ပြည်သူများက မင်းအောင်လှိုင်နှင့် သူ၏ရက်စက်ကြမ်းကြုတ်သော စစ်တပ်ကို အာဏာမှ မောင်းထုတ်နိုင်ခဲ့လျှင် ၎င်းတို့ ပထမဆုံးလုပ်ရမည့် အလုပ်မှာ ကိုစတာရီကာကို နမူနာယူပြီး စစ်တပ်ကို ဖျက်သိမ်းသင့်သည်။ အနာဂတ်တွင် စစ်တပ်ကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် အရွယ်အစားလျှော့ချခြင်း မလုပ်ဘဲ ထာဝရ ဖယ်ရှားပစ်သင့်သည်။

မြန်မာကို တိုက်ခိုက်ရန် ခြိမ်းခြောက်နေသည့် ပြည်ပရန်သူ မရှိပေ။ မြန်မာ၏ လုံခြုံရေးပြဿနာများ အားလုံးသည် ပြည်တွင်းကိစ္စသာ ဖြစ်သည်။ မြန်မာ လိုအပ်သောအရာမှာ ဘက်မလိုက်သော ရဲတပ်ဖွဲ့တခုသာဖြစ်ပြီး အကျင့်ပျက်ခြစား ရက်စက်သည့် စစ်တပ်မဟုတ်ပေ။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်သည် နိုင်ငံအတွက် ကျိန်စာဖြစ်နေသည်။

စစ်တပ်သည် စကတည်းက ခြေလှမ်းမှားသည်။ ဗြိတိသျှအုပ်ချုပ်ရေးအောက်တွက် ဗမာစစ်တပ် မရှိသော်လည်း ဒုတိယကမ္ဘာစစ်အတွင်း လူငယ်ဗမာအမျိုးသားရေးဝါဒီများ ဂျပန်ထံမှ စစ်ပညာ သင်ယူကြသည်။ အများအပြားသည် ဂျပန်တို့နှင့်အတူ တိုက်ခိုက်ကြသည်။ ထိုကိစ္စသည် အံ့သြစရာ မဟုတ်ပေ။ “ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သည်။”

ဂျပန်စစ်ရှုံးသော်လည်း ထိုထိန်းချုပ်ရန်ခက်သော လူငယ်မျိုးချစ်များသည် ဗမာစစ်အရာရှိများကို မွေးထုတ်သည့် အရာရှိများဖြစ်လာပြီး ၎င်းတို့သည် ဂျပန်တို့ထံမှ သင်ခန်းစာဆိုးများကို လေ့လာထားခဲ့သူများ ဖြစ်သည်။ စစ်တပ်သည် အင်စတီကျူးရှင်းအားလုံး၏ အထက်တွင်ရှိပြီး အရပ်သားများကို အခိုင်အမာ ဦးဆောင်ရမည်၊ အစိုးရများကို ဖြုတ်ချခြင်းသည် လွယ်ကူပြီး လုပ်သင့်လုပ်ထိုက်သည်ဟု ၎င်းတို့ လေ့လာသင်ယူခဲ့သည်။

နှစ်ပေါင်း ၇၅ နှစ်အတွင်း စစ်အရာရှိ အများအပြား အာဏာသိမ်းကြပြီး မကျက်တကျက် အတွေးအခေါ် အစီအစဉ်များ နိုင်ငံတွင် ချမှတ်သည်။ ၎င်းတို့သည် အချင်းချင်းလည်း တိုက်ခိုက်ပြီး လူမျိုးစုအုပ်စုများကို အဆက်မပြတ် စစ်ဆင်ရေးများပြုလုပ်သည်။ (မြန်မာလူဦးရေ၏ ၃ ပုံ ၂ ပုံသည် ဗမာလူမျိုးစုဖြစ်ပြီး စစ်သားများက ၎င်းတို့အလုပ်မှာ အခြားလူမျိုးစုများကို နှိမ်နင်းရန် ဖြစ်သည်ဟု မြင်သည်။)

ကျောင်းသားများနှင့် အခြားအရပ်သားက စီးပွားရေးနှေးကွေးမှုများနှင့် နိုင်ငံရေးဖိနှိပ်မှုများကို ဆန့်ကျင်ရဲလျှင် စစ်တပ်က ၎င်းတို့ကို အစုလိုက်အပြုံလိုက်သတ်ပြီး တခါတရံ ရာပေါင်းများစွာ သတ်သည်။ ထို့ပြင် စစ်အရာရှိများသည် စီးပွားရေးမှ အဖူးအညွန့်များကို သိမ်းယူပြီး ချမ်းသာအောင် လုပ်ကြသည်။ စစ်တပ်သည် စီးပွားရေးကို သိမ်းယူပြီး နိုင်ငံသည် ဆင်းရဲပြီးရင်း ဆင်းရဲနေသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် အမွှာများဖြစ်ခဲ့ဖူးသည်။ ဘာသာစကား ကွဲပြားခြားနားသော်လည်း အပြန်အလှန် ဆက်စပ်နေသည့် သမိုင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှု နှစ် ၁ ထောင်နီးပါး ရှိသည်။ ၎င်းတို့သည် အလားတူ ချမ်းသာကြွယ်ဝခဲ့ဖူးသော်လည်း ယနေ့တွင် ထိုင်းနိုင်ငံ၏ တဦးချင်းဝင်ငွေသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၇,၀၀၀ (၂၃၆,၀၀၀ ဘတ်) ရှိပြီး မြန်မာ၏ တဦးချင်းဝင်ငွေမှာ တနှစ်လျှင် ဒေါ်လာ ၁၀၀ သာ ရှိသည်။ ထိုသို့ဖြစ်အောင် စစ်တပ်က လုပ်ခဲ့သည်။

