ဖြူဖြူကျော်သိန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလာတဲ့ သရုပ်ဆောင် ဒေါင်း

ဖြစ်စဥ် အစ

သရုပ်ဆောင်ဒေါင်းကတော့…

စိတ်အနှောက်အယှက်မဖြစ်စေလိုတဲ့အတွက် မဆိုင်ရင် ကျော်သွားနိုင်ပါတယ်။ လက်ရှိမှာအားလုံးမြင်တွေ့နေရတဲ့ ဒေါ်ဖြူဖြူကျော်သိန်းနဲ့ကိစ္စဟာ ကျနော့အနေနဲ့ project ဖျက်သိမ်းပြီး ဒီတစ်နှစ်တာကာလအတွင်းမှာ ဒေါ်ဖြူဖြူကျော်သိန်းရဲ့ တိုက်ခိုက်မှုတွေကို ပထမဆုံးအကြိမ်တုန့်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါသည်လည်း ကျနော်နဲ့ ဘာမှမဆိုင်တဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းတွေမှာ ကျနော့နာမည်သုံးပြီး Public comment ထဲဆွဲထည့်ရေးသားတဲ့အတွက် ပြန်လည်တုန့်ပြန်ခဲ့ရတာပါ။

လက်ရှိမှာလည်း ဒေါ်ဖြူဖြူကျော်သိန်းနဲ့ အစ်မဖြစ်သူဒေါ်ညိုညိုကျော်သိန်းဟာ မနေ့တစ်ညလုံးကျနော့မိတ်ဆွေတွေဆီကို ဖြေရှင်းချက်စာအရှည်ကြီးတွေလိုက်ပို့ပြီး မဆိုင်သူတွေကို စိတ်ဆင်းရဲရအောင် ပြုမူနေတာဖြစ်သလို၊ ဒီလိုအပြုအမူတွေဟာလည်း အတော်လေးကို ကြိမ်ဖန်များနေပြီဖြစ်တာကြောင့် မိတ်ဆွေတို့ကိုအားနာသောအားဖြင့် ကျနော်ဒီ အလုပ်ပိုင်းဆိုင်ရာဖြေရှင်းချက်ကိုရေးပါတယ်။ စာရှည်မှာဖြစ်လို့ အားလုံးကို အားနာပါတယ်။

၁) သီချင်းမတိုက်ပဲ စတူဒီယိုဝင်ချင်တယ်ဆိုတဲ့ စွတ်စွဲမှု

ဒီသီချင်းတစ်ပုဒ်အတွက်ကို စတူဒီယိုမဝင်ခင်မှာ (၃) ရက်တိုင် သီချင်းတိုက်ခဲ့ပါတယ်။ သီချင်းမတိုက်ပဲအသံသွင်းဖို့ ကျနော်လုံးဝ (လုံးဝ) မပြောခဲ့ပါ။ ပထမရက် နေ့လည်ကနေ ညသန်းခေါင်ထိ ဒေါ်ဖြူနေတဲ့အခန်းမှာ ကျနော်၊ ဒါရိုက်တာနဲ့ ဒေါ်ဖြူတို့ သီချင်းတိုက်ခဲ့ပါတယ်။ အခြားအသေးစိတ်တွေမပြောတော့ပါ။ နောက်နှစ်ရက်ကို ကျနော့ဘက်က စတူဒီယိုမှာ သီချင်းတိုက်ချင်တဲ့အကြောင်းပြောလို့ စတူဒီယိုကို ပြောင်းခဲ့ပါတယ်။ စတူဒီယိုမှာသီချင်းတိုက်တဲ့ နှစ်ရက်ထဲ၊ တစ်ရက်မှာတော့ သီချင်းမတိုက်နိုင်ပဲ သူ့ဘက်ကစကားပြောတာတွေပဲ နာရီနဲ့ချီနားထောင်ခဲ့ရပါတယ်။ ပြောတာတွေမှာ ကျနော်သည်ဘယ်လိုမိန်းကလေးမျိုးကို ရွေးချယ်သင့်တဲ့ဆိုတာမျိုး အလွန်ကို ပုဂ္ဂိုလ်ရေးဆန်တဲ့အကြောင်းအရာတွေကိုပဲ ပြောဆိုနေခဲ့တာကြောင့် ကျနော့အနေနဲ့ အတော်နေရခက်ခဲ့ပါတယ်။ ဒါကြောင့် သီချင်းတိုက်ဖို့ မလိုတော့လို့ အခုလိုတွေပြောနေတယ်လို့ ယူဆတာရယ်၊ သီချင်းတကယ်မတိုက်နိုင်ပဲ ကျနော့အခြားအလုပ်အကိုင်ပျက်၊ အချိန်ကုန်တယ်လို့ ခံစားရတာရယ်ကြောင့် ကျနော်တို့ သီးခြားစီပြင်ဆင်ကြဖို့ ပြောခဲ့ပါတယ်။ အခုလိုအခြေအနေမှာ ဘယ်သူက professional မဆန်တာလဲ ခင်ဗျာ။

၂) Professional ဆန်ဆန် ပြောဆိုခြင်း

အလုပ် group မှာ “Recording နေ့ကျ တို့စိတ်တိုင်းမကျရင် မမဖြူဖြူကျော်သိန်းက Engineer ရှေ့မှာဆူတာကိုလည်းခံနိုင်ရပါမယ်၊ စိတ်ဆိုးရင်လည်း တို့က လက်ပါတတ်တာမို့ ရိုက်ရင်လည်းခံနိုင်ရပါမယ်၊ အချိုးမပြေဘူးထင်ရင် ဆဲတတ်တာမို့ အဆဲလည်းခံနိုင်ရပါမယ်။ ….. တို့စိတ်ဆိုးရင် ဘာမှမမြင်အကုန်လုပ်ပါတယ်။ မလုပ်ရဲတာဘာမှမရှိပါဘူး….” (ppkt)

အခုလိုတွေ အလုပ် group မှာ ပြောဆိုတဲ့အရာကို Professional ဆန်တယ်လို့ ထင်ပါသလားခင်ဗျာ။ ဒီလိုမျိုးစနောက်ရအောင်ထိ ဒေါ်ဖြူဖြူကျော်သိန်းနဲ့ ကျနော်ဟာ ရင်းနှီးမှုမရှိနေပါဘူး။ အတိအကျပြောရရင် တလရမတိုင်ခင် ပွဲတခုမှာ တစ်ကြိမ်သာဆုံဖူးပြီး၊ တလရကာလမှာ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။ ဒါကြောင့်အလုပ်သ​ေဘာအရ ရက်ပိုင်းသာဆုံတွေ့ လုပ်ကိုင်ကြခြင်းဖြစ်ပါတယ်။ အချင်းချင်းမတူညီတဲ့ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ပါတယ်။ ဒီလို မလေးစားတဲ့ ပြောဆိုမှုတွေဟာ အခုလို အလုပ် group မှာသာမဟုတ်ပဲ၊ သက်သေမရှိတဲ့ ဖုန်းဆက်သွယ်မှု၊ အပြင်မှာတွေ့ဆုံမှုတွေမှာလည်း ရှိခဲ့တာဖြစ်တဲ့အတွက် အခြားသူလည်းရှိနေတဲ့ အလုပ် group မှာ အထိအခုလိုပြောဆိုခြင်းဟာ ကျနော့်အတွက် လက်မခံနိုင်စရာဖြစ်ခဲ့ပါတယ်။

သို့ပေမယ့် ကျနော့်အနေနဲ့ ကိုယ်လက်ခံထားပြီးသားကိစ္စတစ်ခုကို ပြီးမြောက်ချင်တဲ့အတွက် အလုပ် group က ထွက်ပြီး၊ Director ကနေတဆင့်ပဲ ရှေ့ဆက်အလုပ်လုပ်ကြဖို့ပြောခဲ့ပါတယ်။ ချက်ခြင်းဖျက်သိမ်းခဲ့တာမဟုတ်ပါဘူး။

ဒီလိုပြောတာလည်းအကြောင်းရှိပါတယ်။ Project မှာ ရိုက်ရမယ့်အကြောင်းအရာက အချစ်သီချင်းနဲ့ ချစ်သူနှစ်ယောက်လွမ်းဆွတ်ကြတဲ့အကြောင်းပါ။ ဒီလိုခံစားချက်တွေကို ကျနော်အခုလိုအခြေအနေတင်းမာမှုနဲ့ ဖန်တီးလို့ရမှာမဟုတ်လို့ ခဏတာ distance ယူပြီး၊ စိတ်ကိုပြန်လည်ဖြေလျော့ချင်တာကြောင့်ပါပဲ။ သို့ပေမယ့်

