တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ များပြားလာသည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေလိမ်ခြံဝင်းတခုအတွင်းမှ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၂၀ ကျော် ထွက်ပြေးလာသည့် ဖြစ်စဉ်တခု ဩဂုတ် ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်မှာ ဒေသခံများအကြား အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယခင်က ကရင်ပြည်နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများ ညှဉ်းပန်းနှိပ်စက်ခံရသည်ဆိုသည့် သတင်းများ အများပြည်သူကြားတွင် ထင်ထင်ရှားရှား မပေါ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ထိုင်း-မြန်မာနယ်စပ် စည်းမျဉ်းကပ်လျက် ဘုရားသုံးဆူမြို့ ရပ်ကွက် (၄) ၊ ပဲခူးစုဟု ဒေသခံများခေါ်ဆိုသည့်နေရာရှိ လေးထပ်အဆောက်အဦတခုမှ မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ထွက်ပြေးလာခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယခုလ ဩဂုတ် ၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ယင်းအဆောက်အဦအတွင်းမှ လူ ၂၀ ကျော် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
“ပထမတော့ KTV မှာ တရုတ်တွေ ရန်ဖြစ်တယ်ထင်တာ။ နောက်မှ မြန်မာတွေ ကျားဖြန့်ထဲက ထွက်ပြေးလာတာ သိရတယ်။ အိမ်တိုင်းနီးပါး ထွက်ကြည့်ကြတယ်။ ထွက်ပြေးလာတဲ့သူတွေရဲ့နောက်မှာ တရုတ်တွေနဲ့ ကျားဖြန့်ရုံက လုံခြုံရေး ၁၀ ယောက်လောက် အော်ဟစ်ပြီး လိုက်ဖမ်းနေတာ” ဟု ယင်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒေသခံအမျိုးသမီးတဦးက ပြောသည်။
ထွက်ပြေးလာသူများကို ခြံဝင်းလုံခြုံရေးများက လျှပ်စစ်ကျဉ်စက်ပါ ဒုတ်များကိုင်ဆောင်ကာ လိုက်လံဖမ်းဆီးခဲ့ပြီး ဒေသခံများကိုလည်း ဝင်ရောက်မစွက်ဖက်ရန် အော်ဟစ်ကြိမ်းမောင်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
နက်ပြာရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် လုံခြုံရေးအစောင့်များက ထွက်ပြေးလာသူများကို လိုက်လံဖမ်းဆီးနေစဉ် ထွက်ပြေးလာသူအချို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဂိတ်အတွင်း ဝင်ရောက်ကာ အကူအညီတောင်းခံခဲ့ကြသည်။ ထိုနောက် လုံခြုံရေးအစောင့်များနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ နောက်ဆုတ်သွားကြောင်း မျက်မြင်သက်သေများက ပြောသည်။
“DKBA က ကားတွေနဲ့ ရောက်လာတာ။ ထွက်ပြေးတဲ့သူတွေ KNU စစ်သားတွေလက်ထဲ ရောက်သွားတော့ သူတို့လည်း လူစုခွဲသွားတယ်။ လုံခြုံရေးတွေက လျှပ်စစ်ကျဉ်စက်ဒုတ်ကို ဖွင့်ထားတာ အသံတောင် ကြားရတယ်။ မိန်းကလေးတွေရော ယောက်ျားလေးတွေရော ငိုနေကြတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ဆိုသည်။

ထွက်ပြေးလာသူအချို့တွင် ရိုက်နှက်ညှဉ်းပန်းခံထားရသည့် ဒဏ်ရာများ တွေ့မြင်ရပြီး အမျိုးသားတဦးမှာ ဦးခေါင်းဒဏ်ရာရကာ သွေးထွက်နေကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။
ဒေသခံများနှင့် သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ထွက်ပြေးလာသူများသည် ခြံဝင်းအတွင်းရှိ လုံခြုံရေးအစောင့်တဦးကို တိုက်ခိုက်ကာ သော့လုယူပြီး ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ စုစုပေါင်း လူ ၃၀ ကျော် ထွက်ပြေးရန် ကြိုးစားခဲ့သည်ဟုလည်း ဆိုသည်။
လုံခြုံရေးအစောင့်များနှင့် DKBA တပ်ဖွဲ့ဝင်များ လူစုခွဲသွားချိန်တွင် ပုန်းအောင်းနေသူ အချို့လည်း KNU ထံ အကူအညီတောင်းခံခဲ့ပြီး KNU က ကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။
ထွက်ပြေးလာသူများမှာ အများအားဖြင့် အသက် ၂၀ မှ ၃၀ ဝန်းကျင်ရှိ လူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးကို DKBA တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးအစောင့်များက ဘုရားအနီး မီးသွေးဖိုတခုတွင် ပြန်လည်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“နှစ်ယောက်က သွေးသံရဲရဲနဲ့ တရုတ်တွေ ပြန်ဖမ်းမိသွားတယ်။ အဆောက်အဦထဲမှာ ပိတ်မိနေတဲ့သူတွေက နေ့တိုင်း ရိုက်နှက်ခံရတယ်၊ လျှပ်စစ်နဲ့ အတို့ခံရတယ်လို့ ပြောတယ်။ လွတ်လာတဲ့ ကောင်မလေးတွေထဲက တယောက်က ပေါင်မှာရှိတဲ့ ဒဏ်ရာကို လှန်ပြတယ်တဲ့။ အဲဒါ လွန်ခဲ့တဲ့လက နှိပ်စက်ထားတာလို့ ပြောတယ်။ အခုအရိုက်ခံရတဲ့ ဒဏ်ရာတွေကတော့ သွေးတွေနဲ့။ မြင်ရတာ စိတ်မကောင်းဘူး။ ကျားဖြန့်ရုံတွေက လက်နက်ကိုင်တွေနဲ့ ပေါင်းလုပ်တော့ ကျနော်တို့လည်း ဘာမှလုပ်မရဘူး” ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။
ထွက်ပြေးလာသူများအနက် ၂၃ ဦးကို KNU က ကယ်ဆယ်ထိန်းသိမ်းထားပြီး လိုအပ်သည့် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း KNU နှင့် နီးစပ်သူတဦးက ဆိုသည်။
“ထွက်ပြေးလာတဲ့ ၂၃ ယောက်ကို KNU က ကယ်ပေးထားတယ်။ အဲဒီထဲမှာ နှစ်ယောက်က ဥရောပနိုင်ငံသားတွေလို့ သိထားတယ်။ မြန်မာနိုင်ငံသား၂၃ယောက်မှာ မိန်းကလေးတွေများတယ်။ အခုသိရတာက ရှမ်းမြောက် ကိုးကန့်ဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ BGF,DKBAတို့ ပူးပေါင်းလုပ်နေတာဆိုတာကို အတည်ပြုနိုင်တယ်” ဟု ၎င်းက ပြောသည်။
ကျန်သူအချို့ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ဆိုသည်ကို အတည်မပြုနိုင်သေးပေ။
ဖြစ်စဉ်အပြီးတွင် ရပ်ကွက် (၄) အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၌ အလုပ်လုပ်နေပြီး ယခင်က ခြံဝင်းပြင်ပ ထွက်ခွင့်ရသူများကိုလည်း အပြင်ထွက်လာသည်ကို မတွေ့ရတော့ကြောင်း ဒေသခံများက ဆိုသည်။
ခြံဝင်းများအတွင်း ပိတ်မိနေသူများကို အမြန်ဆုံး ကယ်တင်ပေးရန် ဘုရားသုံးဆူဒေသခံများက လိုလားနေကြောင်း ပြောသည်။

ဘုရားသုံးဆူနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ
၂၀၂၃ ခုနှစ်တွင် ဘုရားသုံးဆူဒေသရှိ စစ်အုပ်စုတပ်စခန်းများကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် ဒေသအတွင်း KNU နှင့် DKBA တို့၏ သြဇာလွှမ်းမိုးမှုများ ရှိလာခဲ့သည်။
ဒေသတွင်း နယ်မြေထိန်းချုပ်မှုမှာ ရှုပ်ထွေးပြီး လက်နက်ကိုင်အဖွဲ့အစည်းများစွာ လှုပ်ရှားနေသည့် နေရာလည်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားအဖွဲ့များအနက် အချို့သည် ကရင်ပြည်နယ်အတွင်းရှိ ရွှေကုက္ကိုလ်၊ ဆုံဆည်းမြိုင်နှင့် ဘုရားသုံးဆူဘက်သို့ ပြောင်းရွှေ့လာကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် ဖော်ပြထားသလို ယခင်က စုံစမ်းဖော်ထုတ်ခဲ့ဖူးသည်။
“အခု မျက်မြင်ကိုယ်တွေ့ဆိုတော့ အန္တရာယ်များတဲ့ ဇုန်လို ဖြစ်နေပြီ။ အရင်က ဒီလောက်ဖြစ်မယ် မသိဘူး။ ကိုယ့်နိုင်ငံသားကို မလုပ်လောက်ဘူးထင်ခဲ့တာ။ အခု သုံးဆူမှာ ကျားဖြန့်ခြံဝင်းတွေ အများကြီးပဲ။ ဒီပုံစံအတိုင်းဆိုရင် ပြည်သူတွေလည်း လုံခြုံတယ်လို့ မခံစားရတော့ဘူး” ဟု ဒေသခံတဦးက ဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဘုရားသုံးဆူတွင် ယခင်က သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်နွှယ်သည့် တရုတ်နိုင်ငံသားများကိုသာ အများဆုံးတွေ့ရသော်လည်း ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ဒေသခံများက “ကျားတရုတ်” ဟု ခေါ်ဆိုကြသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ရှမ်းပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူများ နှင့် တရုတ်နိုင်ငံသားများ ပိုမိုအခြေချလာကြသည်။
တချို့ တရုတ်နိုင်ငံသားများသည် လက်နက်ကိုင်ဆောင်ထားကြပြီး DKBA တပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါပေးလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
ယခု မြန်မာနိုင်ငံသားများ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ်ခြံဝင်းကို DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောအေဝမ်း၏ လက်အောက်ခံ DKBA အမှတ် (၂) စစ်ကွပ်ကဲရေး၊ ဒေသဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်မှူးကြီး စောလက်ကိုင်က ထိန်းချုပ်ထားကြောင်း ဒေသခံနှင့် လက်နက်ကိုင်အဖွဲ့အစည်း သတင်းရင်းမြစ်များက ပြောသည်။
ဗိုလ်မှူးကြီး စောလက်ကိုင်သည် ယခင်က KNU/KNLA-PC တွင် ဗျူဟာမှူးတဦးဖြစ်ပြီး စစ်အုပ်စုကို တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ခဲ့ဖူးသူဖြစ်သည်။ နောက်ပိုင်းတွင် ဗိုလ်မှူးချုပ် စောအေဝမ်း လက်အောက်သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
စုံစမ်းရရှိချက်အရ ၂၀၂၃ ခုနှစ်မှစတင်ကာ ယနေ့အချိန်အထိ ဘုရားသုံးဆူဒေသတွင် အွန်လိုင်းငွေလိမ်ခြံဝင်း ၁၂ ခုကျော် ရှိလာပြီဖြစ်သည်။
ရရှိထားသည့် သတင်းရင်းမြစ်များက ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းအချို့ကို DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောအေဝမ်း၏ အကာအကွယ်အောက်တွင် လည်ပတ်နေသည်ဟု ဆိုသည်။
ထိုလုပ်ငန်းများထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြဝတီနှင့် ဆုံဆည်းမြိုင်ဒေသတို့မှ ပြောင်းရွှေ့လာသည့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
လောက်ကိုင်ဒေသတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူတဦးက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်ခြံဝင်းတချို့တွင် မြန်မာအလုပ်သမားများကို ရိုက်နှက်ညှဉ်းပန်းမှုများ ရှိခဲ့ဖူးကြောင်းနှင့် ယခု ဘုရားသုံးဆူတွင် ထွက်ပြေးလာသူများ ပြောဆိုသည့်အခြေအနေများမှာ ဖြစ်နိုင်ခြေရှိကြောင်း ပြောသည်။
ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ်ခြံဝင်းများမှ လူကုန်ကူးခံရသူအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ပြီး ထိုင်းအာဏာပိုင်များက ကူညီကယ်ဆယ်ခဲ့ရသည့် ဖြစ်စဉ်များလည်း ယခင်က ရှိခဲ့သည်။
DKBA အပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှု
၂၀၂၅ ခုနှစ်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ OFAC က DKBA တပ်ဖွဲ့နှင့် DKBA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် စောစတီး၊ စောဆန်းအောင်၊ စိုင်းကျော်လှနှင့် စောစိန်ဝင်းတို့ကို ပိတ်ဆို့အရေးယူခဲ့သည်။
အမေရိကန်အစိုးရက DKBA သည် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ထောက်ပံ့ကူညီပေးနေပြီး ယင်းလုပ်ငန်းများက အမေရိကန်နိုင်ငံသားများကို ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုများဖြင့် ပစ်မှတ်ထားနေသည်ဟု ဆိုထားသည်။
ထို့အပြင် ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ဥရောပသမဂ္ဂ (EU) ကလည်း စောစတီး၊ စောဆန်းအောင်၊ စိုင်းကျော်လှ၊ စောစိန်ဝင်းနှင့် စောစတီး၏သား စောအဲ့လယ်ထူးတို့ကို အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ပိတ်ဆို့အရေးယူခဲ့သည်။
သို့သော် ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်နွှယ်နေသည်ဟု သတင်းရင်းမြစ်များက ပြောဆိုထားသည့် ဗိုလ်မှူးချုပ် စောအေဝမ်းကိုတော့ အမေရိကန်နှင့် EU ၏ အဆိုပါ ပိတ်ဆို့အရေးယူစာရင်းများတွင် မတွေ့ရသေးပေ။
မြန်မာနိုင်ငံသားများ ထွက်ပြေးလာသည့် ရပ်ကွက် (၄) သည် ထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် ကပ်လျက်ရှိပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ တရားမဝင်ကာစီနိုများ၊ KTV နှင့် ဖျော်ဖြေရေးလုပ်ငန်းများ များပြားသည့် နေရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။



Leave a Reply