ယင်းမာပင်တပ်ရင်း ၂၀ တွင် မွတ်စလင်ရဲမေတစ်ဦးကို အချုပ်ချ၍ အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ခြေထောက်တွင် ဓားဖြင့်စာရေးနှိပ်စက်မှုဖြစ်ပွား၊ ကျူးလွန်သူများကို အရေးယူပေးရန် တောင်းဆို
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်း (ရိုးမရာဇာ) အတွင်း၌ တပ်ဖွဲ့ဝင် မွတ်စလင်အမျိုးသမီးတစ်ဦးကို အကျဉ်းချကာ ရက်ရက်စက်စက် အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့်စာရေးထိုးနှိပ်စက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို လက်နက်ဖြုတ်သိမ်းကာ ထိရောက်စွာ အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီက ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် တပ်ရင်း၏ ခွင့်ပြုချက်မရှိဘဲ ကျေးရွာအတွင်း အလှူခံသည်ဟူသော စွပ်စွဲချက်ဖြင့် အသက် ၂၅ နှစ်အရွယ် မွတ်စလင်ရဲမေ မသဇင်ကို တပ်ရင်းက ဖမ်းဆီးကာ ပလဖရုံးအချုပ်ခန်း၌ ချုပ်နှောင်ခဲ့ခြင်းဖြစ်ပါတယ်။
ထိုသို့ ချုပ်နှောင်ထားစဉ်အတွင်း လက်ပြန်ကြိုးတုတ်၊ ပါးစပ်ပိတ်၍ ၃ ရက်ဆက်တိုက် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ကာယကံရှင်က ဖွင့်ဟပြောဆိုထားပါတယ်။
“အချုပ်ထဲကို ဝင်လာပြီး ရဲမေမလား မှောက်စမ်းဆိုပြီး လက်ကိုကြိုးတုပ်၊ ပါးစပ်စည်း၊ မျက်နှာကို အင်္ကျီစွပ်ပြီး အနောက်ကနေ အစော်ကားခံရတာ။ ၃၁ ရက်ညကစပြီး ၃ ရက်ဆက်တိုက်ဖြစ်တာ။ နောက်တစ်ညကျတော့ လည်ပင်းကို ဓားထောက်ပြီး လုပ်တယ်။ ပြီးတော့ ပေါင်တွေကို ဓားနဲ့အရင်ခြစ်တယ်၊ ခြေသလုံးကို ခြစ်ပြီးမှ ‘ရန်ရှင်း၊ တပ်ရင်း ၂၀၊ YMYZ’ ဆိုတဲ့စာကို ရေးတာ” ဟု မသဇင်က ဆိုပါတယ်။
မသဇင်နှင့်အတူ သူမ၏ ၃ နှစ်အရွယ် သမီးငယ်ပါ အချုပ်ခန်းအတွင်း ရှိနေသော်လည်း ကျူးလွန်သူများသည် ဂရုမစိုက်ဘဲ နှိပ်စက်ညှင်းပန်းမှုများ၊ လူမျိုးရေးခွဲခြား စော်ကားမှုများနှင့် သားအမိနှစ်ဦးလုံးကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရတယ်။
ထို့ပြင် အဓမ္မပြုကျင့်ခံရမှုကို တိုင်ကြားစဉ် တပ်ရင်းမှူးဖြစ်သူက ကိုယ်ဝန်မရစေရန်ဟုဆိုကာ အရက်နှင့် ကျားငါးကောင်ဆေးကို တိုက်ကျွေးခဲ့သဖြင့် အစာအိမ်ရောင်ရမ်းကာ ကျန်းမာရေး ဆိုးရွားခဲ့ရကြောင်း မသဇင်က ပြောပြတယ်။
တပ်ရင်းမှူး၏ တာဝန်မဲ့ပြောဆိုချက်နှင့် အခြေအနေ
ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ တပ်ရင်းမှူး ရန်ရှင်းအောင်က အဆိုပါ အမျိုးသမီး အချုပ်ခန်းအတွင်း အဓမ္မပြုကျင့်ခံရသည်မှာ မှန်ကန်ကြောင်း ဝန်ခံသော်လည်း၊ သူမ၏ ခြေထောက်တွင် ဓားဖြင့်စာရေးခံရမှုအပေါ် “သူ့ဘာသာ စိတ်ပါလက်ပါ ပါဝင်လုပ်ဆောင်တာ” ဟု ယူဆကြောင်းနှင့် အမျိုးသမီးက အလိုတူအလိုပါ ဖြစ်နိုင်သည်ဟု စွပ်စွဲကာ အမှုကို ခရိုင်ရုံးသို့သာ လွှဲပြောင်းပေးထားကြောင်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီက ဤဖြစ်စဉ်သည် ခွင့်မလွှတ်နိုင်သော ဖက်ဆစ်လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချထားပြီး အချက် ၄ ချက်ကို တောင်းဆိုထားသည်။