၃) Professional ဆန်ဆန် အချင်းချင်းလေးစားမှု

Director ကနေတဆင့်အလုပ်ဆက်လုပ်မယ်ဆိုတဲ့အကြောင်းပြောပြီးနောက်၊ ကျနော့်အိမ်လာနေပြီလို့ စာပို့လာခဲ့ပါတယ်။ အဲ့ဒီအချိန် ကျနော်အပြင်သွားစရာရှိပါတယ်။ ဒါကြောင့် မလာဖို့နဲ့ ကျနော်အခုထွက်ရတော့မှာဖြစ်တဲ့အကြောင်း ကောင်းကောင်းမွန်မွန်ပြန်ပြောခဲ့ပါတယ်။ သို့ပေမယ့် ဒါရိုက်တာကို ဗီဒီယိုကောခေါ်ပြီး ကျနော့အိမ်ရှိရာလမ်းထဲမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဆက်ပြီးလိုက်လံမေးမြန်းနေခဲ့ပါတယ်။ ကျနော့်အနေနဲ့ လိပ်စာပေးပို့ခဲ့တယ်ဆိုတာ ဒီ Project ရဲ့ Main Sponsor လုပ်ငန်းဘက်က အကျီပို့ချင်တယ်ဆိုတဲ့အတွက် ယုံကြည်စွာနဲ့ ပေးခဲ့မိခြင်းဖြစ်ပါတယ်။ (ငွေကြေးကိစ္စကျနော်လုံးဝမသိ၊ မပါဝင်ခဲ့ပါ)။ ဒီလိုယုံကြည်မှုဟာ အိမ်ကိုမဖိတ်ခေါ်ပဲ လာရောက်ရှာဖွေဖို့နဲ့ အလုပ်သဘောမဆန်ပဲ မရှင်းလင်းနေတဲ့ အပြုအမူတွေလုပ်ဖို့ အခွင့်အရေးပေးခဲ့ခြင်းမဟုတ်ပါဘူး။
ကျနော့်အနေနဲ့ လူအများမျက်စိမကျတဲ့ နေထိုင်စရာနေရာတစ်ခုရှိဖို့က အရေးကြီးသလို၊ လက်ရှိကာလမှာ လုံခြုံရေးက အရေးကြီးတာကြောင့် ကျနော့အတွက် အင်မတန် serious ဖြစ်တဲ့ လုပ်ရပ်ပါ။ ဒါပြီးတဲ့နောက် ညနေမှာ ကျနော့အိမ်ရှေ့ထိုင်းအိမ်နီးချင်းတွေက ကိစ္စတစ်ခုခုရှိလားလို့ လာမေးကြပါသေးတယ်။ ကျနော့်ရဲ့စည်းကိုလေးစားမှုမရှိပဲ၊ အလုပ်ဆက်လုပ်ပါမယ်လို့ ပြောနေတဲ့ကြားထဲက အခုလို အနှောက်အယှက်ပေးတာ ကျနော့်အတွက်တော့ အတော်လေးကိုလွန်ပါတယ်။ ဒါပေမယ့်လည်း ဒါရိုက်တာကတဆင့်ပဲ “ဒီလိုအပြုအမူတွေ မကြိုက်ကြောင်းနဲ့ အလုပ်ဆက်လုပ်မယ့်အကြောင်း” ထပ်ပြောခဲ့ပါတယ်။

အဲ့ဒီညမှာ အလုပ်ဆက်လုပ်မယ့်အကြောင်း၊ ဒီလိုတွေထပ်မလုပ်တော့ဖို့ ကျနော်အနေရခက်ကြောင်း ထပ်ပြောပြီး နာရီပိုင်းမှာပဲ Facebook မှာ Public Post တင်ထားပါတယ်။ “….စိတ်မဆိုးပါနဲ့တော့။ စော်ကားတာလည်း မဟုတ်ရပါဘူး။ ကျွန်မမှားတာပါ။ ….. အလုပ်ကို အမြဲအသေးစိတ်စနစ်တကျ လိုလေသေးမရှိ လုပ်ပေးတတ်တာတွေအတွက်လည်း ကျေးဇူးတင်တယ်…” ဆိုတာအပြင်၊ “…ဖုန်းလည်းကိုင်ပါနော်။ ခြံတံခါးလည်းဖွင့်ထားဦးလို့။ ဟင်းလည်းချက်ထားပါတယ်နော်။” ဆိုတာမျိုး ပရိတ်သတ်အထင်လွဲမှားစေမယ့် စာမျိုးကို တင်ထားပါတယ်။ ဒီလိုရေးရလောက်တဲ့အထိ ကျနော်တို့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိပါဘူး။ ကျနော်မြင်တာနောက်ကျတဲ့အတွက် သိတဲ့အချိန်မှာ လူအတော်မြင်ပြီး ကျနော့ကို mention တွေခေါ်နေကြပါပြီ။

