုခြင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြသည့် ရုပ်ရှင်အနုပညာရှင်များကို လည်း ရန်သူသဖွယ်သဘောထားပြောဆိုခြင်း၊ ခြိမ်းခြောက်ကြိမ်းမောင်းခြင်းများ၊ အကြိမ်ကြိမ်ပြောဆိုခဲ့ကြောင်း သုံးသပ်တွေ့ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ကိုကျော်မျိုးမင်းအား ဥပဒေကြောင်းအရ တရားစွဲဆိုအမှုဖွင့်ခြင်း(သို့) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လော ကသားများက အမည်ပျက်စာရင်းတင်သွင်းခြင်း၊ ရုပ်ရှင်နှင့် ပတ်သက်သော အများနှင့်သက်ဆိုင်သည့်ပွဲများသို့ လာရောက်ခွင့်အား တားမြစ်ခြင်းဖြင့် အရေးယူပေးပါရန် ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်အနုပညာ ရှင်များသည် ယခင်ကာလအဆက်ဆက်ကပင် စာနယ်ဇင်းများနှင့်ချစ်ခင်ရင်းနှီးစွာ မိတ်မပျက်ဆက်ဆံခဲ့သော အစဉ်အလာ ကောင်းကို ထောက်ရှု၍ ကိုကျော်မျိုးမင်းအား ဥပဒေကြောင်းအရ အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းများမပြုလုပ်ရန် ဆုံးဖြတ်ကြကြောင်း၊ ရုပ်ရှင်အနုပညာရှင်များနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဂုဏ်သိက္ခာနှင့်လျော်ညီမှုမရှိသည့် အသုံး အနှုန်းများ သုံးစွဲခြိမ်းခြောက်ကြိမ်းမောင်းခြင်း၊ ခိုင်မာတိကျမှုမရှိ၊ မှန်ကန်မှုမရှိသောအချက်အလက်များကို အခြေခံ၍ သိက္ခာ ကျအောင် စွတ်စွဲပြောဆိုမှုများအတွက် ဦးကျော်မျိုးမင်းကို အမည်ပျက်စာရင်းသွင်းကြောင်းဆုံးဖြတ်ခဲ့သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ပေးပို့စာအရ သိရသည်။

ထိုသို့အမည်ပျက်စာရင်းသွင်းထားသောပုဂ္ဂိုလ်အား ရုပ်ရှင်လောကနှင့်ဆက်စပ်သောအခမ်းအနား၊ပွဲလမ်းများသို့ တက်ရောက်ခွင့် မပြုရန် ဆုံးဖြတ်ကြောင်း၊ အခြားမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း

ရုပ်ရှင်အနုပညာနှင့်ဆိုင်သောပွဲများ အခမ်းအနား များသို့ ၎င်းပုဂ္ဂိုလ်အား ဖိတ်ကြားမည်ဆိုပါက ၎င်းကြောင့် စိတ်နှလုံးမချမ်းမသာ ဖြစ်ကြရသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်အနုပညာရှင်များကို ဖိတ်ကြားခြင်းမပြုပါရန် အသိပေး မေတ္တာရပ်ခံရန် ဆုံးဖြတ်ကြကြောင်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ရုပ်ရှင်အနုပညာရှင်များသည် သတင်းလွတ်လပ်ခွင့်ကို လေးစားပါကြောင်း၊ သို့သော်သတင်းလွတ်လပ်ခွင့်သည် အခြားသူတစ်ဦးအား ပရမ်းပတာစော်ကားခွင့်ပြုခြင်းမဟုတ်ဟု ယူဆကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် NP News မှ သတင်းတင်ဆက်သူ ကျော်မျိုးမင်းအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်အနုပညာရှင်များ၏ မိတ်ဖက် အဖြစ်မှ ပယ်ဖျက်ကာ အမည်ပျက်စာရင်းတင်သွင်းထားကြောင်း လေးစားစွာ အသိပေးတင်ပြကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ ပေးပို့စာတွင် တွေ့ရှိရသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အမည်ပျက်စာရင်းတင်သွင်းမှုနှင့် ပတ်သက်၍ NP News သတင်းဌာနအယ်ဒီတာချုပ် ကိုကျော်မျိုးမင်းအား Eleven Media Group က ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းမီဒီယာသမားတစ်ယောက်၏ အရေးအသား၊ သုံးသပ်ချက်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက လုပ်ထုံးလုပ်နည်းအရဆိုလျှင် သတင်းမီဒီယာကောင်စီမှတစ်ဆင့် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ သတင်းမီဒီယာကောင်စီတွင် ဖြေရှင်းခြင်း မရှိဘဲ ၎င်းတို့၏ သဘောနှင့် ၎င်းတို့ဘာသာ သဘောထား ထုတ်ပြန်ခြင်း သည် သတင်းမီဒီယာများအနေဖြင့် ဘာမှ မတို့ရဲ၊ မထိရဲ ဖြစ်ပြီး သတင်း မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးသွားစေနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် သတင်းမီဒီယာသမားတစ်ယောက်ကို သူ့ရဲ့အရေးအသား၊ သုံးသပ်ချက်တွေက မှားတယ်၊မှန်တယ် ခဏထား။သူမှားတယ်။ မှန်တယ်အပေါ် တစ်ခုခုလုပ်ချင်တယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရသတင်းမီဒီယာကောင်စီနဲ့ ဖြေရှင်း ရမယ်။ အဲဒီလို မလုပ်ဘဲနဲ့ သူ့သဘောနဲ့သူ စာထုတ်လိုက်တာက မြန်မာနိုင်ငံမှာရှိတဲ့အသင်းအဖွဲ့တွေကလည်း ကျွန်တော်တို့ သတင်းမီဒီယာအားလုံးက ဘာမှ မတို့ရဲ့ မထိရဲဘဲနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ စကားလုံးတွေ ဆုံးရှုံးသွားမယ်။ ပြောချင် တာက ကျွန်တော့်ကို ဒီလို စာထုတ်ပြီး ပြောချင်တာဆိုရင် ကျွန်တော်တို့ ကျန်တဲ့ သတင်းမီဒီယာစာနယ်ဇင်းသမားတွေက သတင်းလွတ်လပ်ခွင့်မရတော့ဘူးလား၊ ဝေဖန်သုံးသပ်ထောက်ပြခွင့်မရတော့ဘူးလား” ဟု ကိုကျော်မျိုးမင်းက ပြောကြားသည်။

ထို့အတူ သတင်းမီဒီယာသမားက မှားယွင်းမှုရှိခဲ့သည်ဆိုလျှင် ဖြေရှင်းရန်အတွက် သတင်းမီဒီယာကောင်စီရှိပါလျက် ကောင်စီတွင် မဖြေရှင်းခြင်းသည် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို အသိအမှတ်မပြုခြင်းနှင့် မလေးမစားလုပ်ခြင်းလား ဟုလည်း ကိုကျော်မျိုးမင်းက မေးခွန်းထုတ်သည်။

“သတင်းမီဒီယာသမားတစ်ယောက်မှားတယ်ဆိုရင် မှားတာကို ဖြေရှင်းဖို့ ကောင်စီရှိပါလျက်နဲ့ ကျော်ပြီးလုပ်တာက ကောင်စီကို မလေးမစား လုပ်တာ မကျဘူးလား။ သတင်းမီဒီယာကောင်စီဆိုတဲ့အခန်းကဏ္ဍကို အသိအမှတ် မပြုဘူး။ သတင်းမီဒီယာဆိုတဲ့ ကောင်စီဆိုတဲ့အဖွဲ့အစည်းဆိုတာဟာ ဂရုမစိုက်စရာဆိုပြီး သူတို့ တမင်ရည်ရွက်ချက်ရှိရှိ လုပ်တာလား။ ကောင်စီကို ဂရုစိုက်မဘူးဆိုရင် သတင်းမီဒီယာသမားတွေကို ဂရုစိုက်စရာမလိုဘူးလို့ သူတို့သဘောထားတာလား။ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့သတင်းထောက်တွေအနေနဲ့ သူတို့နဲ့ ပတ်သက်ပြီးသတင်းရေးမယ်ဆိုရင် သူတို့နဲ့ ပတ်သက်တဲ့လုပ်ရပ်ပေါင်းများစွာပေါ့ဗျာ။ လူထုက မသိသေးတဲ့ဟာတွေကို ဖော်ထုတ်ရေးသားမယ်ဆိုရင်ရော အမည်ပျက်စာရင်း သွင်းမှာလား။အဲဒါဆိုရင် ရုပ်ရှင် အစည်းအရုံးရဲ့ ရပ်တည်ချက်က ဘာလဲ။ အာဏာရှင်ဆန်ချင်တာလား။ ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲတွေကို ထောက်ပြတဲ့အခါမှာတောင် နိုင်ငံတော် အကြီးအကဲတွေက ကျွန်တော်တို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်တယ်။ ဒါပေမဲ့ ရုပ်ရှင်အစည်းအရုံးက သူ့သဘောနဲ့ သူ အမည်ပျက်ထုတ်ပြန်တာက လုပ်လို့ ရလား” ဟု NP News သတင်းဌာနအယ်ဒီတာချုပ် ကိုကျော်မျိုးမင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ်၊မတ် ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး အခန်း (၁၀)နှင့် ပုဒ်မ ၃၃ ခု ပါဝင်သည်။ အဆိုပါ သတင်းမီဒီယာဥပဒေ အခန်း(၃)တွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များပြဋ္ဌာန်းထားပြီး ပုဒ်မ ၄ တွင် သတင်းမီဒီယာသမားများသည် “(က) ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာဝေဖန်၊ ထောက်ပြ၊ အကြံပြု ရေးသားခွင့်ရှိသည်။(ခ) နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ် စည်းကမ်းနှင့်အညီ စုံစမ်း ဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်တို့ရှိသည်။(ဂ) နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့် ရှိသည်။(ဃ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့အစည်းများတွင် သတင်း အချက်အလက်ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့ ရှိသည်။” ဟူ၍ ပြဋ္ဌာန်းထားသည်။

ထို့အတူ သတင်းမီဒီယာဥပဒေအခန်း(၈) အရေးယူခြင်းအခန်း၏ “ပုဒ်မ ၂၁ တွင်နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟု လည်းကောင်း၊ ပုဒ်မ ၂၂ တွင် ကောင်စီသည် ပုဒ်မ ၂၁ အရ တိုင်ကြားချက်ကို လက်ခံရရှိပါက နှစ်ဖက်တွေ့ဆုံညှိနှိုင်း ဖြေရှင်းခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၃ တွင် ပုဒ်မ ၂၂ အရ ကောင်စီ၏ ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှု မရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိ သူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်” ဟူ၍ ပြဋ္ဌာန်းထားသည်။

ထိုသို့ သတင်းမီဒီယာဥပဒေတွင် သတင်းမီဒီယာသမားတစ်ဦးအား နိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးသုံးရပ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ လွတ်လပ်စွာဝေဖန်၊ထောက်ပြ၊အကြံပြုရေးသားခွင့်ပေးထားသလို သတင်းမီဒီယာတစ်ဦးကြောင့် နစ်နာမှုရှိခဲ့ပါက လုပ်ဆောင်နိုင်သည့် ပုဒ်မများပါဝင်သော်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် သတင်းမီဒီယာဥပဒေကို ကျော်လွန်၍ သတင်းမီဒီယာတစ်ဦးအပေါ် အမည်ပျက်စာရင်းတင်သွင်းခြင်းနှင့် သတင်းရယူခွင့် ပိတ်ပင်ခြင်းသည် ဥပဒေကို ကျော်လွန်နေသည်ဟု ဝေဖန်မှုများရှိနေသည်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်း CDM လှုပ်ရှားမှုများကို အလွန်အကျွံ လှုံ့ဆော်မှုများပြုလုပ်ခဲ့ပြီး လူပေါင်းများစွာကို ဒုက္ခရောက် ဘဝပျက်စေခဲ့သော အနုပညာရှင်တစ်ချို့က လက်ရှိအစိုးရတာဝန်ရှိသူများကို အလွန်အကျွံဖားရားပြီး အခွင့်အရေးယူမှုများအား NP News အယ်ဒီတာချုပ် ကိုကျော်မျိုးမင်းက ဝေဖန်အပြစ်တင်မှု ပြုလုပ်ခဲ့ခြင်းကို ဟိုပြေးကပ် ဒီပြေးကပ်လုပ်တတ်သော အနုပညာအသိုင်းအဝိုင်းမှ ပုဂိုလ်အချို့က မကျေမနပ် ဖြစ်ခဲ့ကြသည်ဟုလည်း အယ်ဒီတာချုပ်တစ်ဦးက သုံးသပ်ပြောကြားသည်။

“ဒီလောကနဲ့ ရုပ်ရှင်အစည်းအရုံးအနီးတစ်ဝိုက်ကလူတွေထဲမှာ ကြောင်သူတော်တွေရှိတယ်။ ဟိုဘက်ကပ်ဒီဘက် ကပ်တွေ များတယ်။ ဒီလိုများတော့ သူတို့ရဲ့ မူဝါဒတွေက မခိုင်မာဘူး။ ဥပဒေတွေလည်း နားမလည်ဘူး။ မူတွေ၊ ဘောင်တွေလည်း နားမလည်ဘူး။ ခေတ်တွေ ပြောင်းသွားပြီဆိုတာလည်း နားမလည်ဘူး။ အခု မကြာမီ လွှတ်တော်ပေါ်လာတော့မယ်။ မဏ္ဍိုင်ကြီး သုံးရပ် ပေါ်လာပြီဆိုရင် သတင်းရေးသားခွင့် တွေကလည်း အထိုက်အလျောက်ပြန် ရလာလိမ့်မယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် တဖြေးဖြေး ပြန်သွားတဲ့အခါ မီဒီယာရဲ့အခန်းကဏ္ဍကလည်း တဖြေးဖြေးချင်း ပြန်ဖြစ်လာလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဒါမျိုးလုပ်ရပ်တွေဟာ ခေတ်နောက်ပြန်ဆွဲနေတယ်။ ငါတို့က အထက်လူကြီးကို ပိုင်တယ်။ ထိပ်ဆုံးနဲ့ ပိုင်တယ်။ သူတို့ စီးပွားရေးတွေမှာ ငါတို့ ပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့ လူအကုန်လုံးကို ပတ်ရမ်းလို့တော့ မရပါဘူး။ ဟိုဘက်ကပ်ဖား ဒီဘက်ကပ်ဖားနဲ့ Hypocrites ကြောင်သူတော်တွေဟာ ခေတ်တိုင်းခေတ်တိုင်း ထိပ်ဆုံးလူနားနဲ့ အဲဒီထိပ်နား ပတ်ဝန်းကျင်ကို ပြေးကပ်ပြီး ကျန်တဲ့လူကို နှိပ်စက်တတ်ကြတယ်။ ဒါမျိုးက လုံးဝမဖြစ်သင့်ဘူး။ နိုင်ငံရေးအရွေ့နဲ့ ရွေးကောက်ပွဲစနစ်အရ ပြောင်းလဲလာမယ့်ခေတ်စနစ်နဲ့ ဒါတွေဟာမကိုက်ညီဘူး။ ဒါဟာ Hypocrites တွေရဲ့ လုပ်ရပ်မျိုးဖြစ်တယ်။ ဟိုးခေတ်က Yellow Journalism တွေကသတင်းပိတ်ပင်တယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အခုလိုတစ်ဖက်သတ် အမည်ပျက်စာရင်းတင်သွင်းတာတို့ သတင်းရယူခွင့် ပိတ်ပင်တာတို့က ဥပဒေကို ကျော်လွန်နေသလိုဖြစ်တယ်။ နောက်တက်လာမယ့် ရွေးကောက်ခံအစိုးရအတွက် ဒီလိုလုပ်ဆောင်မှုမျိုးတွေဟာ စိန်ခေါ်မှုတွေဖြစ်လိမ့်မယ်။ ဒီလိုဟာမျိုးတွေကို NGO အဖွဲ့အစည်းတစ်ခုအနေနဲ့ မလုပ်သင့်ဘူး။” ဟု အယ်ဒီတာချုပ်တစ်ဦးက ယခုဖြစ်စဉ်နှင့်ဆက်စပ်၍ ပြောကြားသည်။

