တစ်ကိုယ်တော်ခွေသစ် ဖြန့်ချိမယ့် ဖြူဖြူကျော်သိန်း
အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“ဂီတသက်တမ်း၂၃ နှစ်ပြည့် အဆိုတော်မလေးတစ်ယောက်ရဲ့ ပြည်ပြေးဘဝ ၆ နှစ်အကြာမှာ အခက်အခဲ အတိုက်အခိုက်မျိုးစုံကြားက ပထမဆုံး ပြန်ထွက်လာမယ့် ဂီတလက်ဆောင် သီချင်းခွေလေးဟာ အားပေးနေတဲ့ ချစ်ပရိသတ်ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ်” လို့ ဖြူဖြူကျော်သိန်းကရေးသားထားပါတယ်။
ဒီအခွေကို ငါဆက်ရှိနေဦးမှာ လို့ နာမည်ပေးထားပြီး ဩဂုတ် ၂၈ ရက်မှာကျရောက်မယ့် ဖခင်ရဲ့ မွေးနေ့ မှာ အမှတ်တရ ဖြန့်ချိမယ်လို့ ဆိုပါတယ်။
“ခွေရဲ့ memory stick ထုတ်တာက ထိုင်ဝမ်မှာ၊ printing house က ဘန်ကောက်မှာ၊ အဆိုတော်က ပြင်သစ်မှာ၊ ဖြန့်ချိရေးက ထိုင်းမှာ၊ music ပိုင်းက မြန်မာ၊ ထိုင်း၊ ပြင်သစ်၊ ဩစတျေးလျ နေရာစုံမှာ ဆိုတော့ နည်းမျိုးစုံနဲ့ကို တိုင်ပတ်ကြန့်ကြာနေတော့တာ။” လို့ တစ်ကိုယ်တော်ခွေသစ် နဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

ဒီအခွေမှာပါတဲ့ သီချင်းတွေက တော်လှန်ရေးကြောင့် အိမ်ကထွက်လာရတဲ့ ၂၀၂၁ ဧပြီက စတင်ပြီး ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ရေးသားခဲ့တာလို့ဆိုပါတယ်။
“ဘဝအကြောင်း၊ ဖြတ်သန်းရာ ခေတ်ကာလအကြောင်း များများနဲ့ အချစ်အကြောင်း နည်းနည်း ရောပြီးဖျော်စပ်ထားတဲ့ သီချင်းတွေပါ လို့။ ပြည်တွင်းမှာသာ ဆက်နေခဲ့ရင် ရင်ထဲမှာပဲ သိမ်းထားလိုက်ရမယ့်၊ ပရိသတ်တွေ ဘယ်သောခါမှ ကြားလိုက်ရမှာ မဟုတ်တဲ့ သီချင်းလေးတွေပေါ့။” လို့ ဒီအခွေမှာပါတဲ့ သီချင်းတွေအကြောင်းကို ဖြူဖြူကျော်သိန်းက ပြောထားပါတယ်။
ဒီအခွေကို Online Platform တွေကနေ အားပေးနိုင်သလို နိုင်ငံတကာက ပရိသတ်တွေအတွက် Limited Edition Box အနေနဲ့လည်း ရောင်းချပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

“အခွေ မထွက်တာ ၆ နှစ်ကြာပြီဖြစ်လို့ လွမ်းနေကြတဲ့ ဖြူ့ Hardcore Fans တွေအတွက် အလှဓါတ်ပုံ ဝေဝေဆာဆာနဲ့ သီချင်းစာအုပ်၊ ဘယ် Platform မှာမှ မတင်မယ့် Exclusive music and video tracks တွေပါတဲ့ music memory stick အပါအဝင် တခြား လက်ဆောင်လေးတွေ ထည့်ထားတဲ့ Blind Box ပါ ” လို့ Limited Edition Box နဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။
အခွေထဲကသီချင်းတွေကို ပြည်တွင်း ပြည်ပက ဂီတမောင်နှမတွေက တီးခတ်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“Music ဖန်တီးရတဲ့ studio စရိတ်ကအစ မြန်မာမှာထက် အများကြီး ပိုများပါတယ်။ ဒါကြောင့် ဖြူတို့ exile musicians အများစု ခွေမထွက်နိုင်ကြတာပါ။ ဒါပေမယ့် ဖြူ့ထုံးစံအတိုင်း quality ကို တနေရာမှ လျော့မထားပါဘူး။ ပြန်ရမယ့် ငွေကြေးအမြတ်ကိုပဲ လျော့ထားလိုက်ပါတယ်။ ငွေကြေးအမြတ်က ရချင်မှလည်း ရမှာပါ။” လို့ ဖြူဖြူကျော်သိန်းက ပြောထားပါတယ်။
ဒီအခွေဖြစ်လာဖို့ကိုယ်ပိုင်ငွေတချို့နဲ့ စီးပွားရေးအမြတ် မမျှော်တဲ့ မိတ်ဆွေတွေရဲ့ပံ့ပိုးကူညီမှုတွေနဲ့ အကောင်အထည်ဖော်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖြူဖြူကျော်သိန်းက စက်တင်ဘာလမှာ Rဇာနည်နဲ့စုံတွဲဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ နယူးယောက် မြို့ မှာပြုလုပ်မှာဖြစ်ပြီး အောက်တိုဘာလထဲမှာတော့ ကနေဒါနိုင်ငံမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်သွားဖို့ရှိပါတယ်။
အမွေးအတောင်အစုံနဲ့ မူလလက်ဟောင်း “ဖြူဖြူကျော်သိန်း” အစစ် အသစ်တဖန် ပြန်လာပါပြီ😇။
🩷သီချင်းသစ်တစ်ပုဒ် ထုတ်တာလား တဲ့…
တစ်ပုဒ်တည်း မဟုတ်ပါဘူးရှင့်။
Album တစ်ချပ်အနေနဲ့ ဆက်တိုက် အားရပါးရနားထောင်ရအောင် ရောက်လာမှာပါ။
❤️ဘယ်သူရေးတဲ့ သီချင်းတွေလဲ တဲ့…
ဖြူဖြူ ကိုယ်တိုင်ရေးတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေပါ လို့။
❤️🔥ဖြူဖြူက ဘယ်နှပုဒ်ရေးတာလဲ တဲ့…
Album မှာပါတဲ့ သီချင်း ၁၁ ပုဒ်လုံး ဖြူဖြူ ရေးတာပါ လို့။ Self-written Album ပေါ့။
💝ခွေက ဘယ်တော့ ထွက်မှာလဲ တဲ့…
ဩဂုတ် ၂၈၊ ၂၀၂၆ (သောကြာနေ့)လို့ မှန်းထားပါတယ်။ ဖြူ့ဖေဖေရဲ့ မွေးနေ့ပါ။
ခွေရဲ့ memory stick ထုတ်တာက ထိုင်ဝမ်မှာ၊ printing house က ဘန်ကောက်မှာ၊ အဆိုတော်က ပြင်သစ်မှာ၊ ဖြန့်ချိရေးက ထိုင်းမှာ၊ music ပိုင်းက မြန်မာ၊ ထိုင်း၊ ပြင်သစ်၊ ဩစတျေးလျ နေရာစုံမှာ ဆိုတော့ နည်းမျိုးစုံနဲ့ကို တိုင်ပတ်ကြန့်ကြာနေတော့တာ။
💖အဲ့ဒီသီချင်းတွေ ဘယ်တုန်းက ရေးလိုက်တာလဲ တဲ့….
ဖြူဖြူ အိမ်ကနေ ထွက်ပြေးလာရတဲ့ ၂၀၂၁ ဧပြီလက စလို့ ဖြတ်သန်းရာ လမ်းတစ်လျောက် ခေတ္တနားခိုခဲ့တဲ့ နေရာလေးတွေမှာ ရေးထားခဲ့တဲ့ သီချင်းလေးတွေအားလုံး စုစည်းပြီး ထည့်ထားတာပါ လို့။
💗ဘယ်လို သီချင်းအမျိုးအစားတွေလဲ တဲ့….
ဘဝအကြောင်း၊ ဖြတ်သန်းရာ ခေတ်ကာလအကြောင်း များများနဲ့ အချစ်အကြောင်း နည်းနည်း ရောပြီးဖျော်စပ်ထားတဲ့ သီချင်းတွေပါ လို့။ ပြည်တွင်းမှာသာ ဆက်နေခဲ့ရင် ရင်ထဲမှာပဲ သိမ်းထားလိုက်ရမယ့်၊ ပရိသတ်တွေ ဘယ်သောခါမှ ကြားလိုက်ရမှာ မဟုတ်တဲ့ သီချင်းလေးတွေပေါ့။
💘ခုလို တစ်ခွေလုံး ကိုယ်တိုင်ရေးတဲ့ ကိုယ်ပိုင်သံစဉ် အခွေ အရင်က ထုတ်ဖူးလား တဲ့…
ဖြူဖြူ့ ဂီတသက်တမ်း ၂၃ နှစ်မှာ ဒါ ပထမဆုံးအကြိမ်ပါ လို့။
💕ဘယ်တီးဝိုင်းက တီးပေးသလဲ တဲ့…
Exile Artist တစ်ယောက်ရဲ့ ဂီတဖန်တီးမှုကို ဆက်လက်ရှင်သန်စေချင်တဲ့ အမည် ဖော်၍ရသော၊ ဖော်၍မရသေးသော ဂီတမောင်နှမတွေက ပြည်တွင်းပြည်ပ နေရာအသီးသီးကနေ ကူညီပံ့ပိုး တီးခတ်ပေးထားကြတာပါ လို့။
💞ဘယ်မှာ နားထောင်လို့ ရမှာလဲ တဲ့…
International music platforms တွေမှာ နားထောင်ပြီး ဖြူတို့ ဖန်တီးမှုကို ချီးမြှင့်လို့ရသလို…
