စေ့စပ်ထားသူကို လျှို့ဝှက်ချစ်သူနဲ့ ပူးပေါင်းပြီး ချောက်ထဲတွန်းချ သတ်ခဲ့တဲ့ သတို့သမီးလောင်း

😱 စေ့စပ်ထားသူကို လျှို့ဝှက်ချစ်သူနဲ့ ပူးပေါင်းပြီး ချောက်ထဲတွန်းချ သတ်ခဲ့တဲ့ သတို့သမီးလောင်း

(ဘောလိဝုဒ်ဇာတ်ကားလိုပဲ ဖတ်ကြည့်ပါ)

အိန္ဒိယနိုင်ငံမှာ ဘောလိဝုဒ်ရုပ်ရှင်ဆန်ဆန် ရက်စက်တဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးက သူမနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းကို ပေ (၄၀၀) မြင့်တဲ့ ချောက်ထဲ တွန်းချသတ်ဖြတ်ခဲ့ပြီးနောက် ဓာတ်ပုံရိုက်ရင်း ခြေချော်ကျသွားတာလို့ ရဲတပ်ဖွဲ့ထံ လိမ်ညာပြောခဲ့တဲ့ လူသတ်မှု ဖြစ်ပါတယ်။

ချောက်ထဲတွန်းချခံရပြီး သေဆုံးသွားသူက အသက် (၂၆) နှစ်အရွယ် Ketan Vishal Agrawal ဖြစ်ပြီး သူဟာ မိသားစုပိုင် အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်နေတဲ့ သူဌေးသားတစ်ဦး ဖြစ်ပါတယ်။

Ketan ကို ချောက်ထဲ တွန်းချပြီး သတ်ခဲ့တဲ့ အမျိုးသမီးက အသက် (၂၀) အရွယ် တက္ကသိုလ်ကျောင်းသူ Siya Goyal ဖြစ်ပြီး ကိတ်မုန့်ဆိုင်လည်း ဖွင့်ထားပါတယ်။

သူတို့နှစ်ဦးဟာ လူကြီးချင်း စကားပြောပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ လက်ထပ်ဖို့ အစီအစဥ်ရှိတဲ့ စေ့စပ်ထားကြသူတွေ ဖြစ်ပါတယ်။

မင်္ဂလာပွဲအတွက် အိန္ဒိယမှ နာမည်ကြီး Udaipur နန်းတော်ကို ကြိုတင်ငှားရမ်းထားပြီး ဧည့်သည်တွေကို ခေါ်ဖို့ ကိုယ်ပိုင်လေယာဉ် (၂) စီးအထိပင် စီစဉ်ထားတဲ့အထိ ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇွန်လ ၁၈ ရက်) မှာ Siya ရဲ့ မွေးနေ့ အမှတ်တရအဖြစ် သူတို့နှစ်ဦးက ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာဖြစ်တဲ့ Lohagad ခံတပ်သို့ တောင်တက်ခရီး ထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီခရီးစဥ်က Ketan အတွက် အသတ်ခံရမယ့် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့ပါတယ်။

ခရီးစဥ်အတွင်း Ketan ဟာ ချောက်ထဲပြုတ်ကျသွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက (၃) နာရီကြာ ရှာဖွေကာ သူ့အလောင်း ပြန်ဆယ်ယူရရှိခဲ့ပါတယ်။

Ketan ချောက်ထဲကျသွားတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Siya က လေပြင်းတွေ တိုက်နေစဥ် ဓာတ်ပုံရိုက်ရင်း ခြေချော်ကျသွားတာလို့ ရဲတပ်ဖွဲ့ကကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ Siya ဟာ Ketan ရဲ့ အဖြစ်အပျက်ကို ပြောပြာနေချိန်မှာ ဆောက်တည်မရနဲ့ ဝမ်းနည်းတုန်လှုပ်ကာ ငိုနေရမယ့်အစား သူမရဲ့ ပုံစံက အေးအေးဆေးဆေးနဲ့ တည်ငြိမ်နေတာကို လူတွေက သတိထားမိခဲ့ကြပါတယ်။