ပြည်သူများက စစ်တပ်ကို ကြောက်ပြီး မေတ္တာမရှိကြဘဲ စစ်အရာရှိလူတန်းစားသည် ၎င်းတို့၏သီးခြားကမ္ဘာတွင် နေထိုင်သည်။ စစ်တပ်ကို တည်ထောင်သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လူထုလှုပ်ရှားမှုသည် အကြမ်းမဖက်သော တော်လှန်ရေးကြောင့် ၂၀၁၁ ခုနှစ်တွင် စစ်တပ်က အာဏာခွဲဝေပေးရသည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် ထိုအာဏာကို စစ်တပ်က အပြင်းအထန် အကြမ်းဖက်ပြီး ပြန်လည်ရယူသည်။

သို့သော် လွန်စွာနောက်ကျသွားပြီ ဖြစ်သည်။ ပြည်သူများသည် လွတ်လပ်မှုနှင့် အကြောက်တရားမရှိဘဲ နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ်တခုကြာခဲ့ပြီဖြစ်ပြီး စီးပွားရေးသည်ပင် ပြန်လည်နာလန်ထသည့် လက္ခဏာများ ပြသခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ပုန်ကန်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော ကရင်၊ ရှမ်း၊ ရခိုင်နှင့် အခြားလူမျိုးစုအုပ်စုများသည် စစ်တပ်ကို ပြန်လည် တိုက်ခိုက်ကြသည်။ သို့သော် ယခုတကြိမ်တွင် ဗမာများကလည်း သူတို့နှင့်ပူးပေါင်းသည်။

သောင်းနှင့်ချီသော ကျောင်းသားများနှင့် အခြားလူငယ်များသည် စစ်တပ်က တင်းကျပ်စွာ ထိန်းချုပ်ထားသည့် မြို့ကြီးများမှ ထွက်ခွာကြပြီး လက်နက်နှင့် စစ်သင်တန်းအကူအညီ တောင်းကြသည်။

လေးနှစ်ကြာသောအခါ ယနေ့တွင် စစ်တပ်သည် မြို့ကြီးများကို ချုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း ကျေးလက်ဒေသ၏ အနည်းဆုံး ထက်ဝက်သည် တော်လှန်ရေးအင်အားစုများလက်သို့ ကျရောက်နေသည်။

တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသကို စစ်ကောင်စီလေတပ်က အပြင်းအထန် ဗုံးကြဲပြီး တော်လှန်ရေးအင်အားစုများက ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်သည်။

စစ်ကောင်စီတပ် တပ်ဖွဲ့လိုက် ဘက်ပြောင်းနေပြီး စစ်ကောင်စီသည် လစ်လပ်သူများကို ဖြည့်ဆည်းရန် အတင်းအကျပ် စစ်သားစုဆောင်းနေရသည်။

ဝှက်ဖဲမှာ ဗမာနိုင်ငံမြောက်ပိုင်းတွင် ရှည်လျားစွာ နယ်နိမိတ်ထိစပ်နေသည့် တရုတ်ဖြစ်သည်။

ယခင်ကလည်း တရုတ်သည် မြန်မာစစ်တပ်ကို ထောက်ခံခဲ့ပြီး စစ်တပ်၏ လက်နက်ပင်ရင်း ဖြစ်သော်လည်း မြန်မာစစ်ကောင်စီကို ချစ်ကြည်ရင်းနှီးခြင်း မရှိပေ။

တော်လှန်ရေးအင်အားစု အားလုံး၏ မှန်ကန်သော ပန်းတိုင်မှာ စစ်တပ်ကို ဖျက်သိမ်းထားသည့် ဖက်ဒရယ် ဒီမိုကရက်တစ် နိုင်ငံတော်ဖြစ်သည်။ သို့သော် စစ်ပွဲတပွဲတိုက်နေရချိန်တွင် ထိုကိစ္စကို ပုံဖော်ရန် ခက်ခဲပြီး တော်လှန်ရေးအင်အားစုများတွင် မတူညီသော ရည်မှန်းချက် ပန်းတိုင်များလည်း ရှိကြသည်။

နိုင်ငံတကာအကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) က “တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများသည် ၎င်းတို့၏ဇာတိမြေများကို ထိန်းချုပ်ထားသောကြောင့် ဗမာနိုင်ငံတော်ပြိုကွဲနေပြီး နိုင်ငံအလယ်ပိုင်းတွင် အင်အားနည်းသွားသော စစ်ကောင်စီသည် အာဏာဖက်တွယ်ကာ ၎င်းတို့ဆုံးရှုံးသွားသောနယ်မြေများကို လေကြောင်းမှ လက်စားချေ တိုက်ခိုက်နေသည်။ ထပ်မံ အစိတ်စိတ်အမွှာမွှာကွဲခြင်းကို ရှောင်ရှား၍ မရပေ” ဟု မကြာသေးမီက ရေးသားထုတ်ပြန်ခဲ့သည်။

(Bangkok Post ပါ Gwynne Dyer ၏ Burma on the brink of ousting the military? ကို ဘာသာပြန်သည်။ ဂွင်ဒိုင်ယာသည် နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် ဆောင်းပါးရေးသည့် စစ်သမိုင်းလေ့လာသူ လွတ်လပ်သော သတင်းသမားဖြစ်သည်။)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *