လွတ်မြောက်လာသူတွေ ပြောပြကြတဲ့ စကစ ငရဲခန်း

ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပစ်သတ်ခြင်း’ ၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ အမျိုးသား ၇၀ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ၏ ရင်ဖွင့်သံများ

စစ်လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ တင်ဆောင်လာသော မော် တော်ယာဉ် ခြောက်စီးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အနီးတွင်ရှိပြီး ရခိုင်ဗုဒ္ဓဘာ သာအများစု နေထိုင်ရာ ဗျိုင်းဖြူကျေးရွာအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်လာခဲ့သည်။

၎င်းတို့ ရောက်ရှိလာသည့် အချိန်မှာ မနက် ၈ နာရီဖြစ်သဖြင့် ပုံမှန်မဟုတ်ပေ။ စစ်အုပ်စုတပ်ဖွဲ့ဝင် များသည် ပုံမှန်အားဖြင့် မွန်းလွဲပိုင်း၊ ညနေပိုင်း သို့မဟုတ် ညဉ့်အချိန်များမှသာ ကျေးရွာအတွင်း စစ် ဆေးကင်းလှည့်ခြင်းနှင့် ဝင်ရောက်စီးနင်းခြင်းများကို ပြုလုပ်လေ့ရှိကြသည်။

ကျေးရွာအလယ်တွင် စစ်ကားများ ရပ်တန့်လိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၂၀၀ ခန့် ဆင်းလာခဲ့ကြသည်။ ၎င်းတို့သည် နှစ်ဖွဲ့ခွဲလိုက်ပြီး ရွာလယ်လမ်းမအတိုင်း ဆန့်ကျင်ဘက် ဦးတည်ရာများသို့ စစ်ကြောင်းထိုး ထွက်ခွာသွားကြသည်။ ၎င်းတို့၏ တာဝန်မှာ လူဦးရေ ၂,၀၀၀ ခန့်ရှိသော ဤကျေးရွာကို ပိတ်ဆို့ဝိုင်းရံ ထားပြီး မည်သူမျှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိစေရန်ဖြစ်သည်။ တပ်ကြပ်ငယ်တဦး ဦးဆောင် သည့် ဒုတိယမြောက် တပ်ဖွဲ့ဝင် ၁၂ ဦးခန့်ကမူ ရွာသူရွာသားများအားလုံး ကျေးရွာအလယ်သို့ မဆိုင်း မတွ လာရောက်စုဝေးကြရန် အသံချဲ့စက်များဖြင့် လိုက်လံဆော်ဩခဲ့ကြသည်။

စစ်တွေမြို့စွန်ရှိ ဗျိုင်းဖြူနှင့် အနီးနားရှိ ကျေးရွာများတွင် စစ်ကားများ တဝေါဝေါ မောင်းနှင်သွားလာ နေခြင်းမှာ အဆန်းမဟုတ်ပေ။ ညဉ့်နက်သန်းခေါင်ယံအချိန် အိမ်တံခါးများကို လာရောက်ခေါက်ခြင်း မှာလည်း ခပ်စိပ်စိပ် ဖြစ်ပွားလေ့ရှိသည်။ အဖျက်အမှောင့်လှုပ်ရှားမှုများတွင် ပါဝင်သည်ဟု သံသယရှိ ရုံမျှဖြင့် စစ်တပ်က လူများကို ရိုက်နှက်ရိုက်ပုတ်ပြီး ထောင်ထဲသို့ ဆွဲခေါ်သွားတတ်သည်ကို ရွာသားများ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။

သို့သော် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်မှ ၃၁ ရက်အတွင်း ဗျိုင်းဖြူရွာတွင် ဖြစ်ပျက်ခဲ့သည်များမှာ လုံးဝ မျှော်လင့်မထားသော ကိစ္စဖြစ်သည်။ ထိုအချိန်ကာလအတွင်း အနည်းဆုံး ရွာသား ၇၀ ဦးထက်မနည်း အား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့မှုကြောင့် ရွာသူရွာသားများ၏ ဘဝမှာ ထာဝရ ပြောင်းလဲသွားခဲ့ ရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ လွတ်မြောက်လာ သူ အမျိုးသမီး သုံးဦးအပါအဝင် ငါးဦးက ၎င်းတို့ လက်ရှိ ခိုလှုံနေထိုင်ရာ မြန်မာနိုင်ငံ၊ ပုဏ္ဏားကျွန်း မြို့ နယ်တွင် Diplomat သတင်းဌာနသို့ ၎င်းတို့ ကြုံတွေ့ခဲ့ရသည်များကို ပြောပြခဲ့ကြသည်။

သွေးချောင်းစီးမှု စတင်ခဲ့ပုံ

၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်၊ မနက် ၉ နာရီခန့်တွင် စစ်တပ်က ဗျိုင်းဖြူရွာကို ဝိုင်းရံထားပြီးဖြစ်သည်။ လမ်းဆုံလမ်းခွရှိရာ ကျေးရွာအလယ်သို့ လာရောက်စုဝေးကြရန် ရွာသားများကို ညွှန်ကြားခဲ့သည်။ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် နာမကျန်းဖြစ်နေသူ ၁၂ ဦးခန့်ကို စစ်အုပ်စုတပ်ဖွဲ့ဝင် များက သေနတ်ဖြင့် ထောက်ကာ အိမ်ထဲမှ ဆွဲထုတ်ခဲ့ကြသည်။ စစ်တွေသို့ သွားရောက်မည့် ဆိုင်ကယ် စီးနင်းသူအချို့နှင့် နေ့စားအလုပ်သမားများကိုလည်း တားဆီးကာ ရွာအတွင်းသို့ ပြန်လည် မောင်း သွင်းခဲ့သည်။ ထိုအထဲတွင် ပန်းချီကားများ သွားရောက်ရောင်းချရန် စစ်တွေသို့ ထွက်ခွာလာသည့် ပန်းချီဆရာ ကျော်ကျော်အောင်လည်း ပါဝင်သည်။ သူသည် အတင်းအကျပ် ပြန်လှည့်လာခံခဲ့ရပြီး ပန်းချီကားများ ထည့်ထားသည့် ကျောပိုးအိတ်နှင့် ဆိုင်ကယ်တို့ကိုလည်း သိမ်းဆည်းခံခဲ့ရသည်။