“သူမက အလောင်းကို မြင်ပေမဲ့ ဘာတုံ့ပြန်မှုမှ မပြခဲ့ဘူး။ ဝမ်းနည်းတာ၊ မျက်ရည်ကျတာ၊ တုန်လှုပ်သွားတာမျိုး ဘာမှ မရှိတော့ တစ်ခုခုတော့ မှားနေပြီဆိုတာ ကျွန်တော်တို့ ရိပ်မိလိုက်တယ်” လို့ သေဆုံးသူ Ketan ရဲ့ ဖခင်က ပြောပါတယ်။

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရာ Siya က အသက် (၂၂) နှစ်အရွယ် သစ်သီးခြောက်လုပ်ငန်းပိုင်ရှင် Chetan Babulal Chaudhary ဆိုသူ အမျိုးသားနဲ့ လျှို့ဝှက် အချစ်ဇာတ်းလမ်းရှိနေတာ သိလိုက်ရပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၆ ခုနှစ်ထဲမှာတင် ဖုန်းအကြိမ်ရေ (၂,၀၀၄) ကြိမ် (စုစုပေါင်း ၂၃၈ နာရီနီးပါး) အထိ အဆက်အသွယ် လုပ်ခဲ့ကြပါတယ်။

Siya က မိဘတွေ စီစဥ်ပေးတဲ့ Ketan နဲ့ လက်မထပ်ချင်ဘဲ Ketan ဟာ သူမနဲ့ Chaudhary တို့ရဲ့ အချစ်ရေးအတွက် အတားအဆီးတစ်ခုလို့ မြင်ခဲ့တာကြောင့် အစဖျောက်ပစ်ဖို့ ကြံစည်ခဲ့ပါတယ်။

Siya က Ketan ကို တောင်ပေါ် မျှားခေါ်ခဲ့ပြီး ကြိုတင်စောင့်ဆိုင်းနေတဲ့ သူမရဲ့ လျှို့ဝှက်ချစ်သူ Chaudhary နဲ့ ပူးပေါင်းကာ Ketan ကို အနောက်ကနေ ချောက်ထဲ တွန်းချခဲ့ကြတာ ဖြစ်ပါတယ်။

Ketan ချောက်ထဲကျလို့ သေဆုံးသွားပြီးနောက် Siya က သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းပူးဆွေးသယောင် ဟန်ဆောင်ထားတဲ့ ပို့စ်တစ်ခုပင် တင်ခဲ့ပါသေးတယ်။

“ကိုယ့်မွေးနေ့မှာပဲ ကိုယ့်ကို ထားသွားခဲ့တယ်နော်။ လက်ထပ်ခါနီးမှာ ဘာလို့ ထားသွားရတာလဲ။ အေးချမ်းစွာ အနားယူပါတော့” လို့ Siya က ဒီပို့စ်မှာ ရေးထားပါတယ်။

နောက်ဆုံးမှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ဖော်ထုတ်မှုအရ သူမရဲ့ လျှို့ဝှက်ချစ်သူ Chaudhary ကို ဇွန်လ (၂၃) ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Chaudhary က အပြစ်ကို ဝန်ခံပြီး အားလုံးကို ထုတ်ဖော်ပြောခဲ့ရာ Siya ကိုလည်း ထိုနေ့မှာပင် ဖမ်းဆီးလိုက်ပါတယ်။ ယခုအခါ သူတို့နှစ်ဦးလုံးကို လူသတ်မှု၊ ရာဇဝတ်ပြစ်မှု ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

ရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်းစစ်ဆေးမှုအတွင်း Lohagad ခံတပ်ရဲ့ လက်မှတ်ရောင်းတဲ့ နေရာမှ CCTV တွေကို စစ်ဆေးကြည့်ရာ Ketan နဲ့ Siya တို့ နှစ်ဦးရဲ့ အနောက်ကနေ ခပ်ခွာခွာ လိုက်လာတဲ့ အမျိုးသားတစ်ဦးကို သံသယဖြစ်ဖွယ် တွေ့ခဲ့ပါတယ်။