၁။ ကျူးလွန်ခံရသူ မိသားစု၏ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံမှုကို အာမခံချက်ပေးရန်
၂။ ကျူးလွန်သူများကို လက်နက်ဖြုတ်သိမ်း၍ တာဝန်မှရပ်စဲကာ စုံစမ်းစစ်ဆေးရန်
၃။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တာဝန်ခံရန်နှင့် လူမျိုးရေးခွဲခြားမှုများ ပပျောက်အောင် ဆောင်ရွက်ရန်
၄။ တော်လှန်ရေးအင်အားစုများအတွင်း ရန်သူစစ်ကောင်စီနှင့် တူညီသည့် ယုတ်ညံ့သည့်လုပ်ရပ်များ ရှောင်ရှားရန် ဥပဒေပြဋ္ဌာန်းရန် တို့ဖြစ်သည်။
လက်ရှိတွင် မသဇင်မှာ သူမ၏ဖခင်ဖြစ်သူ အကူအညီဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ဖြစ်စဉ်မှာ ၂ လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း တရားမျှတမှု တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရှိရတယ်။
တော်လှန်ရေးရဲမေတဦးဖမ်းဆီးထားစဉ်မုဒိမ်းကျင့်ခံရ
တော်လှန်ရေးရဲမေတဦးကို တပ်ရင်းရဲ့ခွင့်ပြုချက်မရဘဲအလှူခံလို့ဆိုပြီး ပလဖရုံးအချုပ်ခန်းထဲပို့ဆောင်ဖမ်းဆီးထားစဉ်မှာ ကြိုးနဲ့တုတ်၊ ပါးစပ်အဝတ်စည်းပြီး မုဒိမ်းကျင့်တာခံခဲ့ရတယ်လို့ ကာယကံရှင်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလကုန်မှာကတည်းကဖြစ်ပွားခဲ့ပေမဲ့ အခုအချိန်အထိတရားမျှတမှုရအောင် မဆောင်ရွက်နိုင်သေးပါဘူး။
“မုဒိမ်းကျင့်ခံရလို့ တိုင်တဲ့ PDF ရဲမေကို ‘နင်ရော အလိုတူအလိုပါမလား’ ဆိုပြီး ဒူးထောက်ခိုင်း၊ ဖိနပ်နဲ့ ပါးရိုက်၊ စောင့်ကန်တာတွေ ပြုလုပ်”
ယင်းမာပင်ဒေသမှာ အခြေစိုက်ထားတဲ့ ယင်းမာပင် ရိုးမရာဇာ တပ်ရင်း ၂၀ အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။
ဖြစ်စဉ်ရဲ့အစက_ ယင်းမာပင် တပ်ရင်း ၂၀ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတစ်ဦးဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စခန်းအနီးရှိ ရွာကို သွားပြီး ဆီဖိုးအတွက် ထောက်ပို့ငွေ အလှူခံထွက်ခဲ့ပါတယ်။ အလှူခံရာကနေ မြန်မာကျပ်ငွေ နှစ်သောင်းကျော်နဲ့ ဆန်အနည်းငယ် ရရှိထားတဲ့အချိန်မှာ အဲ့ဒီရွာကို ဒုတပ်ရင်းမှူး ကိုထက်ဦးနဲ့ ရဲဘော် ဗိုက်ကလေးတို့ လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး ရောက်လာခဲ့ကြကာ လူအများရှေ့မှာပဲ ရဲမေကို ဆံပင်ဆွဲ၊ ပါးရိုက်ကာ ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့တယ်။ ရဲမေကတော့ သူမအနေနဲ့ တပ်ရင်းကို အသိမပေးဘဲ အလှူခံထွက်ခဲ့တာ မှားခဲ့တာကို လက်ခံတယ်လို့ ပြောခဲ့ပေမယ့် အခုလို မေးမြန်းမှုမရှိဘဲ လူလည်ခေါင်မှာ ကိုယ်ထိလက်ရောက် ပြုလုပ်တာကို မခံနိုင်ဘူးလို့ ပြန်လည်ပြောဆိုခဲ့ရာကနေ အချေအတင် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို ရွာသားတချို့လည်း မြင်တွေ့ခဲ့ကြပြီး အလှူခံရရှိထားတဲ့ ငွေကြေးနဲ့ ဆန်တွေကိုလည်း အဲ့ဒီအချိန်မှာ တပ်ဖွဲ့ဆီ ရဲမေက ပေးအပ်ခဲ့ပါတယ်။
အဲ့အချိန်မှာ ပြဿနာ မပြေလည်သေးပေမယ့် ရဲမေရဲ့ အမျိုးသားဖြစ်တဲ့ ရဲဘော်မှာ အလုပ်ခရီးသွားရမယ့် ကိစ္စရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲမေနဲ့ ၃ နှစ်အရွယ် သမီးငယ်လေးတို့ကို ခရိုင်ထောင်မှာ ခဏထားခဲ့မယ်လို့ ပြောဆိုကာ သွားခိုင်းခဲ့တယ်။
“ဒီနေ့ ရဲဘော်က ခရီးသွားမှာဆိုတော့ ရဲမေနဲ့ ကလေးကို ခရိုင်ထောင်မှာ အပ်ထားခဲ့ရမယ်၊ ဘာမှမဖြစ်ပါဘူး၊ တစ်ရက် နှစ်ရက်နေရင် တပ်ရင်းမှူးလာခေါ်မှာ”လို့ ပြောခဲ့တာကြောင့် သူတို့မိသားစုလည်း သံသယမရှိဘဲ ကြည်ဖြူစွာ လိုက်ပါသွားခဲ့တာပါ။ အနောက်ကနေ ဆိုင်ကယ် ၁ စီးနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ထောက်ပို့ရဲဘော် ကိုမယ်တော်ကြီးနဲ့ ဗိုက်ကလေးတို့က လိုက်ခဲ့ပါသေးတယ်။
ဒါပေမယ့် ခရိုင်ထောင်ကို ရောက်တဲ့အချိန်မှာတော့အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ရဲမေရဲ့ အမျိုးသား ပြန်ထွက်တော့မယ့်အချိန်မှာ ရဲမေကို လက်ထိပ်ခတ်ဖို့ လုပ်ခဲ့တာကြောင့် ရဲမေက လှမ်းအော်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အမျိုးသားဖြစ်သူ ပြန်လှည့်လာပြီး “ခဏထားခဲ့မယ်” ဆိုထားတဲ့အခြေအနေကနေ အဖမ်းခံရတဲ့ပုံစံ ဖြစ်လာခဲ့တာကြောင့် လင်မယားနှစ်ဦးအကြား စကားများခဲ့တယ်။ အဲ့အချိန်မှာ ရဲမေက စိတ်တိုပြီး သူမရဲ့ အမျိုးသားကို ပါးတစ်ချက် ရိုက်လိုက်မိခဲ့တယ်။ ဒါပေမယ့် ဘေးမှာရှိနေတဲ့ ထောက်ပို့ရဲဘော် ကိုမယ်တော်ကြီးက ပြဿနာကို ဖြေရှင်းပေးဖို့ မကြိုးစားဘဲ “ငါ့ရဲဘော်ကို ရိုက်ရသလားလို့ ပြောရင်း ရဲမေရဲ့ ပါးကို ဖျန်းခနဲ … ‘ ရိုက်ချလိုက်ပါလေရော…” ရဲမေကလည်း မဆီမဆိုင် ဝင်ရိုက်တာကို မခံနိုင်လို့ သူမရဲ့ စွမ်းအားရှိသလောက် ပြန်ခုခံခဲ့တယ်။ သူမကို အခုလို မလုပ်ဖို့ကိုလဲ တောင်းဆိုခဲ့တယ်။ ဖြေရှင်းခွင့်ပေးဖို့လဲ ထပ်ခါထပ်ခါ တောင်းဆိုတာတွေရှိခဲ့ပေမယ့် အမိန့်မရဘဲ အလှူခံတာကြောင့်လို့သာဆိုပြီး ဘယ်လိုဖြေရှင်းခွင့် အခွင့်အရေးတခုမျှမပေးဘဲ တဖက်ပိတ်ပုံစံမျိုးပြောခဲ့တယ်။
နောက်ဆုံးမှာတော့ ခရိုင်ထောင်မှာရှိတဲ့ ကိုပိန်ဆိုတဲ့ ရဲဘော်က ရဲမေကို လက်ထိပ်ခတ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ရဲမေရဲ့ အမျိုးသားကတော့ သူမနဲ့ ကလေးငယ်ကို ချန်ထားခဲ့ပြီး သူ့တာဝန်ကျရာ အလုပ်ခရီးကို ဆက်သွားခဲ့ပါတယ်။