“သူတို့က ဟိုပြေးကပ်၊ ဒီပြေးကပ်။ ဘွဲ့တွေယူဘာတွေယူ။ အခွင့်အရေးတွေရလိုက်၊ရေပေါ်စီလုပ်လိုက်၊ အားလုံးလုပ်နေတယ်။ ဒီလို လုပ်နေတာကို ကိုကျော်မျိုးမင်းက ဆွေးနွေးခန်းက ထောက်ပြတယ်။ ဘာလို့ထောက်ပြရတာလဲဆိုတော့ နစ်နာသွားတဲ့ မိသားစုတွေ၊ အသတ်ခံရတဲ့မိသားစုတွေ၊ ဘဝပျက်သွားတဲ့မိသားစုတွေ။သူတို့လှုံ့ဆော်လို့ ဘဝပျက်သွားတဲ့လူတွေဘက်ကနေ ရေးတာ ဖြစ်နေတယ်။ ဒါကို မကျေနပ်လို့ လုပ်တာမျိုး ဆိုရင်မသင့်တော်ဘူး။ အဲဒါဆိုရင် အစိုးရအနေနဲ့ လည်း ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ရပ်က ဘောင်ကျော်နေလို့ ခွင့်မပြုသင့်ပါဘူး။ဒီမိုကရေစီက ပြန်သွားကို သွားရမယ့်ဟာ အခုချက်ချင်းမသွားရင်လည်း တဖြေးဖြေးချင်း အရင်အတိုင်းပြန်ဖြစ်အောင် သွားကို သွားရမယ့်ဟာ။ သွားပြီဆိုရင် ရုပ်ရှင်အစည်းအရုံးက ဒီလိုလုပ်ရပ်တွေက မဖြစ်သင့်ဘူး။ မီဒီယာ ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ အမှန်တရားကို ရေးဖို့လိုတာမှန်တယ်။ လက်လွတ်စပယ် မလုပ်ဖို့နဲ့ ကျင့်ဝတ်နဲ့ အညီ ဖြစ်ဖို့ အရေးကြီးတာ်ဆိုလည်း မှန်ပါတယ်။ ကိုကျော်မျိုးမင်းဘက်ကလည်း ကျင့်ဝတ်နဲ့ အညီ သတိပြု ရေးသားထုတ်ဖော်ပြောဆိုဖို့ ပိုပြီးကြိုးစားသင့်တယ်။ သတင်းတွေ ရေးသားဖော်ပြ တင်ဆက်တဲ့အခါမှာ tabloid ဆန်တဲ့အရေးအသား၊ ပြောဆိုမှုများကိုလည်း သတိထားသင့်တယ်” ဟု ဝါရင့်ဂျာနယ်လစ်တစ်ဦးက လည်းထောက်ပြပြောဆိုသည်။

အလားတူ ဂုရုချော အမည်ဖြင့် လူမှုကွန်ရက်အကောင့်တွင်လည်း ကိုကျော်မျိုးမင်းအား ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်း သွင်းသည့်ကိစ္စကို ပြင်းပြင်းထန်ထန်ဝေဖန်ထားသည်။ “ရုပ်ရှင်သရုပ်ဆောင်အများအပြားက နိုင်ငံတော်ကိုဝိုင်းပြီးအမဲဖျက်ခဲ့တုံးက အမည်ပျက်စာရင်းထည်းထည့်ဘို့ မစဉ်းစားမိကြဘူး။ ရုပ်ရှင်သရုပ်ဆောင် ဆိုသူတွေက နိုင်ငံတော်ရဲ့ လည်ပတ်နေတဲ့ယန္တယားကို ရပ်ဘို့ အစိုးရ ဝန်ထမ်းတွေကို CDMလုပ်ခိုင်းတုံးက အမည်ဖျက်စာရင်းထည်း ထည့်ရကောင်းမှန်းမသိဘူး” ဟု ဂုရုချော အကောင့်တွင် ရေးသားထားသည်။

ထို့ပြင် “မီဒီယာသမားတယောက်က ဝေဖန်တာကို သတ္တိရှိရင် ပြန်ဆွေးနွေးရမှာပါ။သူထောက်ပြ နေတဲ့အပေါ် ကိုယ့်ဘက်ကမာ နိူင်တာရှိရင် မာပြပါ။ ကျော်မျိုးမင်းက မြန်မာ့ရုပ်ရှင်လောက ကျဆင်းဆုတ်ယုတ်တာ၊ရုပ်ရှင်လောကသားတွေက 2021မှာ နိုင်ငံတော်ကို ဖျက်ဆီးခဲ့သူတွေထည်းပါနေတာ ကို အမြဲပြောတယ်။… ရုပ်ရှင်အစည်းအရုံးအနေနဲ့ ကိုကျော်မျိုးမင်းကို ဖိနှိပ်ရမှာ မဟုတ်ဘူး၊အမည်ပျက်စာရင်းသွင်းရမှာမဟုတ်ဘူး၊တွေ့ဆုံဖြေရှင်းညှိနိူင်းတိုင်ပင်ရမှာဖြစ်တယ်။ ဥက္ကဋ္ဌဦးကြည်စိုးထွန်းက ပိုပြီး ဆင်ခြင်တုံ ရှိဘို့လိုပါတယ်။ ရုပ်ရှင်လောကကို အမဲဖျက်တာ ကျော်မျိုးမင်းမဟုတ်ဘူး ။ ရုပ်ရှင်လောကသား တချို့ကိုယ်တိုင်သာလျှင် ဖြစ်ပါတယ်။ အရင်နာမည်ပျက်စာရင်းသွင်း ရမှာ ဘယ်သူတွေလဲဆိုတာ နဖူးပေါ်လက်တင် ပြန်လည်စဉ်းစားသုံးသပ်တွေးခေါ်ကြဘို့ စေတနာကောင်းနဲ့တိုက်တွန်းလိုက်ရပါတယ်” ဟုလည်း ဂုရုချော အကောင့်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် သတင်းမီဒီယာသမားတစ်ဦး၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ကျေနပ်မှုမရှိလျှင် သတင်း မီဒီယာကောင်စီကို တိုင်ကြားပြီး ခေါ်ယူညှိနှိုင်းဖြေရှင်းရမည်ဖြစ်ပြီး တစ်ဖက်သတ် အမည်ပျက်စာရင်း တင်သွင်းခြင်းအပေါ် အစည်းအရုံးက လုပ်ပိုင်ခွင့်ရှိ၊မရှိ ပြန်လည်စဉ်းစားသုံးသပ်ရမည်ဟု Eleven Media Group အယ်ဒီတာချုပ် ကိုကျော်ဇောလင်း ကလည်း ပြောကြားသည်။

“ဒါက ပထမဆုံးရုပ်ရှင်အစည်းအရုံးက စာနယ်ဇင်းကောင်စီကို တိုင်ကြားရမယ်။ ခေါ်ယူညှိနှိုင်းရမယ်။ အဲဒီလိုမဟုတ်ဘဲ တစ်ဖက် တည်း တင်သွင်းရင် ရုပ်ရှင်လောက လူတွေကရော ဘယ်လောက်မှန်သလဲ။ ရုပ်ရှင်လောက လူတွေက ၇ ရက်ပဲ တောင့်ခံ boycott လုပ်ရင် တိုင်းပြည်ကောင်းပြီ ဆိုပြီး ပြောခဲ့ကြတာ မှတ်မိကြသေးရဲ့လားလို့ တာဝန်ရှိသူတွေကို ပြောချင်တယ်။ ဒီကိစ္စက ရုပ်ရှင်အစည်း အရုံးက စာနယ်ဇင်းကောင်စီကို Report လုပ်ရမယ်။ ဖြေရှင်းရမယ်။ ညှိနှိုင်းရမယ်။ ဒီအဆင့်တွေကို ကျော်လွန်ပြီး အမည်ပျက်စာရင်းသွင်းရင် ကျွန်တော်တို့က ရုပ်ရှင်လောကသားတွေရဲ့ အမှားတွေ အမည်ပျက်စရာတွေကိုလည်း ရေးလို့ ရပါတယ်။ သမိုင်းမှာ မှတ်တမ်းတွေ ကျန်ခဲ့ပါတယ်။” ဟု ကိုကျော်ဇောလင်းက ပြောကြားသည်။

“ရုပ်ရှင်ကားတစ်ကား၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဝင်ငွေကောင်းနေကြတယ်။ သိန်းထောင်နဲ့ချီ မြတ်နေတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေက တစ်နှစ် တစ်နှစ် ကြော်ငြာဝင်ငွေနဲ့ပါ အရပ်ရပ်ဆိုရင် သိန်းသောင်းနဲ့ချီ ရနေကြတယ်။ ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်ကားတစ်ကားရိုက် ရင် အနိမ့်ဆုံး သိန်း ၅၀ လောက်ကနေ သိန်း ၂၀၀၊၃၀၀ ရနေကြတယ်။ အဲတော့ သူတို့ နိုင်ငံအတွက် အခွန် ဘယ် လောက်ဆောင်ထားကြသလဲ။ ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်တွေ ဆောင်ရဲ့လား။ အဲဒါတွေကို ရုပ်ရှင်အစည်းအရုံးက လုပ်သင့်တယ်။ အစည်းအရုံးကအခွန်ဆောင်ထားတဲ့ စာရင်း ထုတ်ပေးရမယ်။အဲဒါက အစည်းအရုံးရဲ့ တာဝန်တွေ၊ နိုင်ငံတော်ကို အခွန်ဆောင်ဖို့ ဘယ်သူ့ မျက်နှာမှ ထောက်စရာမလိုဘူး။ အားလုံး အခွန်ဆောင်ရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်။ အဲဒါကြောင့် စာရင်းထုတ်ပေးပါ။ ဘယ်သူက ဘယ်လောက် အခွန်ဆောင်ထားတယ်။ ပြီးရင် သက်ဆိုင်ရာတာဝန်ရှိသူတွေက စာရင်း မှန်၊မမှန် ခေါ်စိစစ်လိုက်။ ရုပ်ရှင်လောကသားတွေက ဆောင်သင့်တဲ့ အခွန်ကို မဆောင်ဘူးဆိုရင်တော့ နိုင်ငံတော်က ဘဏ္ဍာငွေ ကျပ် ဘီလျံနစ်နာမယ်” ဟု Eleven Media Group အယ်ဒီတာချုပ်ကိုကျော်ဇောလင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ သတင်းမီဒီယာသမားတစ်ဦးကို သတင်းရယူခွင့် ပိတ်ပင်ခြင်းနှင့် အမည်ပျက်စာရင်းတင်သွင်းခြင်းက လွန်ခဲ့သည့် နှစ်အစိတ်သုံးဆယ်က လုပ်ခဲ့သည့်အတိုင်း ယခင်ခေတ်ကို ပြန်သွားသလို ဖြစ်နေကြောင်း Eleven Media Group အယ်ဒီတာချုပ် ကိုကျော်ဇောလင်းက ပြောကြားသည်။

” ရုပ်ရှင်အစည်းအရုံးက အခုလို သတင်းရယူခွင့် ပိတ်ပင်တာ၊အမည်ပျက်စာရင်း တင်သွင်းတယ်ဆိုတာဟာ လွန်ခဲ့တဲ့ ၂၅ နှစ်၊ နှစ် ၃၀ က Yellow Journalism သမားတွေက ငါနဲ့ မတည့်တဲ့သူ သတင်းမယူရဆိုတဲ့ ခေတ်ကို ပြန်သွားသလို ဖြစ်နေတယ်။ မသင့်လျာ်ပါဘူး။ အခု NP News က ကိုကျော်မျိုးမင်းပြောနေတဲ့အကြောင်းအရင်းတွေလည်း ရှိတယ်။ CDM ကို ၇ ရက် တောင့်ခံထားရင် ဖြစ်ပြီ။ ပြည်သူတွေက တစ်သက်လုံး ထမင်းတင်ကျွေးထားမယ်ဆိုပြီး အနုပညာရှင်၊မင်းသား၊ မင်းသမီးတွေ၊ ရုပ်ရှင်လောကလူတွေ အုံနဲ့ကျင်းနဲ့ အကြီးအကျယ် ဝါဒဖြန့်လှုံ့ဆော်ခဲ့ကြတယ်။ ဒီလိုလှုံ့ဆော်ခဲ့ကြတာတွေရဲ့ နောက်ဆက်တွဲမှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတာ။ ဘဝပေါင်းများစွာ ပျက်စီးခဲ့ရတာတွေလည်း ရှိတယ်။ အဲဒီလိုဖြစ်ခဲ့တဲ့ဟာ တွေအတွက် မကျေနပ်တာတွေကလည်း တစ်ဖက်မှာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လူတွေရဲ့ ဘဝပျက်စီးစေခဲ့သူတွေက နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေအဖြစ် ချီးမြှောက်ခံရ၊ တစ်ဖက်မှာ ဟိုလူတွေက ဘဝပျက် ပြီး စားစရာမဲ့သောက်စရာမဲ့ဘဝပျက်ကြရ။ မိသားစုတွေ ဆုံးရှုံးရ၊ ဒီလိုတွေ ရှိခဲ့တဲ့အခြေအနေမှာ ဒါတွေလုပ်ခဲ့ကြတဲ့သူတွေ က အထက်စီးဆန်မယ်။ အနိုင်ကျင့်မယ် ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ နီပေါတွေများတဲ့ ဒီအဝန်းအဝိုင်းမှာ Hypocrite ကြောင်သူတော်ဝါဒ တွင်ကျယ်သလို ဖြစ်တယ်။ ဒါ့အပြင် အခုကိစ္စက ဥပဒေကျော်လွန်လုပ်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတင်းမီဒီယာကောင်စီရှိတယ်။ သတင်းမီဒီယာ ဥပဒေလည်းရှိ ပြီးသား။ လွတ်လပ်စွာ သတင်းသိပိုင်ခွင့်နဲ့ သတင်းရယူခွင့်ကိုတားဆီးပိတ်ပင်လို့ မရဘူး။ ဒီလိုလုပ်တာဟာ ဥပဒေကို မလေးစားရာရောက်တယ်။ ဥပမာ သတင်းသမားရဲ့ အရေးအသား တင်ဆက်မှုအပေါ် မကျေနပ်ရင် တိုင်ကြားလို့ ရတယ်။ သတင်းမယူရဆိုပြီး ပိတ်ပင်ပိုင်ခွင့် တော့မရှိဘူး။ အခုလိုမျိုးရုပ်ရှင်အစည်းအရုံးရဲ့လုပ်ရပ်က ဥပဒေကို ကျော်လွန်နေတယ်။ အချက်အလက်အားဖြင့် သူ (ကိုကျော်မျိုးမင်း) ပြောတာမှာ ဘာမှားသလဲ၊ ရုပ်ရှင်အစည်းအရုံးက မှန်ရင် တရားဝင်ရှင်းလို့ရတယ်။ မမှန်ကန်ဘူးဆိုရင်လည်း ဥပဒေအတိုင်း သွားလို့ရတယ်။ ဒီလိုမဟုတ်ဘဲ သတင်းရယူခွင့် ပိတ်ပင်သလိုလုပ်တာတို့၊ အခုလိုအမည်ပျက်စာရင်းသွင်းတယ်ဆုတာမျိုးက မဖြစ်သင့်ဘူး။ အာဏာထိန်းပြီး ငါးနှစ်အတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသတင်းအများအပြားက နိုင်ငံရေးအခြေအနေ၊ လုံခြုံရေး အခြေအနေကြောင့် ရေးသားလို့ ဖော်ပြလို့ မလွယ်ဘူး။ အဲဒီအချိန်မှာ Yellow Journalism သတင်းတွေကပဲ မင်းမူနေတယ်။ ဒီသတင်းတွေ ဒီလို ကဏ္ဍတွေမှာ ကြော်ငြာတွေက အကုန်ရောက်နေတယ်။ ဒါပေမယ့် အခုမကြာမီခေတ်က ပြောင်းလာတော့မယ်။ လွှတ်တော်ပေါ်လာတော့မယ်။သတင်းတွေက တခြားဘက်တွေမှာ အာရုံစိုက်စရာ ပိုများလာတော့မယ်။ ဒီမိုကရေစီပြန်သွားရမယ့် ခေတ် စနစ် အခြေအနေမှာ အခုလိုလုပ်ရပ်ဟာ ရှေ့ဆက်သွားမယ့် နိုင်ငံရဲ့ ဒီမိုကရေစီခရီးနဲ့ အပြောင်းအလဲတွေနဲ့ မညီဘူးဖြစ်နေတယ်။ ကိုကျော်မျိုးမင်း မှန်တယ်။ မှားတယ်လို့ ပြောတာ မဟုတ်ဘူး။ ရုပ်ရှင်အစည်းအရုံးရဲ့ အခုလုပ်ရပ်က မသင့်တော်ဘူး။ သတင်းမီဒီယာ ကောင်စီ ဥပဒေကို ကျော်လွန်နေတယ်။ ရုပ်ရှင်အစည်း အရုံးဆိုတာ ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ NGO တစ်ခုဖြစ်တယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒါကိုပြေလည်အောင် လုပ်သင့်သလို ဥပဒေအထက်မေရာက်ေနအောင် ထိန်းပေးသင့်တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြန်သုံးသပ်ညှိနှိုင်းသင့်တယ်” ဟု Eleven Media Group အယ်ဒီတာချုပ် ကိုကျော်ဇောလင်းက ပြောကြားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် NP News သတင်းဌာနအယ်ဒီတာချုပ် ကိုကျော်မျိုးမင်းအား သတင်းမီဒီယာဥပဒေကို ကျော်လွန်၍ အမည်ပျက်စာရင်းတင်သွင်းခြင်း၊ သတင်းရယူခွင့် ပိတ်ပင်ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် ညီ၊ မညီ၊ လုပ်ပိုင်ခွင့် ရှိ၊ မရှိ ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး ဥပဒေနှင့် အညီသာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း Eleven Media Group အယ်ဒီတာချုပ် ကိုကျော်ဇောလင်းက ပြောကြားသည်။


Leave a Reply

Your email address will not be published. Required fields are marked *