Collectible အနေနဲ့ Limited Edition Box လေးကို လည်း နိုင်ငံတကာကနေ မှာယူအားပေးလို့ရအောင် စီစဉ်ထားပါတယ်ရှင့်။ ဒါကတော့ အခွေ မထွက်တာ ၆ နှစ်ကြာပြီဖြစ်လို့ လွမ်းနေကြတဲ့ ဖြူ့ Hardcore Fans တွေအတွက် အလှဓါတ်ပုံ ဝေဝေဆာဆာနဲ့ သီချင်းစာအုပ်၊ ဘယ် Platform မှာမှ မတင်မယ့် Exclusive music and video tracks တွေပါတဲ့ music memory stick အပါအဝင် တခြား လက်ဆောင်လေးတွေ ထည့်ထားတဲ့ Blind Box ပါ😉။
ဒီလိုမှ မဟုတ်ရင်လည်း You Tube music ကနေ တဝကြီး stream ပေးလို့လည်း ရပါတယ်ရှင့်🥰။
💓နိုင်ငံရပ်ခြားမှာ ထုတ်ပိုးရတော့ စရိတ်တွေ များမှာပေါ့ တဲ့…
ဟုတ်၊ စရိတ်တွေ များပါတယ်။ Music ဖန်တီးရတဲ့ studio စရိတ်ကအစ မြန်မာမှာထက် အများကြီး ပိုများပါတယ်။ ဒါကြောင့် ဖြူတို့ exile musicians အများစု ခွေမထွက်နိုင်ကြတာပါ။ ဒါပေမယ့် ဖြူ့ထုံးစံအတိုင်း quality ကို တနေရာမှ လျော့မထားပါဘူး။ ပြန်ရမယ့် ငွေကြေးအမြတ်ကိုပဲ လျော့ထားလိုက်ပါတယ်။ ငွေကြေးအမြတ်က ရချင်မှလည်း ရမှာပါ။
💙အရင်ပြည်တွင်းမှာလို စပွန်ဆာပေးမယ့် စီးပွါးရေးလုပ်ငန်းတွေ၊ကြော်ငြာတွေ မရှိတော့ ဘယ်လို လုပ်လဲ တဲ့….
ဟုတ်၊ Patron လို့ခေါ်တဲ့ စီးပွားအကျိုးအမြတ် မမျော်လင့်ပဲ အနုပညာကို ပံ့ပိုးပေးချင်တဲ့ ဖြူ့ချစ်မိတ်ဆွေတချို့နဲ့ ဖြူကိုယ်တိုင်ရဲ့ ကိုယ်ပိုင်ပိုက်ဆံလေးတွေနဲ့ ရင်းနှီးမတည် ထားတာပါရှင့်။
💜ဘာကြောင့် ခုလို ဝိုင်းဝန်းပေးကြတာလဲ တဲ့…
ခေတ်ကို ထင်ဟပ်တဲ့ အနုပညာတွေဟာ ဘယ်နေရာရောက်ရောက် ဆက်လက် ရှင်သန်နေရမယ်၊ လွတ်လပ်စွာ ဖန်တီးခွင့် ရနေရမယ်၊ ဆက်လက် တောက်ပခွင့် ရနေတယ် ဆိုတာကို မြင်ချင်လို့ပါ တဲ့…
ဖြူဖြူ့ရဲ့ အနုပညာဖနိတီးမှုကို ခေတ်အဆက်ဆက် ယုံကြည်ပေးတဲ့၊ ထောက်ပံ့ပေးတဲ့၊ အားပေး ဖြန့်ဝေပေးတဲ့၊ လိုအပ်ရင် ကြံ့ကြံ့ခံ ကာကွယ်ပေးတဲ့…လုပ်ဖော်ကိုင်ဖက်၊ patron၊ sponsor၊ မြေပြင်ဝေဟင် ထုတ်ပိုးသယ်ဆောင် ဖြန့်ချိသူများနဲ့ ပြည်းတွင်းပြည်ပနိုင်ငံ အသီးသီးက နည်းလမ်းမျိုးစုံနဲ့ အားပေးကြဆဲ ချစ်မိတ်ဆွေ၊ပရိသတ်များ အားလုံးကို ကျေးဇူးတင် ဂါရဝပြုပါတယ်🙏။
ဂီတသက်တမ်း ၂၃ နှစ်မှာ ဖြူဖြူ့ရဲ့ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်လာတာတွေအပေါ် လိုက်ပါစီးမျော ဝန်းရံပေးတဲ့ ဖြူ့ရဲ့ fandom generation အဆက်ဆက်ကိုလည်း ကျေးဇူးအထူးပါလို့🙏။
ဂီတသက်တမ်း၂၃ နှစ်ပြည့် အဆိုတော်မလေးတစ်ယောက်ရဲ့ ပြည်ပြေးဘဝ ၆ နှစ်အကြာမှာ အခက်အခဲ အတိုက်အခိုက်မျိုးစုံကြားက ပထမဆုံး ပြန်ထွက်လာမယ့် ဂီတလက်ဆောင် သီချင်းခွေလေးဟာ အားပေးနေတဲ့ ချစ်ပရိသတ်ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ်😇။
အမြဲ ကြိုးစားလျက်
ဆက်ရှိနေဦးမယ့်…
ဖြူဖြူကျော်သိန်း
“ငါဆက်ရှိနေဦးမှာ”


Leave a Reply