အဲ့ဒီညမှာပဲ ရဲဘော်ပြာတာက ညနေ ၅/၆ နာရီခန့်မှာ ရဲမေကို အပြင်ထုတ်ပြီး ၅ ချက် ရိုက်နှက်ခဲ့ပြီး ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တယ်။ ရိုက်နှက်ပြီးနောက် ရဲမေကို အမျိုးသားရဲဘော်တွေအိပ်တဲ့ ဘားတိုက် အဆောင်ပေါ် ကို တက်ခိုင်းခဲ့ပါတယ်။ ရဲမေက “ဒါ ယောကျာ်းလေး ဘားတိုက်ပေါ်ကြီး” လို့ ပြောခဲ့ပေမယ့် “လျှာမရှည်နဲ့ တက်” လို့ ပြန်ပြောကာ အတင်းဖိအားပေး တက်ခိုင်းခဲ့တယ်။ ည ၁၀ နာရီခန့်မှာတော့ ပြန်လာကာ ရဲမေကို အမျိုးသမီးတွေထားတဲ့နေရာဘက်ကို ထပ်မံပြောင်းရွေ့ပြီး ထည့်ထားခဲ့တယ်။
နောက်နေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ရဲမေရဲ့ အမျိုးသားက လာတွေ့ဆုံတော့ ဖြစ်စဉ်တွေကိုလည်း ရှင်းပြခဲ့ပြီး ဆက်စပ်စာရင်းတွေကိုလည်း ထောက်ပို့ ကိုမယ်တော်ကြီးဆီ ပေးအပ်ခဲ့တယ်။ အမျိုးသားက တပ်ရင်းမှူး ကိုရန်ရှင်းအောင်က ဆင်းလာပါက ဒီကနေထွက်ပြီး ၂ ယောက်တူတူသွားရမယ်လို့ ပြောသွားတယ်။ ဒါမယ့် နောက်ရက်တွေမှာ တပ်ရင်းမှူး ကိုရန်ရှင်းအောင်က အမျိုးသားဖြစ်သူနဲ့ ရဲမေကို တွေ့ဆုံခွင့်နဲ့ သွားလာခွင့်တွေပါ ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။ ဒီဇင်ဘာ ၂၈ နဲ့ ၂၉ ရက်တွေမှာ ရဲမေဟာ တခြားသူတွေနဲ့ အဆက်အသွယ် ပြတ်တောက်ကာ တစ်ဖက်ပိတ် အချုပ်ချထားခံခဲ့ရတယ်။
ပြီးနောက် အဖြစ်အပျက်တွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ညမှာ တပ်ရင်းမှူး ရန်ရှင်းအောင် ရောက်လာပြီး ရဲမေနဲ့ စကားပြောရာမှာ ရဲမေက “သူမအပြစ်ရှိတယ်ဆိုလည်း ဘယ်လောက်ပဲကြာကြာ ချုပ်ထားနိုင်ကြောင်း၊ ဒါမယ့် ကလေးငယ်ကိုတော့ ပြန်လည်လွတ်ပေးပါ” လို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တပ်ရင်းမှူးက “နင့်မှာ ဒီလိုအခွင့်အရေး မရှိဘူး”လို့ ပြောဆိုပါတယ်။ (ရဲမေဟာ အကိုကြီးလို့ ခေါ်နေကြ တပ်ရင်းမှူးကို အားကိုးတကြီးမေတ္တာရပ်ခံပေမယ့် မရတော့ အလွန်စိတ်ဓာတ်ကျကာ ဝမ်းနည်းခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အာဏာသိမ်းကာလအတွင်း သူမရဲ့ ကလေးငယ်တစ်ဦး အဖျားပြင်းထန်စွာနဲ့ ကွယ်လွန်ခဲ့ဖူးတယ်။ လက်ရှိ အချုပ်အတွင်းရှိ သမီးငယ်လေးအတွက် ဘာမဆို ဖြစ်လာနိုင်တာကို သူမအသက်ထက်ပင် ပိုမိုစိုးရိမ်နေခဲ့တာပါ)
အဲ့ဒီနောက်မှာတော့ တပ်ရင်းမှူးက ရဲမေကို မြေပြင်ပေါ် မှောက်ခိုင်းပြီး ၁၀ ချက်ခန့် ဆက်တိုက်ရိုက်နှက်တော့ မခံနိုင်လို့ လူးလိမ့်ပြီး အော်လိုက်တယ်။ နောက်တော့ မြေပြင်မှာ တုတ်စိုက်ပြီး တုတ်မှာ လက်ကို ကြိုးနဲ့ချည်တယ်၊ ပါးစပ်ကနေ အသံမထွက်အောင် အဝတ်စ/ပုဆိုးစလို အရာဝတ္တု (မှောင်နေတော့ အတည်ပြုလို့မရ)ကို ပါးစပ်မှာစည်းနှောင်လိုက်တယ်၊ ပြီးတော့ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ပါတယ်။
ထို့နောက် ဆက်လက်ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေအထဲ ရဲမေကို ချုပ်ထားစဉ်အတွင်း မုဒိမ်းကျင့်ခံရမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ဓားနဲ့ ခြစ်ပြီး စာရေးသားမှုတွေအထိ ပါဝင်ပါတယ်