ဗျိုင်းဖြူရွာအလယ်တွင် တပ်ကြပ်ကြီးအဆင့်ဟု ယူဆရသော ဗလကောင်းကောင်း တပ်မတော် အရာရှိတဦးက အမျိုးသားများအားလုံးကို ကျေးရွာအပြင်ဘက်၊ လက်ဖက်ရည်ဆိုင်အနီးသို့ သွား ရောက်ရန် ညွှန်ကြားခဲ့သည်။ ၎င်းတို့၏ မျက်စိများကို အဝတ်စည်းကာ လက်များကို နောက်ပြန်ကြိုး တုပ်ထားခဲ့ကြသည်။ လူငယ်များအပါအဝင် အမျိုးသားပေါင်း ၈၀၀ ခန့် ထိုနေရာတွင် စုစည်းခံခဲ့ရ သည်။ ညနေ ၆ နာရီတွင် ၎င်းတို့အား ကျေးရွာ၏ အနောက်ဘက်စွန်းရှိ အခြားနေရာတခုသို့ အတင်းအ ကျပ် ပြောင်းရွှေ့ခိုင်းခဲ့သည်။

အခြား တပ်ကြပ်ငယ်တဦးက အမျိုးသမီးများနှင့် ကလေးများအား ကျောက်ခင်းလမ်း၏ ဘေးတဖက် တချက်တွင် ထိုင်ခိုင်းခဲ့သည်။ သူနှင့် တပ်ဖွဲ့ဝင်အချို့သည် အမျိုးသမီးများနှင့် ကလေးများကို စေ့စေ့စပ် စပ် ကြည့်ရှုခဲ့ပြီး “သံသယရှိသူများ” ကို ရပ်တန့်စစ်ဆေးကာ “နောက်ထပ် ညွှန်ကြားချက်များ” မရမ ချင်း ထိုင်နေရန် အမိန့်ပေးခဲ့သည်။

“ဒီလောက် ဆိုးရွားတဲ့အစီအစဉ်တခု ရှိထားမယ်လို့ ကျွန်မတို့ လုံးဝမထင်မှတ်ခဲ့ပါဘူး။ စစ်သားတွေဟာ ကျွန်မတို့ရွာက လူအချို့ကို စစ်ဆေးဖို့နဲ့ထောင်ချဖို့ပဲလုပ်တာလို့ စဉ်းစားခဲ့ကြတာပါ” ဟု ရွာအပြင်ဘက် သို့ ခေါ်ဆောင်ခံရသူများထဲတွင် သားဖြစ်သူနှင့် ခင်ပွန်းဖြစ်သူ ပါဝင်ခဲ့သည့် လှလှခင် က ပြောပြ သည်။

ည ၇ နာရီခန့်တွင် အခြေအနေများ ပြောင်းလဲသွားပြီး စူးစူးဝါးဝါး အော်ဟစ်သံများကို ကြားခဲ့ရသည်။ အမျိုးသားများကို ညှဉ်းပန်းနှိပ်စက်နေခြင်းဖြစ်သည်။ ထို့နောက် တနာရီခန့်အကြာတွင် နောက်တနေ့ မနက် ၄ နာရီအထိ ခပ်စိပ်စိပ် သေနတ်ပစ်ခတ်သံများကို ဆက်တိုက် ကြားခဲ့ရသည်။

“နောက်တနေ့ အရုဏ်တက်ချိန်မှာ ရွာအစွန်အဖျားနဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့ သုသာန်ကနေ မီးခိုး တွေ အလိပ်လိုက် ထွက်နေတာကို တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှ ရွာသားအများအပြား အသတ်ခံလိုက်ရ ပြီဆိုတာကို ကျွန်မတို့ သဘောပေါက်လိုက်တာပါ” ဟု ထိုညက အသတ်ခံရသည့် အမျိုးသားများထဲ တွင် အဖေဖြစ်သူ ပါဝင်ခဲ့သည့် မဝင်းသန်း က ပြန်ပြောင်းပြောပြသည်။ “သူတို့ရဲ့ အလောင်းတွေကို သုသာန်မှာ မီးရှို့နေကြတာပါ။”

လမ်းမပေါ်တွင် ဝပ်နေရသည့် အမျိုးသမီးများနှင့် ကလေးများ မည်သို့ဖြစ်ပျက်နေသည်ကို တွေးတော နေချိန်တွင် ဗျိုင်းဖြူရွာ၌ ခဏတာ လာရောက်နေထိုင်နေသည့် ဗမာပြည်မကြီး၊ ပဲခူးမှ အသက်လတ် ပိုင်း ဗမာကုန်သည်တဦး သုသာန်ဘက်မှ ကျေးရွာအလယ်သို့ လမ်းလျှောက်လာသည်ကို တွေ့ရသည်။ သူ၏ ဗမာလူမျိုး ဖြစ်ကြောင်း ပြသခဲ့ပြီးနောက် စစ်သားများက သူ့ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

လှလှခင်၏ အဆိုအရ အမျိုးသမီးများက ထိုကုန်သည်ကို တားဆီးမေးမြန်းချိန်တွင် သူသည် “ကြောက် လန့်နေပုံရပြီး အိမ်သို့ အမြန်ပြန်ရန် ကြိုးစားနေသည်” ဟု ဆိုသည်။ “အမျိုးသား ၇၀ လောက် အသတ် ခံလိုက်ရပြီလို့ သူက အလျင်အမြန် ပြောပြခဲ့တယ်။ ရွာသား အတော်များများကို ညှဉ်းပန်းနှိပ်စက်ပြီး သေနတ်နဲ့ အကြိမ်ကြိမ် ပစ်သတ်ခဲ့တာပါ။ အလောင်းတွေကို သုသာန်နဲ့ ရေကန်အနီးမှာ မြှုပ်နှံတာ ဒါမှမဟုတ် မီးရှို့ပစ်တာလုပ်ခဲ့ကြတယ်” ဟု သူက ပြန်ပြောင်းပြောပြသည်။

ကုန်သည်၏အဆိုအရ ရေငတ်နေသည့် ရွာသား ၁၂ ဦးခန့်က စစ်သားများထံ ရေတောင်းခဲ့ကြရာ ပလတ် စတစ်ပုလင်းထဲမှ စစ်သားများ၏ ကျင်ငယ်ရေများကို အတင်းအကျပ် သောက်ခိုင်းခဲ့သည်။ ငြင်းဆန်သူ များကို သေနတ်ဒင်များဖြင့် ရိုက်နှက်ခဲ့ရာ အသက်လတ်ပိုင်း အမျိုးသားတဦးမှာ နှစ်ရက်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် အနည်းဆုံး ရွာသား ၁၀ ဦးခန့်မှာ လမ်းပင် မလျှောက်နိုင်၊ စကားပင် မပြောနိုင်တော့ပေ။ အမျိုးသားများအားလုံးကို ထိုဖြစ်စဉ်အပြီး မကြာမီ ထောင်သို့ အမြန်ခေါ်ဆောင် သွားခဲ့ပုံရသည်ဟု ကုန်သည်၏ ပြောပြချက်ကို ကိုးကား၍ လှလှခင် က ပြန်ပြောင်းပြောပြသည်။

ကရင်လူမျိုးဖြစ်ပြီး ထိုင်းနယ်စပ် ကရင်ပြည်နယ်မှ လာရောက်သူ စောတမနားမူး ကလည်း ထိုကုန် သည်၏ ပြောပြချက်ကို အတည်ပြုခဲ့သည်။ စစ်တွေမြို့ ဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင်သူ သူသည် ရခိုင်ဗုဒ္ဓဘာသာဝင် ဖြစ်သည့် ဇနီးဖြစ်သူ၏ ဗျိုင်းဖြူရွာရှိ နေအိမ်တွင် ယာယီနေထိုင်နေသူဖြစ်သည်။ သူသည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော်လည်း အခြားသော သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသည့် ရွာသား ၁၀၀ ခန့်၊ ဗမာကုန်သည်တို့နှင့်အတူ မနက်စောစောတွင် လွတ်မြောက်လာခဲ့သည်။

“အမျိုးသား ၈၀၀ လုံးကို သုံးစုခွဲပြီး ဒူးထောက်ခိုင်းထားတယ်။ အားလုံးရဲ့ မျက်စိတွေကို အဝတ်စည်း ထားပေမယ့် ကျွန်တော့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ခံစားလို့ရပါတယ်။ နေဝင်ချိန်မှာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ စတင်ခဲ့တာပါ။ ၇၀ ထက်မက အသတ်ခံခဲ့ရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု စောတမနားမူး က ပြန်ပြောင်းပြောပြသည်။

ထွက်ပြေးရန် ကြိုးစားစဉ် အမျိုးသား ခြောက်ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု စောတမနားမူး က ပြောသည်။ ၎င်းတို့အား အကြိမ်ကြိမ် ဓားဖြင့် ထိုးပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။ ရေတောင်းချိန်တွင် စစ်သားများ၏ ကျင်ငယ်ရေကို သောက်သုံးခဲ့ရသည့် ရွာသားအချို့ရှိသည်ဆိုသော ကုန်သည်၏ ပြောပြ ချက်ကိုလည်း သူက အတည်ပြုခဲ့သည်။

“သူတို့က ကျွန်တော့်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ တာဝန်ရှိသူတ ယောက်လို့ သံသယဝင်ခဲ့ကြတာ” ဟု စောတမနားမူး က ပြန်ပြောင်းပြောပြသည်။ “ကျွန်တော် ကံကောင်းလို့ လွတ်မြောက်ခဲ့တာပါ။”

ဗျိုင်းဖြူရွာကို မည်သည့်အတွက်ကြောင့် ပစ်မှတ်ထားခဲ့သနည်း

၂၀၂၄ ခုနှစ် အလယ်ပိုင်းတွင် အာရက္ခတပ်တော် (AA) သည် ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ် တို့ ပါဝင်သော မြန်မာနိုင်ငံ အာရက္ခဒေသ၏ ၇၀ ရာခိုင်နှုန်းကို စစ်တပ်ထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ သည်။ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော နှင့် မာန်အောင် စသည့် မြို့နယ် လေးခု၏ ဗဟိုဒေသများသာ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိတော့သည်။ AA သည် အဆိုပါ မြို့နယ်များ၏ မြို့စွန်ဒေသ များသို့ စိမ့်ဝင်ထိုးဖောက်ဝင်ရောက်ထားပြီးဖြစ်သည်။

AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ဗျိုင်းဖြူရွာအပါအဝင် ကျေးရွာအများစုတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားများကို ထူထောင်ထားခဲ့သည်။ ၎င်းသည် လွန်ခဲ့ သည့်အချိန်များက AA သိမ်းပိုက်ခဲ့သည့် အခြားသော မြို့နယ်များပတ်ဝန်းကျင်ရှိ ကျေးရွာများအပေါ် ကျင့်သုံးခဲ့သည့် AA နှင့် ULA တို့၏ မဟာဗျူဟာဖြစ်သည်။

၂၀၂၄ ခုနှစ် အစောပိုင်းတွင် အာရက္ခတပ်တော်သည် စစ်တွေမြို့ကို တိုက်ခိုက်ခြင်းမပြုမီ စစ်တပ်အား လက်နက်ချရန် တောင်းဆိုခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် စစ်တပ်သည် မြို့ပတ် ဝန်းကျင်တွင် ကာကွယ် ရေးပြင်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့ပြီး စစ်သားများ၏ မိသားစုဝင်များကို ဘေးကင်းသော နေရာများသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်ကာလအထိ AA သည် စီးပွားရေးဗဟိုချက် ဖြစ်သည့် ကျောက်တော်မြို့ကို လွတ် မြောက်စေခဲ့ပြီးနောက် စစ်တွေမြို့အနီးရှိ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ ကျောက်ဖြူ နှင့် ရမ်းဗြဲ စသည့် မြို့နယ်များတွင် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။

ကျောက်တော်တိုက်ပွဲသည် အပြင်းထန်ဆုံး တိုက်ပွဲများထဲတွင် ပါဝင်ပြီး တလကျော် ကြာမြင့်ခဲ့ကာ မြန်မာစစ်တပ်က အထိအခိုက် အကျအဆုံးများစွာဖြင့် အရေးနိမ့်ခဲ့ရသည်ဟု AA တပ်မှူးတဦးက ပြန်ပြောင်းပြောပြသည်။ တပ်ဖွဲ့ဝင် ၃၀၀ ခန့်သည်လည်း အာရက္ခတပ်တော်ထံ လက်နက်ချခဲ့ကြသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ငါးဦးလုံးက ကျောက်တော်တိုက်ပွဲတွင် စစ်တပ်က ထိခိုက်ကျဆုံးခဲ့ရမှုများကို စစ်သားများက ရွာသားများအား အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့သည်ဟု ဆိုကြသည်။ “အလတ်တန်းစား အရာရှိတယောက်က ဗျိုင်းဖြူရွာကို ပစ်မှတ် ထားရတဲ့ အဓိကရည်ရွယ်ချက်ဟာ ကျောက်တော်မှာ စစ်တပ်နဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ရတာကို လက်စားချေဖို့ဖြစ်တယ်လို့ ပြောခဲ့တယ်။ ရွာကို မြေလှန်ပစ်မယ်လို့လည်း သူက အလေးအနက် ပြော ခဲ့တယ်” ဟု လှလှခင် က ပြောသည်။

အမျိုးသားများကို စုစည်းထားသည့် ကျေးရွာအစွန်အဖျားတွင် အိမ်ထောင်စုတိုင်းသည် AA ထံ တလလျှင် ကျပ် ၂,၀၀၀ (ဒေါ်လာ ၀.၉၅) ပေးဆောင်နေရကြောင်းနှင့် အဆိုပါကျေးရွာသည် AA ထံ တပ်သားသစ်များ စုဆောင်းပေးခြင်း၊ စစ်တွေရှိ စစ်တပ်ဖွဲ့စည်းမှုဆိုင်ရာ သတင်းအချက်အလက်များ ပေးအပ်ခြင်းတို့ဖြင့် အဖွဲ့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်တပ်က သတင်းရရှိထား သည်ဟု အရာရှိများက ရွာသားများကို ပြောကြားခဲ့သည်။

စစ်တပ်သည် ULA တာဝန်ရှိသူများဟု သံသယရှိရသူ ကျေးရွာမှ လူ ၁၁ ဦး၏ စာရင်းကို ပြုစုထားခဲ့ သည်။ အဆိုပါလူများကို ဖော်ထုတ်ကာ တန်းစီဒူးထောက်ခိုင်းပြီး သောင်းကျန်းသူအဖွဲ့နှင့် ဆက်နွယ်မှု များနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။ ထုံးစံအတိုင်း အရာရှိများသည် ၎င်းတို့၏ အဖြေများကို ကျေနပ် မှု မရှိခဲ့ပေ။

“သူတို့ကို သံကြိုးတွေနဲ့ ရိုက်နှက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ကြတာ။ အဲဒီအထဲက လေးယောက်ဆိုရင် သေနတ်နဲ့မပစ်ခင်ကတည်းက သတိလစ်နေကြပြီ” ဟု ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် ထောင်ကျနေ စဉ် ပျောက်ဆုံးသွားခဲ့သည့် အဖေဖြစ်သူ၏ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်ဝင်း က ပြော သည်။ မောင်ဝင်း သည်လည်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး စစ်တွေထောင်မှ မလွတ်မြောက်မီ ရှစ်လကြာ ထောင်ဒဏ်ကျခံခဲ့ရသည်။

စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြို့နယ်များအနက် စစ်တွေသည် ဗျူဟာအကျဆုံး မြို့ ဖြစ်သည်။ ဤမြို့သည် စီးပွားရေးဗဟိုချက်ဖြစ်ပြီး အိန္ဒိယနိုင်ငံက ၎င်း၏ ကုန်းတွင်းပိတ် အရှေ့မြောက်ပိုင်းဒေသအတွက် ထွက်ပေါက်တခု ပေးရန် တည်ဆောက်နေသည့် အဓိက ဘက်စုံ ဆက်သွယ် ရေး စီမံကိန်း၏ ဗဟိုချက်လည်းဖြစ်သည်။

စစ်တွေတွင် AA က အောင်ပွဲရရှိပါက ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များကို တိုက်ခိုက်လွတ်မြောက် စေမည့် စစ်ဆင်ရေးတွင် ကြီးမားသော စစ်ရေးအသာစီးရမှုကို ရရှိစေမည်ဖြစ်သည်။ စစ်တပ်၏ပျက်စီး ဆုံးရှုံးမှုသည် အချို့သော ဒေသများတွင် စစ်တပ်က ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရန် အောင်မြင်နေသည့် အချိန်တွင် နိုင်ငံ၏ အခြားဒေသများရှိ တော်လှန်ရေးလှုပ်ရှားမှု၏ စိတ်ဓာတ်ကို လည်း မြှင့်တင်ပေးမည်ဖြစ်သည်။

စစ်တွေ ဆုံးရှုံးသွားပါက စစ်တပ်အနေဖြင့် အခြားမြို့နယ်များကို ကာကွယ်ရန် ရခိုင်ပြည်နယ် ပြင်ပရှိ အဝေးရောက် စခန်းများမှ လူနှင့် လက်နက်ပစ္စည်းများကို သယ်ယူပို့ဆောင်ရတော့မည်ဖြစ်သည်။ ထို့ ကြောင့် စစ်တပ်အနေဖြင့် မလွတ်မြောက်သေးသော မြို့နယ်များ၏ နယ်စပ်ဒေသများရှိ AA ၏ ကွန် ရက်နှင့် ဩဇာလွှမ်းမိုးမှုကို ဖျက်ဆီးရန် အစွမ်းကုန် ကြိုးပမ်းနေခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။

ဗျိုင်းဖြူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ စစ်တွေပတ်ဝန်းကျင်ရှိ အနည်းဆုံး ကျေးရွာ ၃၀ ခန့်သည် ပုံမှန် စီးနင်းခံရခြင်း၊ အိမ်များကို မီးရှို့ခံရခြင်းနှင့် ပစ်မှတ်ထား သတ်ဖြတ်ခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ အောင်တိုင်၊ ကျားမသောက်၊ မြစ်နား နှင့် ဝါဘို စသည့် ကျေးရွာများသည် ဒုက္ခအများဆုံး ကြုံတွေ့ခဲ့ရပြီး ရွာသား များကိုလည်း ကျေးရွာများမှ အတင်းအကျပ် မောင်းထုတ်ခဲ့သည့်ကျေးရွာအချို့အဖြစ် ၎င်းတို့က ဖော်ထုတ်ပြောကြားခဲ့ကြသည်။

လမ်းပေါ်တွင် နှစ်ရက်ကြာ လုယက်ခံရခြင်းနှင့် မုဒိမ်းကျင့်ခံရခြင်း

မေလ ၂၉ ရက် နံနက်ပိုင်းမှစ၍ ကျေးရွာအလယ်တွင်ရှိသော အမျိုးသမီးများနှင့် ကလေးများမှာမူ ပူပြင်းလှသော အပူရှိန်အောက်တွင် လမ်းပေါ်၌ မနားတမ်း နှစ်ရက်နီးပါး ဆောင့်ကြောင့်ထိုင်နေခဲ့ ကြရသည်။ နေအိမ်များမှ ရေနှင့် အစားအစာများကို သွားရောက်ယူဆောင်ရန်နှင့် အိမ်သာသွားရန် အမျိုးသမီးအချို့၏ တောင်းဆိုမှုများကို ပြင်းပြင်းထန်ထန် ငြင်းပယ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကြုံတွေ့ခဲ့ရသည်။ အသက် နှစ်နှစ်အရွယ် သားဖြစ်သူ တက်နေသည့်လက္ခဏာများ ပြသလာချိန်တွင် အိမ်ထဲသို့ ခေါ်ဆောင်သွားရန် တောင်းဆိုခဲ့သည့် အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတဦးမှာ သေနတ်ဖြင့် ထောက်ခြင်း ခံခဲ့ရသည်။

“သက်ကြီးရွယ်အို အမျိုးသမီး သုံးယောက်နဲ့ ကလေး နှစ်ယောက် သတိလစ်သွားတာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူတို့ ဘာဖြစ်သွားလဲဆိုတာ ကျွန်မ မသိဘူး” ဟု မဝင်းသန်း က ပြန်ပြောင်းပြောပြပြီး “ကလေးတွေအပါအဝင် လူအများအပြားဟာ အနီးနားရှိ ရေမြောင်းတွေထဲက ရေတွေကို အတင်းအ ကျပ် သောက်ခိုင်းခံခဲ့ကြရတယ်” ဟု ထပ်လောင်းပြောဆိုသည်။

စစ်သားများသည် အလှည့်ကျ ကင်းလှည့်စောင့်ကြည့်ခဲ့ကြသည်။ မတ်တပ်ရပ်သူ သို့မဟုတ် နေရာမှ လှုပ်ရှားသူ မည်သူ့ကိုမဆို ခြိမ်းခြောက်ခဲ့ကြသည်။ ဒုတိယမြောက်နေ့ မွန်းလွဲပိုင်းတွင် စစ်သားများအ တွက် အစားအစာနှင့် ရေများ တင်ဆောင်လာသည့် နောက်ထပ် မော်တော်ယာဉ် နှစ်စီး ရောက်ရှိလာပြီး ကျေးရွာ၏ အရှေ့ဘက်စွန်းရှိ ကွင်းပြင်တွင် ခင်းကျင်းထားခဲ့သည်။

ညနေပိုင်းတွင် မီးတုတ်များ ကိုင်ဆောင်ထားသည့် စစ်သားအုပ်စုငယ်များသည် အိမ်များအတွင်းသို့ ဝင်ရောက်ကာ မွှေနှောက်ရှာဖွေခဲ့ကြသည်။ သော့များကို ရိုက်ခွဲကာ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခဲ့ ကြသည်။ စစ်သားတဦးက ရှေးဟောင်းပစ္စည်းများကို ယူကြရန် အခြားစစ်သားများအား အော်ဟစ် ပြောဆိုနေသည်ကို ကြားခဲ့ရသည်။ တန်ဖိုးရှိ ပစ္စည်းများ ထည့်ထားသည့် သံသေတ္တာတလုံးကို အိမ်တ အိမ်မှ တိတ်ဆိတ်သော နေရာတခုသို့ သယ်ဆောင်သွားပြီးနောက် လုယက်ထားသည်များကို စစ်သား များအကြား ခွဲဝေယူခဲ့ကြသည်။

ထိုအိမ်များကိုပင် တကြိမ်ထက်မက လုယက်ခဲ့ကြသည်။ စစ်သားသစ်များက ယခင်စစ်သားများထံမှ ကင်းလှည့်မှုကို လွှဲပြောင်းရယူသည့်အခါ အိမ်များကို ထပ်မံ လုယက်ကြပြန်သည်။ အင်တာဗျူးခဲ့သည့် လွတ်မြောက်လာသူ အမျိုးသမီး သုံးဦးစလုံး၏ အိမ်များမှာ လုယက်ခံခဲ့ရပြီး ငွေကြေး၊ ရွှေထည်ပစ္စည်း များ၊ နာရီများ၊ ဆိုလာပြားများ၊ ဆိုင်ကယ်များနှင့် လက်ကိုင်ဖုန်းများကို ယူဆောင်သွားခဲ့ကြသည်။

မေလ ၃၀ ရက် ညတွင် ပထမနေ့က အိမ်တွင် ပုန်းအောင်းနေခြင်းဖြင့် စစ်သားများ ဝိုင်းရံထားမှုကို ရှောင်ရှားနိုင်ခဲ့သည့် အသက် ၂၀ ကျော်အရွယ် စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးတဦးသည် “စစ်အုပ်စုတပ်ဖွဲ့ဝင် လေးဦး၏ အုပ်စုလိုက်မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။ အမျိုးသမီးအများအပြား က သူ့အော်ဟစ်သံများကို ကြားခဲ့ရသည်။ နောက်တနေ့ နံနက်ကျမှသာ သူ့ မိဘများကို အိမ်တွင် သွား ရောက်တွေ့ဆုံခွင့် ပြုခဲ့ကြသည်” ဟု လှလှခင် က ပြောသည်။

မေလ ၃၁ ရက် နံနက် ၁၀ နာရီတွင် စစ်သားများက အမျိုးသမီးများနှင့် ကလေးများအား နှစ်နာရီ အတွင်း စစ်တွေသို့ ပြောင်းရွှေ့ပေးမည်ဟု ပြောကြားခဲ့ပြီး အိမ်များမှ လိုအပ်သည့် ပစ္စည်းများကို သွားရောက်ယူဆောင်ရန် ညွှန်ကြားခဲ့သည်။ ထို့နောက် ၎င်းတို့အား မော်တော်ယာဉ်များပေါ်သို့ အတင်းအကျပ် တင်ဆောင်ကာ မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခွဲဝေပို့ဆောင်ခဲ့သည်။

အမျိုးသမီးများ၊ ကလေးများနှင့်အတူ အမျိုးသားနှင့် အရွယ်မရောက်သေးသူ ၁၅၀ ခန့်ပါဝင်ပြီး ၎င်းတို့အား စစ်တွေသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ကျန်ရှိသော အမျိုးသား ၆၀၀ မှ ၆၅၀ အကြားကိုမူ စစ်တွေရှိ စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့ရာ နောက်ထပ် ဒုက္ခဆင်းရဲများစွာက ၎င်းတို့အား စောင့်ကြိုနေခဲ့သည်။

