တိုက်ဆိုင်မှုလော၊ ပစ်မှတ်ထားမှုလော – ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးနိဂုံးကို ဆန်းစစ်ခြင်း
စစ်ဗိုလ်ချုပ်များ စနစ်တကျ ပြင်ဆင်ထားသော ၂၀၂၅ ရွေးကောက်ပွဲ ကစားကွင်းထဲ ဝင်ရောက်သွားသည့် ဒေါ်သက်သက်ခိုင်၏ ကံကြမ္မာသည် သူမျှော်လင့်မထားသည့် နိဂုံးပိုင်းသို့ ဦးတည်နေသည်ဟု ဆိုနိုင်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် တစ်န်ိုင်ငံလုံးအတိုင်းအတာအားဖြင့် ပါတီပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ စစ်တပ် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီအရေအတွက် ၅၇ ပါတီရှိသော်လည်း တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်ပါတီမှာ စုစုပေါင်း ခြောက်ပါတီသာရှိခဲ့ပြီး ထိုပါတီများထဲတွင် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အပါအဝင်ဖြစ်သည်။
ထူးခြားမှုအဖြစ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံထားသော ပါတီ ၃၀ ကျော်သည် ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲတွင် အများစု ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဤကဲ့သို့ ပါတီအရေအတွက် သိသိသာသာ လျော့နည်းသွားခြင်း နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်နိုင်သည့် ပါတီခြောက်ခုသာ ကျန်ရှိတော့ခြင်းသည် စစ်ကောင်စီက ၎င်းတို့အလိုကျ ပုံဖော်ထားသည့် နိုင်ငံရေး ကစားကွင်းသစ် တစ်ခုပင် ဖြစ်သည်။
ထိုအထဲတွင် အသက် ၅၉ နှစ်အရွယ် ဒေါ်သက်သက်ခိုင်၏ PPP ပါတီသည် လူထုထောက်ခံမှုထက် စစ်ကောင်စီ၏ အကာအကွယ်ကိုယူ၍ ရွေးကောက်ပွဲ လမ်းကြောင်းမှတဆင့် အာဏာခွဲဝေမှုကို ရယူရန် ကြိုးပမ်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့မှုသည် တိုက်ဆိုင်မှုမဟုတ်ဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်ကြောင်း ဖြစ်စဉ်များက သက်သေပြလျက်ရှိသည်။
လာရာ သမိုင်း
ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထူထောင်ခဲ့သော ပါတီဖြစ်သည်။
NLD ပါတီမှ လာကြသော ထိုစဉ်က ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသက်သက်ခိုင်သည် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းလွှတ်တော်တွင် ထင်ရှားသော ဒုဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျသည် ဒုတိယဥက္ကဋ္ဌ တာဝန်များ ယူကြသည်။ ပါတီ၏ လူသိအများဆုံးသော ခေါင်းဆောင်များလည်း ဖြစ်သည်။
ပါတီတည်ထောင်ရာတွင် ‘စီးပွားရေး အခြေခံသော နိုင်ငံရေးလမ်းစဉ်’ (Economy-based Politics) ကို အဓိက ဆောင်ပုဒ်အဖြစ် အသုံးပြုခဲ့သည်။ ဒေါ်သက်သက်ခိုင်သည် NLD အစိုးရလက်ထက်တွင် ပါတီ၏ စီးပွားရေး စီမံခန့်ခွဲမှုပုံစံကို လူသိရှင်ကြား ဝေဖန်ခဲ့ရာမှ အစပြု၍ ပါတီတွင်း သဘောထားကွဲလွဲမှုများ ပြင်းထန်လာခဲ့ပြီးနောက် ၎င်း၏ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်ထွက်ခဲ့ခြင်းဖြစ်သည်။
ပါတီဦးဆောင်တည်ထောင်သူ ၁၉ ဦးတွင် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြသည်ဟု ပါတီမိတ်ဆက်ပွဲ ပြောဆိုမှုအရသိရပြီး ဦးသိန်းစိန်အစိုးရ လက်ထက် စီးပွားရေးအကြံပေးများဖြစ်ကြသော ဒေါက်တာမြင့်ဦး၊ ဒေါက်တာဇော်ဦးတို့သည် ပါတီ၏ စီးပွားရေးနှင့် မူဝါဒဆိုင်ရာ အကြံပေးများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ထိုထဲတွင် ဗဟုဇော်ဦးဟု နိုင်ငံရေးအသိုင်းအဝိုင်းတွင် လူသိများသော ဒေါက်တာဇော်ဦးသည် လက်ရှိ အာဏာသိမ်းကာလ စစ်တပ်၏ စီးပွားရေးအကြံပေး ဆက်လုပ်ရုံသာမက ၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင် ဦးစီးဖွဲ့ခဲ့သော မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့တွင်လည်း ဒါရိုက်တာတစ်ဦးအဖြစ် ဆက်လက်ပါဝင်လျက်ရှိသည်။
ထိုမျှသာမက ၂၀၂၅ ခုနစ် မေလ ၄ ရက်နေ့တွင် စစ်ကောင်စီလက်အောက် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လည်း ခန့်အပ်ခံရပြီး စစ်တပ်အလိုကျ အသုံးတော်ခံသောသူ တစ်ဦးလည်းဖြစ်သည်။
PPP သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ် တစ်နေရာမျှ အရွေးမခံရပဲ ရှုံးနိမ့်ခဲ့သည်။
PPP ပါတီသည် NLD ခွဲထွက် ဒေါ်သက်သက်ခိုင်နှင့် စီးပွားရေးသမားများ စုဖွဲ့မှုဖြစ်သလို ပါတီ၏ အကြံပေးပုဂ္ဂိုလ်များနှင့် ခေါင်းဆောင်အချို့သည် အစိုးရအဆက်ဆက်၏ ယန္တရားအတွင်း အကျိုးအမြတ် ရယူခဲ့ဖူးသူများဖြစ်နေသည်။ ထို့ကြောင့် PPP ကို ‘တတိယအင်အားစု’ ဖြစ်လာနိုင်သည်ဟု ယူဆခဲ့ကြရာမှ အာဏာရှိသူတို့နှင့် အဆင်ပြေအောင် ညှိနှိုင်းသူများအဖြစ် ပြည်သူတို့က ရှုမြင်လာကြသည်။
ထိုပါတီ၏ လာရာလမ်းကို ခြုံငြုံ သုံးသပ်ရလျှင် အရပ်သားပညာရှင်များ နှင့် စီးပွားရေးပညာရှင်များ စုဖွဲ့ထားသည့် ပါတီသစ်တစ်ခုဟု ထင်မှတ်ရသော်လည်း၊ လက်တွေ့တွင်မူ စစ်အာဏာရှင်ယန္တရားနှင့် အကျိုးစီးပွားချင်း ဆက်နွှယ်နေသူတို့၏ စုရပ်တစ်ခုသာ ဖြစ်လာသည်။
ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေး အဆင့်ဆင့် သေဆုံးပုံ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်သက်သက်ခိုင်သည် စစ်ကောင်စီ ဖွဲ့စည်းသော စစ်အစိုးရအဖွဲ့အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဖြစ်လာသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် NLD မှ ခွဲထွက်လာသော PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား အစိုးရအဖွဲ့အတွင်းသို့ ထည့်သွင်းခြင်းဖြင့် ယင်းတို့ ဆက်ဆံရေးကို ပိုမိုနီးကပ်စေခဲ့သည်။
ထိုသို့ ဝန်ကြီးနေရာ ရယူခြင်းကြောင့် ပြည်သူတို့၏ ဝေဖန်မှုဒဏ်အကြီးအကျယ်ခံရပြီး နိုင်ငံရေးလောကတွင်လည်း ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးသိက္ခာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ဒေါ်သက်သက်ခိုင်၏ ဤလုပ်ရပ်သည် ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်ခဲ့သော မျက်နှာဖုံးကို ခွာချလိုက်ခြင်းပင် ဖြစ်သည်။
NLD ပါတီမှ ထွက်ခွာလာပြီးနောက် ပြည်သူအတွက်ရွေးချယ်စရာ တစ်ခုအဖြစ် ရပ်တည်မည်ဟုဆိုပြီး အရပ်သားနိုင်ငံရေးသမား၊ တတိယအင်အားစုဆိုသည့် စကားလုံးကို အကာအကွယ်ယူပြီး ပြည်သူ့ဆန္ဒကို နင်းချေခဲ့၊ စစ်အာဏာရှင်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ ရယူခဲ့ခြင်းသည် ၎င်း၏ နိုင်ငံရေးအမြော်အမြင် ကင်းမဲ့မှုကို သာမက၊ အကျိုးစီးပွားအတွက် မည်သည့်မူဝါဒကိုမဆို ရောင်းချဝံ့သည့် အခွင့်အရေးသမား စစ်စစ်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ကာလုံအစည်းအဝေးပြီးနောက် ဒေါ်သက်သက်ခိုင်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးအဖြစ်သို့ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်အုပ်စုက ၎င်းအား ထုတ်ပယ်ခဲ့သည်။ ယင်းနောက် စစ်တပ်က ကျင်းပမည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်ဟုဆိုကာ ပါတီသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ထို့အပြင် လူထုအပေါ် ထားရှိသည့် သဘောထားကို သူ၏ အင်တာဗျူးများတွင် အထင်အရှား တွေ့မြင်နိုင်သည်။ နိုင်ငံရေးဆိုသည်မှာ ဖြစ်နိုင်သည်ကို လုပ်ခြင်းဖြစ်သည်ဟု သဘောဆောင်သော ဆင်ခြေကို အသုံးချကာ ပြည်သူတို့၏ အသက်၊ သွေး၊ ချွေးများဖြင့် ရင်းနှီးထားသည့် ဒီမိုကရေစီ တောင်းဆိုချက်များကို မျက်ကွယ်ပြုခဲ့သည်။
ဤကဲ့သို့ ဝန်ကြီးရာထူးကို စွန့်လွှတ်ရအပြီး ပါတီသို့ ပြန်လည်ခြေဦးလှည့်လာခြင်းသည် ပြည်သူ့အကျိုးကို ရှေးရှု၍ မဟုတ်ဘဲ၊ စစ်ကောင်စီက ခင်းကျင်းပေးထားသည့် ဟန်ပြ ရွေးကောက်ပွဲ ဇာတ်ခုံပေါ်တွင် နောက်ထပ် အာဏာခွဲတမ်း တစ်ခုကို မျှော်လင့်နေခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဆ်ိုစေ အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမတ်ိုင်ခင် အောက်တိုဘာလထဲကပင် ဒေါ်သက်သက်ခိုင်ကို စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဘဏ်ချေးငွေ ပြန်မဆပ်ဘဲ အကြွေးတင်နေခြင်းသည် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသည်ဟုဆိုကာ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခဲ့သည်။
သူကလည်း စစ်တပ်ကို ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များက ကြံ့ခိုင်ရေးပါတီအမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်နေကြသည်ဟု ဒီဇင်ဘာလတွင် ထောက်ပြခဲ့သည်။
နောက်တစ်လတွင် အာဏာသိမ်းစစ်အုပ်စုက ဒေါ်သက်သက်ခိုင်ကို ခေတ္တထိန်းသိမ်းလိုက်သည်။ အကြောင်းပြချက်မှာ ဒေါ်သက်သက်ခိုင်သည် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရဘဲ သံတမန်အချို့နှင့်တွေ့ဆုံခဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုဖြစ်ရပ်ကြောင့် ၎င်းဦးဆောင်နေသည့် ပါတီကို ဖျက်သိမ်းနိုင်သော ပုဒ်မဖြင့်အရေးယူမည်ဟု အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
နိုင်ငံရေးတွင်တိုက်ဆိုင်မှုမရှိဆိုသည့် စကားအတိုင်း စစ်အစိုးရယန္တရားတွင် ဝန်ကြီးအဖြစ် အသုံးတော်ခံခဲ့သော ဒေါ်သက်သက်ခိုင်ကို ထိုသို့နှိပ်ကွပ်ခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုမလိုတော့ပြီဟူသော သဘော သက်ရောက်ခဲ့သည်။
ထိုနှိပ်ကွပ်မှုအပြီးတွင် ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပေါ်ပေါက်လာသည်။
ပါတီ၏ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နှင့် နောက်ပိုင်း သတင်းထုတ်ပြန်ချက်များတွင် ဒေါ်သက်သက်ခိုင်၏ တာဝန်ကို လူစွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင် နာယက စသဖြင့်ဖော်ပြခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ဒုဥက္ကဋ္ဌဦးစောဟန်အေးက သူ့နေရာတွင် ရောက်လာသည်။
ပါတီတည်ထောင်သူဖြစ်ပြီး ဒုဥက္ကဋ္ဌ (၁)၊ ယာယီဥက္ကဋ္ဌ စသည့် တာဝန်များယူခဲ့သူ အသက် ၇၇ နှစ်အရွယ် စစ်အရာရှိဟောင်း ဦးမြင့်မောင်ထွန်းအား အဆိုပါ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှုတွင် မတွေ့ရတော့ပေ။
ဒေါ်သက်သက်ခိုင်နေရာတွင် အစားထိုးမည်ဆိုပါက ဦးမြင့်မောင်ထွန်းကို ရွေးချယ်ရမည်ဟု နားလည်ရသည်။ သို့သော်လည်း ဒုဥက္ကဋ္ဌ (၂) ဖြစ်သော ဦးစောဟန်အေးသည် ဦးမြင့်မောင်ထွန်းကို ကျော်လွန်၍ ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဒုဥက္ကဋ္ဌ (၂) နေရာတွင် ယခင် တွဲဖက် အထွေထွေအတွင်းရေးမှူးဖြစ်သော ဦးတင်မောင်ညီ ရောက်လာသည်။ ဒုဥက္ကဋ္ဌ (၁) ဦးမြင့်မောင်ထွန်း၏ နေရာ လစ်လပ်လျက်ရှိနေသည်။
ဒေါ်သက်သက်ခိုင်ကို ခေါ်ယူစစ်ဆေးခြင်း၊ အရေးယူမည်ဟု ကြေညာခံထားရခြင်း၊ ပါတီဥက္ကဋ္ဌနေရာမှ ဖယ်ပေးလိုက်ခြင်းစသည့် ဖြစ်ရပ်များကို သုံးသပ်ကြည့်လျှင် စစ်တပ်က ဒေါ်သက်သက်ခိုင်ကို နိုင်ငံရေးစင်မြင့်ပေါ်မှ ဖယ်ရှားလိုက်သည့်အသွင်ဆောင်လျက်ရှိသည်။
ဤဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံကြည့်လျှင် ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးဇာတ်လမ်းသည် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း၊ ‘အသုံးချပြီးလျှင် စွန့်ပစ်ခြင်း’ ဆိုသည့် နိယာမအတိုင်းပင် အဆုံးသတ်သွားခဲ့ရပြီဖြစ်သည်။ ဘဏ်အကြွေးကိစ္စကို အကြောင်းပြကာ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲ ဝေဖန်မှုအပြီးတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်း၊ ပါတီထိပ်ပိုင်းရာထူးများ ရုတ်တရက် ပြန်လည်ပြင်ဆင်လိုက်ခြင်းတို့သည် တိုက်ဆိုင်မှုများ မဟုတ်ကြပေ။
စစ်ဗိုလ်ချုပ်ကြီးများအတွက် နိုင်ငံရေးအရ အသုံးဝင်စဉ်က သူ့ကို ဝန်ကြီးရာထူးဖြင့် မြှောက်စားခဲ့သော်လည်း၊ တရားဝင်မှု (Legitimacy) ရလိုသည့် မင်းအောင်လှိုင်သည် အတုအယောင်ရွေးကောက်ပွဲပြုလုပ်အပြီး အသုံးမတည့်တော့သည့်အခါတွင်မူ နိုင်ငံရေးဇာတ်ခုံပေါ်၌ ရှိမနေစေရန် အပြစ်ရှာ မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဒေါ်သက်သက်ခိုင်သည် ပြည်သူ့ဘက်၌လည်း ရပ်တည်နိုင်ခြင်းမရှိ၊ အာဏာရှင်၏ ယုံကြည်မှု ကိုလည်း ဆက်လက်မထိန်းသိမ်းနိုင်ဘဲ နိုင်ငံရေးလောက၏ ဖယ်ကြဉ်ခြင်းခံရသူ အဖြစ်သာ သမိုင်းတွင် နာမည်ပျက်ကျန်ရစ်တော့မည် ဖြစ်ပေသည်။


Leave a Reply