(စာဖတ်နေတဲ့ သူအနေနဲ့စိတ်ခံစားချက်မကောင်းရင် အောက်ကို ဆက်မဖတ်ပါနဲ့)
နောက်ရက် ၃၁ ရက်နေ့ညမှာ တပ်ရင်းမှူးခေါ်ခိုင်းတယ်ဆိုပြီး သူမကို ခေါ်ထုတ်ကာ မနေ့ညက ရိုက်နှက်တဲ့နေရာမှာ “ရဲမေ မလား၊ မှောက်စမ်း”ဆိုပြီး မှောက်ခိုင်းတယ်၊ လက်ကိုကြိုးတုပ်တယ်၊ ပါးစပ်ကိုလည်း တပ်ရင်းမှူး စည်းတဲ့ပုံစံအတိုင်း စည်းတယ်၊ မျက်နှာကို အင်္ကျီနဲ့ စွပ်တယ်၊ အောက်မှာ အခင်းခင်းတယ်၊ ပြီးနောက် မှောက်ရက်အတိုင်းရှိနေတဲ့ သူမကို အနောက်ဘက်ကနေ မုဒိမ်းပြုကျင့်ခဲ့ပါတယ်။
အဲ့အဖြစ်အပျက်အတွင်းမှာ “နင် အစာအငတ်ခံသေသွားလဲ ဘယ်သူမှနင့်ကို ဂရုမစိုက်ဘူး၊ နင့်သမီးကလည်း ငါတို့လက်ထဲမှာ၊ မလွတ်ဘူးမို့ ဒီကိစ္စ ဒီအမိန့်ကို နာခံရင်တော့ လွတ်ပေးမယ်တဲ့၊ နင့်ကို ဒီကိစ္စက တပ်ရင်းမှူးခိုင်းတာဖြစ်တဲ့အတွက် နင် ဒီကိစ္စကို ဖွင့်ပြောလဲ၊ ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ နင်ပဲ အသတ်ခံရမယ်”လို့ သူမကို ခြိမ်းခြောက်ပြောဆိုသွားခဲ့ပါသေးတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း အလားတူဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာ မုဒိမ်းမှုကျူးလွန်ခဲ့သူဟာ ရဲမေကို ချုပ်ထားတဲ့နေရာအထိ ဝင်လာပြီး ဓားလို့ယူဆရတဲ့ လက်နက်တစ်ခု ကိုင်ဆောင်ထားကာ သူမရဲ့ လည်ပင်းကို ထောက်ထားခဲ့ပါတယ်။ အဲ့နောက် “နင် အော်ရင် နင်နဲ့ နင့်ကလေးကိုပါ သတ်ပစ်မယ်” ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ပထမနေ့ကအတိုင်း သူမရဲ့ လက်ကို ကြိုးနဲ့ချည်ကာ ပါးစပ်ကို အဝတ်နဲ့ စည်းထားကာ ထပ်မံ မုဒိမ်းမှု ပြုလုပ်ခဲ့ပါတယ်။ မုဒိမ်းမှုကျူးလွန်သူက အဲ့အဖြစ်အပျက်ပြီးနောက် “နင်တွေ့လား ပထမနေ့က အမိန့်နာခံတဲ့အတွက် ဒုတိယရက်မှာ နင့်အချုပ်ခန်း တံခါးမရှိတော့ဘူး၊ နောက်ဆိုရင် နင်အချုပ်ခန်းအပြင်သာ ရောက်ဖို့ပဲရှိတော့တယ်”ဆိုပြီး ပြောသွားတယ်။
ခုလိုမျိုးအခြေအနေမှာ ကူကယ်ရာမဲ့ဖြစ်နေတဲ့ ရဲမေဟာ အကြိမ်ကြိမ် မုဒိမ်းကျင့်ခံရတဲ့အတွက် သူမ ကိုယ်စွမ်း ညဏ်စွမ်းရှိသလောက်နဲ့ နောက်တခါဖြစ်လာရင် ဘယ်လိုခုခံရမလဲဆိုပြီး စဉ်းစားခဲ့တယ်။ ထွက်ပြေးဖို့အထိ စဉ်းစားခဲ့ပေမယ့် ထွက်ပြေးသွားပါက သူမဘက်က အမှားဖြစ်သွားနိုင်မယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် မလုပ်ဆောင်ခဲ့ပါဘူး။
နောက်ဆုံးတော့ ထပ်မံ မုဒိမ်းကျင့်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ သူမရဲ့ ပေါင်နဲ့ မိန်းမအင်္ဂါမှာ အပူလောင်ခံပြီး ပရုတ်ဆီတွေ လိမ်းထားလိုက်တယ်။ ရဲမေစိုးရိမ်နေတဲ့အတိုင်း နောက်ရက် ဇန်နဝါရီလ ၂ ရက်နေ့ညမှာ ထပ်မံ သူမအခန်းကို ဝင်ရောက်လာပြီး အလားတူ မုဒိမ်းမှုထပ်မံကျူးလွန်ဖို့ ကြံစည်ရာ ပရုတ်ဆီ လိမ်းထားတာကြောင့် “ကောင်မ…ပညာပြတာပေါ့” ဆိုပြီး ပြောကာပြန်ထွက်သွားခဲ့တယ်။
ဒါပေမယ့် ပြန်ဝင်လာပြီး ပလိပ်ဒါးလို့ ယူဆရတဲ့ ဓားမျိုးတစ်ခုကို အသုံးပြုကာ အရင်ဆုံး ရဲမေရဲ့ပေါင်တွေကို ပလိပ်ဒါးလို့ယူဆရတဲ့ ဓားမျိုးနဲ့ ခြစ်တယ်။ ခြေသလုံးကိုလည်း ဓားနဲ့ ခြစ်တယ်။ သူမရဲ့အပေါ်ကနေ တက်ဖိထားပြီး ပေါင် ၂ ဖက်မှာ ရန်ရှင်းဆိုတဲ့ စာလုံးကို အသားပေါ် ဓားနဲ့ထွင်း ရေးတယ်။ခြေသလုံးပေါ်မှာလဲ အလားတူ တပ်ရင်း ၂၀ YMYZ ဆိုတဲ့စာလုံးကို အသားပေါ်မှာ ဓားနဲ့ ခြစ်ရေးသွားခဲ့တယ် ( ဒီနေရာမှာ ရန်ရှင်းဆိုတာ တပ်ရင်းမှူး ရန်ရှင်းအောင်ရဲ့ နာမည်ဖြစ်ပြီး တပ်ရင်း ၂၀ YMYZ ဆိုတာ တပ်ရင်း ၂၀ ရိုးမရာဇာကို ဖော်ပြလိုတာပါ)။
ဇန်နဝါရီလ ၄ ရက်နေ့ ညနေမှာ ရဲမေကို တပ်ရင်းမှူး ကိုရန်ရှင်းအောင်က တခြားလိုက်ပါလာသူတွေနဲ့အတူ ကားနဲ့ တောင်ပေါ်စခန်းကို ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်။ တပ်ရင်းမှူးကို တိုက်ရိုက်စကားပြောခွင့်မရတော့ ရဲမေမြင့်မြတ်ထက်ကနေတဆင့် သူမ ကြုံတွေ့ခဲ့ရတာတွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် တောင်ပေါ်စခန်းကို ရောက်ရှိတာနဲ့ စစ်ဆေးမေးမြန်းမှု တခုမျှမပြုလုပ်ဘဲ “ပြစ်ဒဏ်”လို့ဆိုပြီး ရဲမေကို ကလေးတစ်ဖက်နဲ့ မြေတူးခိုင်းခဲ့တယ်။ အနားယူခွင့်မရဘဲ အလုပ်ဆက်တိုက်လုပ်ခိုင်းခဲ့ပြီး ထမင်းစားချိန်မှသာ ခဏနားခွင့်ရတယ်။
ဇန်နဝါရီ ၅ ရက်နေ့ညမိုးချုပ်တော့ တပ်ရင်းမူးရောက်တော့ သူမရဲ့ ဒဏ်ရာနဲ့ ပုံတွေကို စစ်ဆေးပြီး အချုပ်ထောင်ကို ခေါ်သွားခဲ့ကာ တရားခံဘယ်သူလဲဆိုတာ ရွေးခိုင်းတယ်။ အဲ့အချိန်မှာ ကိုဘယ်ကျော်နဲ့ ဝက်ခြံစောင့်သူတစ်ဦးတို့ကို တွေ့မြင်ခဲ့ရပြီး မုဒိမ်းမှုက ညအမှောင်အတွင်း ဖြစ်ပွါးခဲ့တဲ့အတွက် ရဲမေအနေနဲ့ တရားခံကို အတိအကျ မှတ်မိဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် ကျူးလွန်သူရဲ့ ကိုယ်အလေးချိန်နဲ့ ကိုယ်နေဟန်ထားတို့ကို အခြေခံကာ ကိုဘယ်ကျော် ဖြစ်နိုင်တယ်လို့ ရဲမေက ပြောဆိုခဲ့တယ်။
အဲ့အခါ ရဲမေကို ကိုဘယ်ကျော် မျက်နှာချင်းဆိုင်ကာ မေးတယ် “နင့်ကို ငါ ဘာလုပ်လို့လဲ”တဲ့ မေးမြန်းပါတယ်။ ဒီလို စကားကို မျက်နှာချင်းဆိုင်ပြီး ပြောတာကြားလိုက်ရတော့ မုဒိမ်းကျင့်ခံရသူအနေနဲ့အလွန်အမင်း ရှက်ရွံ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ခံစားခဲ့ရတယ်။
စစ်ဆေးမှုအတွင်း တပ်ရင်းမှူးက ရဲမေ ၁ ဦးနဲ့ တခြားအမျိုးသမီးရဲဘော် ၁ ဦးကို ခေါ်လာပြီး “ရဲမေတွေကို သက်သေအနေနဲ့ ခေါ်ထားတာ။ ဒီ Kလားမကို စစ်ပြီးတာနဲ့ သတ်ပစ်မယ်”လို့ ပြောဆိုခဲ့တယ်။ အဲ့နေ့ကစပြီး တပ်စခန်းအတွင်း သူမကို နာမည်နဲ့ မခေါ်တော့ဘဲ “Kလားမ” လို့ ခေါ်ဆိုမှုတွေ စတင်ခဲ့ပါတယ်။
ကိုဘယ်ကျော်ကို စစ်ဆေးရာမှာ “သူက မုဒိမ်းကျင့်တာ မဟုတ်ပါဘူး၊ ရဲမေကပါ အလိုတူ အလိုပါ”လို့ ပြောဆိုတယ်။ အဲ့နောက် ကိုကတုံးဆိုသူက ရဲမေကို “နင်ရော အလိုတူအလိုပါမလား” လို့ပြောဆိုပြီး မြေပြင်မှာ ဒူးထောက်ခိုင်းပြီးတော့ ဖိနပ်နဲ့ ပါးကို ရိုက်တာ၊ စောင့်ကန်တာတွေ အထိ ပြုလုပ်ခဲ့တယ်။ ဒီနေရာမှာလည်း ရဲမေက “သူမမှာ ကာမပိုင်ယောကျာ်းရှိတယ်၊ ကလေးလည်း ရှိတယ်၊ တခြားလူနဲ့ အတူနေပါ့မလားဆိုပြီး” ရိုက်တဲ့သူကို မဟုတ်ကြောင်း ပြန်ပြောခဲ့တယ်။
ပြီးတော့ “ရဲမေရဲ့ ကိုယ်ပေါ်မှာ စာရေးထားတာလဲ ဖြောင့်နေတာပဲ၊ ရုန်းကန်ထားတာလည်း မရှိဘူးဆိုပြီး ပြောတယ်၊ ခုလိုစာရေးတာကိုကျ နင်လက်ခံတယ်ပေါ့… ဟုတ်လား၊ မအော်ဘူးလား ဘာညာဆိုပြီး ဆက်ပြောသေးပြီး ဘယ်လိုပုံစံနဲ့ရေးထားတာလဲတောင် မမေးမြန်းဘဲနဲ့ ဘာမှ ရှင်းပြခွင့်မပေးခဲ့ဘဲ သူတို့ပြောတာ အမှန်ဆိုတဲ့သဘောနဲ့ ရဲမေကို ထပ်မံရိုက်နှက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အချုပ်ထောင်အတွင်း ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်ကာ ကိုဘယ်ကျော်ကို တရားခံအဖြစ် သတ်မှတ်ခဲ့ပြီး မှတ်တမ်းဗီဒီယိုတွေကို အချုပ်ထောင်က ရိုက်ကူးထားခဲ့တယ်။
တပ်ရင်းမှူးထံ မုဒိမ်းမှုကြောင့် ကိုယ်ဝန်ရှိမှာကို စိုးရိမ်ကြောင်း ပြောခဲ့တော့ ဇန်နဝါရီ ၈/၉ ရက်နေ့မှာ “အရက်နဲ့ ကျားငါးကောင်”ကို ၂ ကြိမ်တိုင်တိုင်သောက်ခိုင်းခဲ့တယ်။ သူမမှာ အစာအိမ်ရောဂါရှိတဲ့အတွက် ဗိုက်ဖောင်းကားပြီး နာကျင်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့်လည်း နားခွင့်မပေးခဲ့ဘူး။ ဗိုက်ကပူထွက်လာတော့ တပ်ရင်းမှူး မိန်းမက ခေါ်ပြီးကြည့်ပြီး “ကိုယ်ဝန်ရှိခဲ့ရင်တောင် စိတ်မပူနဲ့ လက်သည်နဲ့ ခေါ် ဖျတ်ပေးမယ်”လို့ ပြောတယ်။အမျိုးသားကလည်း ပြန်မလာသေးတော့ ဆေးခန်းလည်း မပြရဘူး။ နေမကောင်းဘဲ နာကျင်နေပေမယ့်ထမင်းစားချိန်တိုင်းမှာ ဒိုက်ထိုး ၁၀၀ ခိုင်းတာ မလုပ်နိုင်ရင် ထိုင်ထ ၁၀၀ ခိုင်းတာတွေလည်း ပြုလုပ်ခဲ့ရသေးတယ်။
အဲ့တပ်ရင်းအတွင်းမှာ ရဲမေဟာ အစ္စလာမ်ဘာသာကို ယုံကြည်သူ ဖြစ်ပေမယ့်လည်း သူမကိုအချက်အပြုတ်တာဝန် ပေးထားတာကြောင့် ဘာသာရေးအရ မစားသုံးနိုင်တဲ့ ဝက်သားချက်ပြုတ်ပေးရတဲ့ အခြေအနေတွေကိုပါ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ကြိမ်မှာ ရဲမေက တပ်ရင်းမှူးထံကို “သမီးက အလုပ်အားလုံး လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဝက်သားချက်တာလေးတော့ ဘာသာရေးအရ အဆင်မပြေလို့ပါ” ဆိုပြီး လေးစားစွာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တပ်ရင်းမှူးက “ရဲမေ အချင်းချင်း ညှိပြီး လုပ်လိုက်ပါ။ နင်က ဂျူနီယာဖြစ်တယ်။ စည်းကမ်းအရ ခိုင်းတာပဲ”လို့ ပြန်လည် ပြောဆိုခဲ့ပြီး သူမရဲ့ဘာသာရေးခံယူချက်ကို လေးစားစွာ စဉ်းစားပေးတာမျိုး မရှိခဲ့ပါဘူး။
ရဲမေဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်တာကြောင့် ဝက်သားဟာ ဘာသာရေးအရ မစားသုံးရတဲ့ အစားအစာဖြစ်ပေမယ့် တာဝန်ပေးခံရတာကြောင့် ဝက်သားချက်ပြုတ်ရတာ၊ ဝက်သားစားပြီးတဲ့ ပန်းကန်တွေကို ဆေးကြောရတာတွေကိုပါ မဖြစ်မနေ လုပ်ဆောင်ခဲ့ရပါတယ်။ အခက်အခဲတွေကြားကပင် ရဲမေဟာ တော်လှန်ရေးအတွက်ဆိုတဲ့ စိတ်နဲ့ တာဝန်ယူမှုအပြည့်နဲ့ လုပ်ဆောင်ခဲ့တာပါ။
နောက်တော့ အောက်စခန်းကို ရဲမေဟာ ရဲဘော် ၃ဦးတို့နဲ့အတူ ရောက်ခဲ့ပြီး အမှုဖွင့်ဖို့ စာရေးခိုင်းခံရတယ်။ ဒါပေမယ့် ဒုတပ်ရင်းမှူး ကိုထက်ဦးက အမှုစာထဲမှာ တပ်ရင်းမှူး ရန်ရှင်းအောင် ရိုက်တာကို ထည့်မရေးဖို့ပြောတယ်။ အမှုစာရေးပြီးတော့ ခဏနေပါဦး ဗိုလ်နဂါးကိစ္စရှုပ်နေတယ်လို့ ထပ်ပြောပြီး ဆက်လက်မဖြေရှင်းတော့ပါ။
အဲ့အချိန်မှာ ယင်းမာပင်–ပုလဲဒေသအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတော့ ရဲမေ၊ အမျိုးသားဖြစ်တဲ့ ရဲဘော်နဲ့ သမီးငယ်လေးကို စခန်းအစောင့်အဖြစ်ဆိုပြီး ချန်ထားခဲ့ကာ တပ်ရင်းအဖွဲ့ဝင်တွေက ဘေးလွတ်ရာကိုတိမ်းရှောင်သွားကြပါတယ်။ စခန်းမှာ စားနပ်ရိက္ခာနဲ့ ဆက်လက် နေထိုင်ဖို့ အထောက်အပံ့တွေ မရှိတော့ ရဲမေက ဖခင် ရဲဘော်ထံ အကူအညီတောင်းကာ တပ်ရင်းမှူးရဲ့ ခွင့်ပြုချက်နဲ့ ပိုမိုလုံခြုံတဲ့နေရာကို မိသားစုနဲ့အတူ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းဌာနမှာ ဖြေကြားပြီးနောက် သူမနဲ့ မိသားစုရဲ့ လုံခြုံရေးကို စိုးရိမ်ရကြောင်းပြောကာ တပ်ရင်းကို အမြန်ဆုံး ပြန်လာဖို့ ဖိအားပေးခေါ်ယူတာတွေရှိနေပါတယ်။
ဒီရေးသားချက်ဟာ ကာယကံရှင် ရဲမေရဲ့ ထွက်ဆိုချက်၊ အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံရမှုတွေ၊ သက်သေဖျောက်ဖျက်ဖို့ ကြိုးပမ်းမှုတွေကို အခြေခံပြီး စိစစ်ရေးသားထားတာဖြစ်ပါတယ်။ ဖြစ်စဉ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ပြုမူဆက်ဆံမှုတွေ၊ အကာအကွယ်မဲ့မှုတွေလည်း အများကြီးပါဝင်နေပါတယ်။
ဒီကိစ္စက လူမျိုးရေး၊ ဘာသာရေး အကြောင်းအရာတွေကို အဓိကထားရေးသားတာမဟုတ်ဘဲ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ လုံခြုံရေး၊ အခွင့်အရေးနဲ့ တရားမျှတမှု ဆိုတဲ့ အခြေခံလူ့အခွင့်အရေးအရ ထောက်ပြခြင်းသာ ဖြစ်ပါတယ်။
ဟန်နီဟာ ဘာရာထူးအာဏာမရှိတဲ့ volunteer တစ်ဦးသာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေအတွက် ဘယ်အဖွဲ့အစည်းများထံ တိုင်ကြားနိုင်မလဲ၊ ဘယ်သူတွေမှာ ဖြေရှင်းပေးဖို့ တာဝန်ရှိသလဲ၊ သက်သေတွေ မဖျောက်ဖျက်ခံရစေဖို့ ဘာတွေ လုပ်သင့်သလဲ၊ ကာယကံရှင်ကို ဘယ်လိုအကာအကွယ်တွေ ပေးနိုင်မလဲ စတဲ့အချက်တွေအပေါ် အတွေ့အကြုံရှိတဲ့ မီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းကလူတွေ ဝိုင်းဝန်းအကြံပြုကူညီပေးစေလိုပါတယ်။
ကာယကံရှင်ရဲ့ လုံခြုံရေးနဲ့ တရားမျှတမှုအတွက် သတင်းမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းအားလုံး ဝိုင်းဝန်းအသံထွက်ပေးကြဖို့ ဟန်နီအနေနဲ့ အလေးအနက်ထားတောင်းဆိုပါတယ်။













Alice Honey


Leave a Reply