မြစ်နား (ဝဲ) နှင် တော်ကန် (ယာ) ဂြိုဟ်တုဓာတ်ပုံများ။ အိမ်များဖျက်ဆီးခံထားရသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ဗျိုင်းဖြူရွာမှ လွတ်မြောက်လာသူများ၏အပြောအရ ဤရွာ နှစ်ရွာအပါအဝင် စစ် တွေ အနီးမှ အနည်းဆုံးရွာ ၃၀ သည် ပုံမှန်လိုဝင်ရောက်စီးနင်းခံရသည်ဟုဆိုသည်။

ထောင်များနှင့် ဘုန်းကြီးကျောင်းများတွင်

စစ်တွေရှိ တိုင်းစစ်ဌာနချုပ်တွင် ဗျိုင်းဖြူရွာမှ အမျိုးသားများအား လေဝင်ပေါက်တခုသာပါပြီး ပြူ တင်းပေါက်မရှိ၊ လှုပ်ရှားရန် နေရာမရှိသော အလတ်စားအခန်း လေးခန်းအတွင်းတွင် အတင်းအကျပ် ပိတ်လှောင်ထားခဲ့သည်။ နောက်တနေ့ နံနက်တွင် ၎င်းတို့အား ထမင်းနှင့် ရေတခွက်စီ ပေးခဲ့ပြီးနောက် အရာရှိကြီးများရှေ့သို့ အုပ်စုလိုက် ခေါ်ဆောင်သွားခဲ့သည်။

သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်သူများ၊ မသန်စွမ်းသူများနှင့် ဆရာ သုံးဦး အပါအဝင် လူ ၁၀၀ ကျော်ကို သီးခြားခွဲထုတ်လိုက်ပြီး ၎င်းတို့တွင် အပြစ်မရှိဟု စစ်တပ်က ယူဆခဲ့ပြီးနောက် နောက်တနေ့ တွင် လွှတ်ပေးခဲ့သည်။ ကျန်ရှိသူများကိုမူ ၎င်းတို့၏ ကျေးရွာတွင် အစုလိုက်အပြုံလိုက် မသတ်ဖြတ်မီ က မေးမြန်းခဲ့သည့် AA ထံ လှူဒါန်းမှုများနှင့် အကူအညီပေးမှုများနှင့် ပတ်သက်၍ အလားတူ မေးခွန်း များကို ပြန်လည်မေးမြန်းခဲ့သည်။ စစ်တွေထောင်သို့ မပို့မီ နောက်ထပ် ရက်အနည်းငယ်အတွင်း ၎င်းတို့ အား သံချောင်းများ၊ သံကြိုးများဖြင့် ရိုက်နှက်သည့် အလားတူ နှိပ်စက်မှုများကို ထပ်မံပြုလုပ်ခဲ့သည်။

“အဲဒီအုပ်စုထဲက အမျိုးသား ငါးယောက်ကို ကျန်တဲ့သူတွေထက် ပိုမို စစ်ဆေးခဲ့ကြတယ်။ စစ်တပ်က သူတို့မှာ AA နဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ယူဆထားလို့ ဖြစ်နိုင်တယ်။ သူတို့ကို ပိုပြီးတော့လည်း ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်။ အဲဒီအထဲက နှစ်ယောက်ဟာ စစ်တွေထောင်ထဲမှာ တပတ်အတွင်း သေ ဆုံးသွားခဲ့တယ်” ဟု စစ်တွေထောင်တွင် ထောင်ကျခဲ့သူများထဲတွင် ပါဝင်သည့် ထွန်းလှ က ပြောသည်။

ထောင်ကို ရဲတပ်ဖွဲ့က တာဝန်ယူထားပြီး အကျဉ်းသားများအပေါ် ကရုဏာထားကြသည်။ ပုံမှန် အစားအစာများကို ကျွေးမွေးပြီး နာမကျန်းဖြစ်သူများနှင့် ဒဏ်ရာရရှိထားသည့် ရွာသားများကို ဆေးဝါးများ ပေးအပ်သည်။ အရာရှိကြီးတဦးက အချို့သော ရွာသားများအား ထပ်မံစစ်ဆေးခံရပါက စစ်တပ်ထံ အမှန်အတိုင်း ပြောဆိုရန် အကြံပြုခဲ့သည်။ ထောင်အတွင်း ရွာသားများအား ထပ်မံစစ်ဆေး မေးမြန်းခြင်း မရှိတော့ပေ။

ထွန်းလှသည် ထောင်အတွင်း တလကြာပြီးနောက် လွတ်မြောက်လာသည့် အရွယ်မရောက်သေးသူ ၃၈ ဦးအနက် တဦးဖြစ်သည်။ နောက်ပိုင်းတွင် လူ ၂၀၀ ခန့် ထပ်မံလွတ်မြောက်လာခဲ့ပြီး ကျန်ရှိသူများကို ပုသိမ်ထောင်အပါအဝင် မတူညီသော ထောင်အသီးသီးသို့ ခွဲထုတ်လိုက်ကြသည်။ “အမျိုးသား ၂၅၀ လောက် ထောင်ထဲမှာ ကျန်နေခဲ့တယ်။ ကျွန်တော် စစ်တွေမှာ ရှိနေတုန်းက ရွာသား ၁၀ ယောက် လောက် လွတ်မြောက်ပြီးနောက် သေဆုံးသွားခဲ့ကြတယ်” ဟု ထွန်းလှ က ပြန်ပြောင်းပြောပြသည်။

ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့ခံရသည့် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ အတွက်မူ ထွက်ပြေးဖို့ မကြိုးစားရန် သတိပေးခံခဲ့ရသည်။ ထွက်ပြေးရန် ကြိုးပမ်းသူများကို မည်သည့် သက်ညှာမှုမျှ ပေးမည်မဟုတ်ဟု ၎င်းတို့အားပြောကြားခဲ့သည်။ ဗျိုင်းဖြူရွာသူရွာသားများသည် စောစီး စွာ နှင်ထုတ်ခံခဲ့ရသော မြို့နယ်အတွင်းရှိ အခြားကျေးရွာများမှ လူများနှင့် သွားရောက်ပူးပေါင်းခဲ့ကြ သည်။ ၎င်းတို့၏ နေအိမ်များကိုလည်း AA အား လက်စားချေသည့်အနေဖြင့် မီးရှို့ခဲ့ကြသည်။ ဘုန်း တော်ကြီးကျောင်းများမှာ မူလကတည်းက ပြည့်နှက်နေပြီဖြစ်သောကြောင့် ရွာသားရာပေါင်းများစွာ သည် ယာယီမိုးကာတဲများတွင် ခိုလှုံနေထိုင်ခဲ့ကြရသည်။

စစ်သားများသည် ဘုန်းတော်ကြီးကျောင်းများကိုနေ့စဉ် စောင့်ကြည့်ခဲ့ကြပြီး ထွက်မပြေးရန် သတိပေး ခဲ့ကြသည်။ ရွာသားများအား ဆေးရုံသို့ သွားရောက်ရန် ဘုန်းတော်ကြီးကျောင်းများမှ ထွက်ခွာခွင့် ပြုခဲ့ သော်လည်း အချို့သော လမ်းများထက် ကျော်လွန်သွားရောက်ခြင်းကို တားဆီးခဲ့ကြသည်။ အမျိုးသမီး များအား ထောင်အတွင်းရှိ ၎င်းတို့၏ ခင်ပွန်းများ၊ သားများနှင့် ဆွေမျိုးများကို သွားရောက်တွေ့ဆုံခွင့် ပြုခဲ့သည်။

စစ်တွေမှ ထွက်ပြေးလွတ်မြောက်ခြင်း

မိုးမိုးအေး ၏ ခင်ပွန်းသည် ဗျိုင်းဖြူတွင် သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း နှစ်ရက် ကြာ ရိုက်နှက်ခံရပြီးနောက် လည်ပင်းနှင့် ညာဘက်ခြေထောက်တို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိ ခဲ့သည်။ “ကျွန်မ ခင်ပွန်း အသက်ရှင်နေသေးတယ်ဆိုတာ ကြားရလို့ စိတ်အေးသွားရပေမယ့် မကြာမီ လွတ်မြောက်လာစရာ မရှိဘူးဆိုတာကိုတော့ သိခဲ့ရတယ်” သူ၏ သားနှစ်ဦးအနက် တဦးမှာလည်း စစ်တွေထောင်တွင် ကျရောက်နေခဲ့သည်။ “ကျွန်မတို့ နေထိုင်တဲ့ ဘုန်းတော်ကြီးကျောင်းကနေ အမျိုး သမီး နှစ်ယောက် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အကြောင်းတွေကို ကြားသိရတဲ့အခါ စစ်တွေကနေ ထွက်ပြေးဖို့ အယူအဆဟာ ကျွန်မစိတ်ထဲမှာ စတင်ဖြစ်ပေါ်လာခဲ့တာပါ” ဟု မိုးမိုးအေး က ပြောသည်။

ဗျိုင်းဖြူနှင့် အခြားကျေးရွာများမှ ရွာသားအများအပြားသည် ထွက်ပြေးရေး အစီအစဉ်များ ဆွဲရန် အကြံရခဲ့ကြသည်။ စစ်တပ်သည် ဗျိုင်းဖြူရှိ အိမ်ထောင်စုတခုချင်းစီ၏ မှတ်တမ်းများနှင့် ဘုန်းကြီး ကျောင်းများသို့ ပြောင်းရွှေ့ခံရသူများ၏ မှတ်တမ်းများကို သိမ်းဆည်းထားခြင်း မရှိသည့်အတွက် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်သွားပါက ထောင်အတွင်းရှိ သူမ၏ ဆွေမျိုးများကို လွယ်ကူ စွာ လိုက်လံရှာဖွေနိုင်မည် မဟုတ်ဟု ၎င်းတို့က ယူဆခဲ့ကြသည်။

သို့သော်လည်း ထွက်ပြေးမည့်သူများအတွက် အခက်အခဲများစွာ ရှိနေခဲ့သည်။ ၎င်းတို့တွင် ငွေကြေး နည်းပါးပြီး ဘေးကင်းသော လမ်းကြောင်းများအကြောင်း သတင်းအချက်အလက် နည်းပါးခဲ့သည်။ စစ်တပ်သည် စစ်တွေမြို့အစွန်အဖျားတွင် မိုင်းများအမြောက်အမြား ထောင်ထားခဲ့ပြီး ထွက်ပြေးလွတ် မြောက်သူများသည် စစ်တွေမြို့မြောက်ဘက်ရှိ အနီးဆုံး AA ထိန်းချုပ်ဧရိယာသို့ ရောက်ရှိရန် အနည်း ဆုံး မိုင် ၃၀ ခန့် လမ်းလျှောက်ရမည်ဖြစ်သည်။

စစ်တွေမှ စစ်ဘေးရှောင်အချို့သည် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြကာ အခြားသူများစွာ ဒဏ်ရာရ ရှိခဲ့ကြသည်။ မိုးမိုးအေးက မြို့၏အနေအထားကို ကျွမ်းကျင်သည့်သက်ကြီးရွယ်အိုအချို့ထံမှ ဘေးကင်း သော လမ်းကြောင်းများအကြောင်း သတင်းအချက်အလက်များကို စတင်စုဆောင်းခဲ့သည်ဟု ဆိုသည်။ “ဒါပေမဲ့ ထောင်ကနေ ထွက်ပြေးရတာဟာ အလွန်ကြီးမားတဲ့ စွန့်စားမှုတခုပါ။ မြို့တွင်းမှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်တွေကို ရှောင်ရှားရမှာဖြစ်ပြီး လွတ်မြောက်နယ်မြေဆီ ရောက်ဖို့ နာရီပေါင်းများစွာ ဆက်တိုက် လမ်းလျှောက်ရမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

စစ်တွေသို့ ရောက်ရှိပြီး သုံးလအကြာတွင် မိုးမိုးအေး နှင့် အခြားအမျိုးသမီး ငါးဦး၊ ၎င်းတို့၏ ခင်ပွန်း များနှင့် ကလေးများအပါအဝင် လူ ၁၈ ဦးပါဝင်သော အုပ်စုတစုသည် မြို့မှ ထွက်ပြေးရန် အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ ည ၈ နာရီတွင် ၎င်းတို့သည် ဘုန်းကြီးကျောင်းမှ တိတ်တဆိတ် ထွက်ခွာခဲ့ကြပြီး ကျဉ်းမြောင်းသော လမ်းကြားများမှတဆင့် မြို့ပြင်ရှိ မြေမြှုပ်မိုင်းများ မရှိသော နွံထူသည့် ဒေသသို့ ရောက်ရှိခဲ့ကြသည်။ စစ်တပ်မရှိသော သစ်တောတဝက်တပျက်ရှိသည့် ဒေသသို့ မရောက်မီအထိ ထိုဒေသကို အလွန်နှေးကွေးစွာ ဖြတ်သန်းခဲ့ကြသည်။

၁၂ နာရီကြာ မနားတမ်း လမ်းလျှောက်ပြီးနောက် ၎င်းတို့သည် AA ထိန်းချုပ်ထားသော ရခိုင်ဒေသသို့ ရောက်ရှိခဲ့ကြပြီး AA က ၎င်းတို့အား လက်ခံကြိုဆိုခဲ့သည်။ တပတ်အတွင်း ၎င်းတို့အား စစ်တွေ၏ မြောက်ဘက် မိုင် ၈၀ ခန့်အကွာတွင်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတခုသို့ ပြောင်းရွှေ့ပေးခဲ့သည်။

မိုးမိုးအေး ကဲ့သို့ပင် ဗျိုင်းဖြူရွာမှ အခြားရွာသား အနည်းဆုံး ၄၀၀ ခန့်သည် AA ထိန်းချုပ်နယ်မြေ များသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီး နောက်ပိုင်းတွင် မတူညီသော မြို့နယ်များရှိ စစ်ဘေးရှောင် စခန်းများတွင် အခြေချနေထိုင်ခဲ့ကြရာ အများစုမှာ ရသေ့တောင်တွင် ဖြစ်သည်။ ထိုအထဲမှ နှစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြသော်လည်း ဖမ်းဆီးခြင်းမခံရဘဲ အန္တရာယ်ရှိသော ဇုန်ကို ဖြတ်သန်း နိုင်ခဲ့ကြသဖြင့် ကံကောင်းခဲ့ကြသည်။

ဤထွက်ပြေးလွတ်မြောက်သည့် ခရီးစဉ်များအလယ်တွင် လွတ်မြောက်နယ်မြေသို့ မထွက်ခွာမီ ၂၀၂၅ ခုနှစ် အလယ်ပိုင်းခန့်တွင် ၎င်းတို့ကျေးရွာသို့ တိတ်တဆိတ် သွားရောက်ကြည့်ရှုခဲ့သည့် ဗျိုင်းဖြူရွာမှ အသက်လတ်ပိုင်း အမျိုးသားနှစ်ဦး၏ ထူးခြားသော ဖြစ်စဉ်တခု ရှိခဲ့သည်။ ၎င်းတို့သည် ဗျိုင်းဖြူတွင် မြင်တွေ့ခဲ့ရသည်များကို မယုံနိုင်အောင် ဖြစ်ခဲ့ကြရသည်။ ကြီးမားသော အိမ်အများစုကို စစ်တပ်က ရောင်းချခဲ့ပြီး ပြင်ပလူများက ဝင်ရောက်နေထိုင်နေကြသည်။ သေးငယ်သော အိမ်အများစုမှာ ဖျက်ဆီး ခံထားရပြီး သစ်သားများကို စစ်တပ်က ရောင်းချခဲ့ သို့မဟုတ် ထင်းအဖြစ် အသုံးပြုခဲ့ကြသည်။

၎င်းတို့၏ ပြောပြချက်သည် စစ်တွေရှိ ဗျိုင်းဖြူရွာသူရွာသားများအကြား တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ အနီးနားရှိ ကျေးရွာအများအပြားမှ ရွာသားများ လွတ်မြောက်နယ်မြေရှိ ဘေးကင်း သော နေရာများသို့ ပြောင်းရွှေ့သွားကြပြီးနောက် ထိုရွာများမှာလည်း စွန့်ပစ်ခံထားရသဖြင့် အများအ ပြားက ၎င်းတို့၏ ပြောပြချက်ကို သံသယဝင်ခဲ့ကြသည်။ ထို့ကြောင့် ရွာသားအုပ်စုတစုသည် လက်တွေ့ အခြေအနေများကို စိစစ်အတည်ပြုရန် စစ်တွေမှ အမျိုးသား သုံးဦးအား ဗျိုင်းဖြူသို့ စေလွှတ်ခဲ့သည်။ ၎င်းတို့ကလည်း ကျေးရွာအား ပြင်ပလူများက ဝင်ရောက်နေထိုင်နေကြသည်ဆိုသော အမျိုးသားနှစ်ဦး ၏ ပြောပြချက်ကို အတည်ပြုခဲ့ကြသည်။

“ကျွန်မတို့ အရာအားလုံး ဆုံးရှုံးခဲ့ရပြီ။ စစ်တွေက လွတ်မြောက်ပြီးမှပဲ ကျွန်မတို့ရွာကို ပြန်နိုင်ဖို့ မျှော်လင့် နိုင်တော့မယ်” ဟု ယခုအခါ ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်းတခုတွင် ထင်းရောင်းချနေသည့် မဝင်းသန်း က ပြောသည်။

မြောက်ဘက်ရှိ ကျောက်တော်နှင့် ပလက်ဝ တို့သို့ ဆက်လက်ပြောင်းရွှေ့သွားကြသည့် အနည်းငယ်မှ လွဲ၍ ဗျိုင်းဖြူရွာသူရွာသားများကို ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ရှစ် ခုတွင် နေရာချထားပေးခဲ့သည်။ ၎င်းတို့အနက် အများစုမှာ နေ့စားအလုပ်သမားအဖြစ်လည်းကောင်း၊ ထင်းရောင်းချခြင်းဖြင့်လည်းကောင်း ဝမ်းစာရှာဖွေနေကြသည်။ အချို့မှာ စစ်ဘေးရှောင်စခန်းများတွင် ဆိုင်ငယ်များ ဖွင့်လှစ်ထားကြသည်။ ကလေးအများစုမှာ ULA က ထူထောင်ထားသည့် ကျောင်းများ တွင် ပညာသင်ကြားနေကြသည်။ မဝင်းသန်း ကဲ့သို့ပင် ၎င်းတို့သည်လည်း ဗျိုင်းဖြူသို့ အစောဆုံး ပြန်လည်ရောက်ရှိကာ ဘဝသစ်တခုကို ပြန်လည်စတင်နိုင်ရန် မျှော်လင့်နေကြသည်။

အင်တာဗျူးဖြေဆိုသူ အချို့၏အမည်များကို ၎င်းတို့အား ကာကွယ်ရန်အတွက် ပြောင်းလဲထားပါသည်။

ရာဂျိဗ် ဘာတာချာရီးယား (Rajeev Bhattacharyya) ရေးသည်။

ရာဂျိဗ် ဘာတာချာရီးယား သည် အိန္ဒိယမြောက်အရှေ့ပိုင်း၊ အာသံပြည်နယ်မှ ဝါရင့် သတင်းထောက်တဦး ဖြစ် သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်