၄) ရည်ရွယ်ချက်မရှင်းလင်းနေမှု

ကျနော်သည် တလရအတွက်လို့ပြောတဲ့အတွက် စိတ်ရှင်းရှင်းနဲ့ ပါဝင်ခဲ့ပါတယ်။ အခုလို ကျနော့်စည်းဘောင်ကို အကြိမ်ကြိမ်ကျော်လွန်ပြီး ပြောဆို၊ လုပ်ကိုင်မှုတွေနဲ့ အလုပ်သဘောမဆန်တဲ့ ဆက်ဆံရေးပုံစံတွေကို ကျနော်ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ လုပ်ဆောင်ချက်မရှင်းလင်းမှုတွေက၊ ရည်ရွယ်ချက်မရှင်းလင်းဘူးလို့ ခံစားရပါတယ်။ ဒါကြောင့် အဆင်မပြေတဲ့အတွက် မတတ်သာတဲ့အဆုံး နောက်ဆုံးမှကျနော် ရပ်တန့်လိုက်ရခြင်းဖြစ်ပါတယ်။ ကျနော်သူ့ရဲ့ အခြားသောအရှုပ်အရှင်းကိစ္စရပ်တွေကို ဘာမှကိုမသိထားပါဘူး။ ကျနော်တန်ဖိုးထားတဲ့ ကျနော့်အနုပညာနဲ့ပတ်သက်တဲ့ ယုံကြည်မှုတခုခုကိုစော်ကားလာရင် ဘယ်သူ့ကိုမှသည်းမခံတတ်တာ ကျနော့်အားနည်းချက်ပါ။ ဒါကြောင့်ပဲရပ်တန့်ဖြစ်ခဲ့တာပါ။

၅) အခြားကိစ္စရပ်များ

Social Media တွင် Block လုပ်ခြင်း – ဒီကိစ္စရပ်တန့်ပြီးတဲ့နောက်ပိုင်းကစလို့ ကျနော်နဲ့ရင်းနှီးတဲ့ (သို့) နီးစပ်တဲ့ မိတ်ဆွေတွေများစွာကို ဒေါ်ဖြူနဲ့ ဒေါ်ညိုတို့ဟာ ကျနော်နဲ့ပတ်သတ်တဲ့မဟုတ်မှန်တဲဲ့ ကိစ္စရပ်တွေအကြောင်း လူကိုယ်တိုင် (သို့) ဖုန်းနဲ့ နာရီနဲ့ချီကြာအောင်နားပူနားဆာလုပ်၊ စာအရှည်ကြီးတွေပို့ စတဲ့ အပြုအမူများကိုလုပ်တဲ့ အကြောင်း နားနဲ့မဆန့်အောင် ကြားခဲ့ရပါတယ်။ ကျနော်အင်မတန်ကိုမှ စိတ်ညစ်ညူးရပါတယ်။ မိတ်ဆွေတွေကိုလည်း အင်မတန်မှ အားနာခဲ့ရပါတယ်။
နောက်ပြီး ကျနော်တစ်ခုခုလုပ်စရာရှိတိုင်း ဥပမာ – နိုင်ငံတကာ Show ပွဲတွေမတိုင်ခင်အချိန်တိုင်းမှာ တစ်ခုမဟုတ်တခု ကျနော်နဲ့ပတ်သတ်ပြီး public မှာ စောင်းမြောင်းရေးတာ၊ သက်ဆိုင်ရာနိုင်ငံအလိုက်က စီစဥ်သူတွေကို စကားတင်းပြောတာ၊ ကျနော့်အဖွဲ့ထဲကသူစီစဥ်သူတွေအကြောင်း ရန်တိုက်စကားပြောတာ စတဲ့အပြုအမူတွေကို တောက်လျောက်လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်အလုပ်တွေမှာ အာရုံစိုက်ချင်တဲ့အတွက်၊ အဓိပ္ပါယ်မရှိတာတွေမှာ အာရုံနောက်မခံလိုတဲ့အတွက် နိုင်ငံတကာ Show ပွဲကာလ (Sep-Nov) အတွင်းမှာမှ Block လုပ်ခဲ့တာဖြစ်ပါတယ်။

ငွေကြေးကိစ္စ – ကျနော့်အနေနဲ့ ဒါဟာတလရအတွက်ရည်ရွယ်တဲ့ အလုပ်ဖြစ်တယ်၊ ရိုက်ကူးရေးကုန်ကျငွေအတွက် တလရထုတ်ကုန်တစ်ခုက အဓိကကူညီမယ်လို့ပဲသိထားတာပါ။ ငွေကြေးကိစ္စပိုင်းမှာ အခုလို ၂၅% က သုံးမယ့်အကြောင်းတွေ ဘာကိုမှ မသိထားခဲ့ရပါဘူး။ ကျနော့်အတွက် သီးသန့်ကုန်ကျထားရတာလည်းမရှိခဲ့ပါဘူး။ ကိုယ့်စားရိတ်ကိုယ်စားပြီး တလရအတွက်ရှေးရှုလို့ ပါဝင်ခဲ့တယ်၊ အနုပညာဖန်တီးလို့မရနိုင်တဲ့အခြေအနေမို့ ရပ်နားခဲ့ရပါတယ်။

နောက်ပြီးဒေါ်ဖြူအနေနဲ့ ချင်းမိုင်ကို တစ်လတာလာတာဟာ ဒီသီချင်း project တစ်ခုတည်းအတွက် မဟုတ်ဘူးလို့လည်း နားလည်ထားပါတယ်။ Short film တစ်ခြမ်းကို ပြင်သစ်လာရိုက်တယ်လို့ ဖော်ပြထားတဲ့သူကလည်း ကျနော့်အတွက် Project by project Manager အဖြစ် ကူညီဆောင်ရွက်ပေးနေခဲ့တဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ ပြင်သစ်မှာရိုက်ပေးခဲ့တယ်ဆိုတာကလည်း Europe ကိုအခြားအစည်းအဝေးတခုသွားရင်း ဒေါ်ဖြူခေါ်လို့ရောက်သွားခဲ့ပြီး ဓာတ်ပုံတွေရိုက်ရင်းနဲ့ ဗီဒီယိုအပိုင်းရိုက်ကူးထားဖြစ်တယ်လို့ နားလည်ထားပါတယ်။ ကျနော့်ဘက်က လွှတ်လိုက်တာမဟုတ်သလို၊ ကျနော်လည်းကြိုတင်သိရှိထားတာမရှိပါဘူး။ ဒီအတွက်လည်း သူ့စရိတ်နဲ့သူသွားပြီး ရိုက်ကူးပေးခဲ့တာပါ။ ဒီလူငယ်ကို ထမင်းကျွေးလိုက်ရတဲ့အကြောင်းတွေနောက်ကွယ်မှာပြောတာ သူလည်းသိပါတယ်။ ကျန်တာတွေလည်း အားမတန်လို့ပြန်မပြောနိုင်ပုံရပေမယ့် အခုလိုတွေမဟုတ်တမ်းတရားပြောဆိုတာတော့ ကျနော်လက်မခံနိုင်ပါဘူး။

ဒါကျနော့်အတွက် နောက်ဆုံးဖြေရှင်းခြင်းပါပဲ။ ဒီထက်ပိုရင် ဂုဏ်သိက္ခာတွေပါလာတော့ပါမယ်။ အဲ့အထိကျနော်မရောက်စေချင်ပါဘူး။ ဒီလောက်ကို မပြောချင်လို့လည်း အလိမ်မာနဲ့ မဟုတ်တာပြောသမျှ တစ်နှစ်ကျော်သည်းခံနေခဲ့တာပါ။ အခုကတော့ ဒေါ်ဖြူဖြူကျော်သိန်းဟာ public မှာ ကျနော့နာမည်သုံးပြီး ကျနော့ရဲ့အလုပ်ပိုင်းဆိုင်ရာဂုဏ်သိက္ခာကို စွတ်စွဲစော်ကားရေးသားလာတာဖြစ်ပြီး၊ ကျနော့်မိတ်ဆွေတွေကိုလည်း စိတ်ဒုက္ခပေးနေတဲ့အတွက် ဂုဏ်သိက္ခာအရပြန်လည်ဖြေရှင်းခြင်းဖြစ်ပါတယ်။ ဒီလိုအဓိပ္ပါယ်မရှိတဲ့အကြောင်းအရာနဲ့ အားလုံး စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် စိတ်မရှိပါနဲ့။ ကျနော်လည်း ဒီလိုမဖြစ်စေချင်ခဲ့ပါဘူး။

DAUNG – ဒေါင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *