အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီကနေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ရက်မွန်းလွဲ ၂နာရီမှာZoom မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်နှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ SRAမှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့လည်းပါရှိပါတယ်။
အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ SRA ဦးဆောင်ကော်မတီဝင်ဆလိုင်းဝီလျံချင်းတို့ကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့တယ်လို့ လည်းအသိပေးပါတယ်။
“SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့အရေးကိစ္စတွေကိုပါသေချာဆွေးနွေးဖြစ်ခဲ့ပါတယ်။အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်။ NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သောညီညွတ်ရေးကိုအတူတကွတည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်”လို့လည်း SRA အဖွဲ့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက ဖေ့စ်ဘွခ်မှာရေးသားအသိပေးထားပါတယ် ။


Leave a Reply