ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ကိုနေရွှေသွေးအောင်နဲ့ အလင်္ကာကျော်စွာဘွဲ့ရရှိထားတဲ့ သရုပ်ဆောင် လွင်မိုးရဲ့ သမီး မယွန်းဝတီလွင်မိုးတို့ တွဲနေကြပြီလား…
ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့ ဈေးဝယ်စင်တာတစ်ခုတွင် အတူသွားလာနေတဲ့ ရုပ်သံအချို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ပရိတ်သတ်တွေက ထင်မြင်ချက်အမျိုးမျိုးပေးနေ

ဒီရက်ပိုင်းမှာ ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့ ဈေးဝယ်စင်တာတစ်ခုတွင် အတူသွားလာနေတဲ့ ရုပ်သံ အချို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာကို တွေ့ရှိရပါတယ်။
အခုလို ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နေရွှေသွေးအောင်နဲ့ ယွန်းဝတီ လွင်မိုးတို့ စုံတွဲဖြစ်နေပြီလားဆိုတာကို ပရိတ်သတ်အချို့က စိတ်ဝင်စားမှုတွေမြင့်တက်လာပါတယ်။

ရန်ကုန်မြို့က နာမည်ကြီးအချို့နေရာတွေနဲ့ နိုင်ငံခြားခရီးတွေမှာလည်း သူတို့နှစ်ဦးကို တွေ့ရတယ်လို့ ပရိသတ်တွေအကြားမှာ ပြောဆိုမှုတွေရှိလာပြီးတော့ သူတို့နှစ်ဦးက တရားဝင်လူသိရှင်ကြား တွဲကြတော့မလား၊ မကြာခင်မှာ လက်ထပ်ဖို့အထိ ရှိကြတော့မလားဆိုတာ ပရိတ်သတ်တွေရဲ့အကြားမှာ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
အခုလိုရုပ်သံဖိုင် ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီးတော့ ကိုနေရွှေသွေးအောင်ဘက်ကရော မယွန်းဝတီလွင်မိုးဘက်ကရော တစ်စုံတစ်ရာထုတ်ပြန်ပြောကြားလာတာ မရှိသေးပါဘူး။

လူအများက ဖိုးလပြည့်လို့ သိကြတဲ့ ကိုနေရွှေသွေးအောင်ရဲ့ အဘိုးဖြစ်သူက မြန်မာနိုင်ငံကို ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပါတယ်။
လက်ရှိအချိန်အထိလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ့နိုင်ငံရေးမှာ အတိုင်းအတာတစ်ခုထိ သြဇာရှိနေနိုင်သေးတဲ့သူတစ်ဦးဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။
ကိုနေရွှေသွေးအောင်ရဲ့ ဖခင်ကတော့ ဒေါက်တာနေစိုးမောင်ဖြစ်ပြီးတော့ ဆေးတက္ကသိုလ်(၁) မှာ တက်ရောက်ပညာသင်ကြားခဲ့ကာ တပ်မတော်မှာ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီးတဲ့နောက်မှာတော့ ဒေါက်တာနေစိုးမောင်ဟာ ဖမ်းဆီးခံရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရကာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူး။
ကိုနေရွှေသွေးအောင်ဟာဆိုရင်လည်း ငယ်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့ သူတစ်ဦးဖြစ်ပါတယ်။

ကိုနေရွှေသွေးအောင်ကို ၁၉၉၁ ခုနှစ် မေ ၂၂ ရက်ကရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီးတော့ အဘိုးဖြစ်သူ ဗိုလ်ချုပ်မှုးကြီး(ငြိမ်း) သန်းရွှေရဲ့ အချစ်တော်လို့ လူအများက လက်ခံထားကြပါတယ်။
ငယ်စဉ်ကတည်းက ပြည်တွင်းအခမ်းအနားတော်တော်များများအပြင် တရုတ်နိုင်ငံလို ပြည်ပခရီးစဉ်တွေမှာလည်း လိုက်ပါခွင့်ရရှိခဲ့တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာ အထက်တန်းပညာသင်ကြားခဲ့ပြီးတော့ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းဆင်းလည်း ဖြစ်ပါတယ်။
၎င်းဟာ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးတေဇ၊ ဦးဇော်ဇော် အစရှိတဲ့သူတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ရက်မှာ ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးတဲ့နောက်မှာတော့ ကိုနေရွှေသွေးအောင်က မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် မှာ အဘိုးဖြစ်သူရဲ့ နောက်ခံကိုယ်စားပြုသူတစ်ဦးအဖြစ်နဲ့ လူမြင်ကွင်းရှေ့ ရောက်လာတယ်လို့ အဲ့ဒီအချိန်တုန်းက မှတ်ချက်ပြုခံခဲ့ရပါတယ်။
ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်းတို့နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးတော့ အဲ့ဒီလိုတွေ့ဆုံမှုကို သူ့ရဲ့လူမှုကွန်ရက်ကနေ “ဒီနေ့ည သမိုင်းတွင်မယ့် ညတည” အဖြစ် အသိပေးခဲ့မှု၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ နေပြည်တော်ရှိ ဦးသန်းရွှေရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့မှုတွေကို လူမှုကွန်ရက်ကနေ ၎င်းက အသိပေးခဲ့ ရေးသားခဲ့မှုတွေဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံမှုရဲ့ သက်သေအဖြစ်နဲ့ ငါးထောင်တန် တစ်ရွက်ပေါ်မှာ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လက်မှတ်အတူထိုးထားတဲ့ ဓာတ်ပုံကို ထုတ်ပြခဲ့သလို အဘိုးဖြစ်သူရဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမယ်ဆိုတာ အားလုံးလက်ခံရမယ့် အမှန်တရားဖြစ်တယ်လို့ မှတ်ချက်ပေးမှုကိုလည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။
ဒါ့အပြင် ကိုနေရွှေသွေးအောင်ရဲ့ အနုပညာလှုပ်ရှားမှုလို့ ဆိုရမှာတွေကတော့ ကမ္ဘာကျော်အဆိုတော် တစ်ဦးဖြစ်တဲ့ Enrique Iglesias ရဲ့ Tonight I’m Loving တေးသီချင်းနဲ့ Hero အမည်ရှိတဲ့ သီချင်းတွေကို Cover soung အဖြစ် ပြန်လည်သီဆိုခဲ့ပြီးတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ ထိုင်းသရုပ်ဆောင်မင်းသမီး ကရာဗီတို့နဲ့အတူ တွဲဖက်ကာ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ MTV ရိုက်ကူး ထုတ်လွှင့်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ Miss Universe Myanmar 2019 Final မှာလည်း Do you Know & To night သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။
အကယ်ဒမီဆုရှင်လည်း ဖြစ်သလို အလင်္ကာကျော်စွာဘွဲ့ ရရှိထားတဲ့ ဦးလွင်မိုးရဲ့ သမီးဖြစ်တဲ့ မယွန်းဝတီလွင်မိုးဆိုရင်လည်း နိုင်ငံခြားမှာ ပညာသင်ကြားခဲ့တဲ့သူတစ်ဦးဖြစ်ပြီး သူမ နိုင်ငံခြားကျောင်းတက်ခဲ့တဲ့ကာလအတွင်း ၂၀၁၈ ခုနှစ်မှာ ကိုထက်ဦးလှိုင်နဲ့ လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး မကြာသေးမီက ၎င်းအမျိုးသားနဲ့ကွာရှင်းထားပြီးဖြစ်တဲ့ မယွန်းဝတီလွင်မိုးဟာဆိုရင် အခုချိန်မှာ လွတ်လပ်တဲ့သူတစ်ဦးဖြစ်ကာ အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေသလို ပရိတ်သတ်ကအားပေးမှုရနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်နေပါတယ်။

ဒါ့အပြင် မယွန်းဝတီလွင်မိုးရဲ့ ဖခင် အကယ်ဒမီလွင်မိုးဟာဆိုရင်လည်း ငယ်ရွယ်စဉ်က အောင်မြင်မှု များစွာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့ မြန်မာပြည်အနှံ့ သွားလာပြီး “လွင်မိုးခရီးသွားနေသည်” ဆိုတဲ့ အစီအစဉ်ကလည်း လူကြိုက်များတဲ့ ခရီးသွားအစီအစဉ်တစ်ခု ဖြစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေအဖြစ်ကတော့ ရှမ်းပြည်နယ် ဟဲဟိုးမြို့မှာ လီလီပန်းတွေကို ရှစ်နှစ်ကြာ စိုက်ပျိုးခဲ့ပြီး လူကြိုက်များ ဈေးကွက်ဝေစုအများအပြားရရှိခဲ့ပြီးတော့ အခုချိန်မှာတော့ အဲ့ဒီလုပ်ငန်းကို ရပ်နားတော့မယ်လို့ သူက ကြေညာထားပါတယ်။
ဒါ့အပြင် ရုပ်ရှင်ရုံလုပ်ငန်းတစ်ခုဖြစ်တဲ့ Paradiso Cinema လုပ်ငန်းကိုလည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ ဒေသအချို့မှာ ရုပ်ရှင်ရုံငယ်လေးတွေ တည်ဆောက်လုပ်ကိုင်ခဲ့ပါ သေးတယ်။
ဒါ့အပြင် အခြားစီးပွားရေးလုပ်ငန်းအချို့ကိုလည်း လုပ်ကိုင်ခဲ့ပြီးတော့ ယခုနှစ် နှစ်ဆန်းပိုင်းတုန်းက ရုံတင်ပြသခဲ့တဲ့ သိုးမည်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ဖွေးဖွေးနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ အီတာလျံ အစားအစာတွေကို အဓိကထားရောင်းချတဲ့ ဆိုင်အချို့ကိုလည်း ဖွင့်လှစ်လုပ်ကိုင်နေပါတယ်။

ဦးလွင်မိုးက ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ USDP ပါတီကို ထောက်ခံခဲ့သူတစ်ဦးအဖြစ် အသိများပြီးထိုစဉ်က မဲဆွယ်စည်းရုံးရေးတွေမှာလည်း လိုက်ပါခဲ့ပါတယ်။
၂၀၂၀ မှာတော့ NLD ပါတီ ထောက်ခံသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ခဲ့တဲ့ အလင်္ကာ ကျော်စွာဘွဲ့ကို ရရှိခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့ အစောပိုင်းကာလတွေ မှာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ ပြီးတော့ ၂၀၂၁ CDM လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့က နာမည်ကြီးကုန်တိုက်တွေမှာ အတူတူဈေးဝယ်နေတာတွေနဲ့ ဘုရားတွေမှာလည်း အတူတူသွားလာနေတာတွေ လူအများ မြင်တွေ့လာရမှုနဲ့အတူ ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့ရဲ့ ဆက်ဆံရေးအပေါ် ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။

သူတို့နှစ်ဦးကို အရင်ကလည်း စင်ကာပူနိုင်ငံမှာ အတူတူတွေ့မြင်ခဲ့ရသူတွေ ရှိခဲ့တယ်လို့ဆိုကြပြီး အခုတလောမှာတော့ ရန်ကုန်မြို့မှာပါ အတူတူဈေးဝယ်တာ၊ ဘုရားဖူးသွားတာတွေကို မြင်တွေ့လာရတယ်လို့ ပရိသတ်တွေကြား မှတ်ချက် ပြုမှုတွေနဲ့သူတို့နှစ်ဦးရဲ့သတင်းတွေဟာ အများကြားမှာ အပြောများတဲ့သတင်းဖြစ် နေပါတယ်။
ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့နှစ်ဦးဟာငွေကြေးအရ ချမ်းသာ ကြွယ်ဝတဲ့သူတွေဖြစ်ကြပြီးတော့ သူတို့နှစ်ဦးဟာ ခုချိန်မှာ လွတ်လပ်တဲ့သူတွေဖြစ်ကြပြီး လိုက်ဖက်တဲ့အတွဲဖြစ်တယ်လို့ ပရိတ်သတ်တွေ အကြားမှာ ပြောဆိုမှုတွေရှိနေသလို မကြာမီမှာ လူသိရှင်ကြားတွဲကြတော့မှာလား၊ လက်ထပ်ကြတော့မလား ဆိုတာကိုလည်း စိတ်ဝင်စားခံနေရပါတယ်။



Leave a Reply