အခင်းဖြစ်နေ့က အပူချိန် (၃၃) ဒီဂရီဆဲလ်စီးယပ်စ်ခန့်ရှိပြီး ပူပြင်းနေချိန်မှာပင် ဒီအမျိုးသားက ဟူဒီအင်္ကျီ (Hoodie) ဝတ်ကာ ခေါင်းကိုအုပ်၊ နားကြပ်တပ်လျက် မျက်နှာကို ဝှက်ထားခဲ့တာပါ။ နောက်ပိုင်းမှာ သူဟာ Siya ရဲ့ လျှို့ဝှက်ချစ်သူ Chaudhary ဖြစ်နေတာ CCTV ကနေတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်းမှုအရ Ketan ပြုတ်ကျ သေဆုံးခဲ့တဲ့ Lohagad ခံတပ်မှ တူညီတဲ့ နေရာကို Siya က ဇွန်လ (၁၄) ရက်နေ့မှာလည်း ခေါ်သွားခဲ့ပါသေးတယ်။ ထိုနေ့ကလည်း Ketan ကို ချောက်ထဲ တွန်းချခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ ချုံပုတ်တွေကို လှမ်းဆွဲပြီး Ketan အသက်ဘေးကနေ လွတ်ခဲ့ပါတယ်။

ထိုစဥ်က သူ့ကို တွန်းလိုက်တာလားလို့ Ketan က မေးခဲ့ရာ သူမက မြွေတွေ့လို့ လန့်ပြီး တွန်းမိတာလို့ လိမ်ပြောခဲ့ကြောင်း Siya က ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပါတယ်။ နောက်ထပ် ဖြစ်ရပ်တစ်ခုအဖြစ် သူတို့နှစ်ဦးဟာ မင်္ဂလာမဆောင်ခင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို pre-wedding ခရီးစဉ် သွားဖို့ ပြင်ဆင်ခဲ့ကြပါသေးတယ်။

ဘာလီကျွန်းခရီးစဥ်အတွက် Siya ၊ Ketan ၊ Siya ရဲ့ မောင်လေးနဲ့ Keta ရဲ့ ညီမတို့ (၄) ဦး မွမ်ဘိုင်းလေဆိပ်ကို ကားနဲ့အသွား လမ်းမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြစဥ် Siya က ဖုန်းမေ့ကျန်ခဲ့လို့ဆိုကာ ကားဆီကို တစ်ဦးတည်း ပြန်သွားခဲ့ပါတယ်။

ထို့နောက် လေဆိပ်ရောက်တဲ့အခါကျမှ Ketan ရဲ့ ပတ်စ်ပို့ ပျောက်ဆုံးနေတာကြောင့် ဒီခရီးစဉ်တစ်ခုလုံး ပျက်သွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကလည်း Ketan ကို အိန္ဒိယမှာပင် ရှင်းပစ်နိုင်ဖို့ Siya က ပတ်စပို့ကို တမင်ခိုးယူ ဖျောက်ဖျက်ခဲ့တာလို့ ရဲတပ်ဖွဲ့ စုံစမ်းစစ်‌ဆေးရေးမှူးတွေက ယူဆထားပါတယ်။

“မယူချင်ရင် မယူချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ဒီမင်္ဂလာပွဲကို ကျွန်တော်တို့ ချက်ချင်း ဖျက်ပေးမှာပေါ့။ အခုလိုတော့ မလုပ်သင့်ဘူးဗျာ” လို့ Ketan ရဲ့ ဖခင်ဖြစ်သူက ဝမ်းနည်းကြေကွဲစွာနဲ့ ပြောရှာပါတယ်။

အိန္ဒိယသတင်းတွေမှာ ဖော်ပြမှုအရ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲအတွက် ရာဂျက်စတန်ပြည်နယ်မှ Udaipur နန်းတော်ကို ကြိုတင်ငှားရမ်းထားမှုကပင် အိန္ဒိယရူပီး ကုဋေ (၁၇) သန်း ကုန်ကျပါတယ်။

Ketan နဲ့ Siya တို့ရဲ့ မိဘတွေဟာ နှစ်ပေါင်း (၃၅) နှစ်၊ (၄၀) နီးပါး ရင်းနှီးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ Siya ရဲ့ မိသားစုက တောင်းဆိုလို့ ဒီမင်္ဂလာပွဲကို စီစဉ်ခဲ့ကြတာဖြစ်ပြီး ယခုလို ဖြစ်ရပ်ဆိုးမျိုး ကြုံရလိမ့်မယ်လို့ Ketan ရဲ့ မိသားစုက အိမ်မက်ပင် မမက်ဖူးခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *