စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲပြီးကတည်းက အင်းတော်ကို ဘယ်နေ့ သိမ်းပိုက်ရရှိနိုင်မလဲ စောင့်ကြည့်နေခဲ့မိသည်။ သို့သော် သတင်းထိန်းချုပ်မှု အားကောင်းသဖြင့် တိုက်ပွဲအခြေအနေကို တစွန်းတစမျှသာ ကြားခဲ့ရသည်။ အသေးစိတ် သိရှိနိုင်ခဲ့ခြင်း မရှိပေ။
သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်မှု အပါအဝင် အခြား စစ်နည်းဗျူဟာ ပြောင်းလဲ၍ စစ်ကစားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်သည့်သဘော ဖြစ်မည်ထင်၏။
စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သည့် တပ်များက သိမ်းပိုက်ပြီးနောက် အနီးပတ်ဝန်းကျင်က မြို့များ ထပ်မံ လက်လွှတ်ရမည်ကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ စိုးရိမ်ခဲ့ကြသည်။
ထို့ကြောင့် ပင်လည်ဘူးကို လက်လွှတ်ရပြီး ရက်ပိုင်းအကြာတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း ကိုယ်တိုင် ဝန်းသိုသို့ သွားခဲ့သည်။ ဝန်းသိုသည် ပင်လည်ဘူးနှင့် အင်းတော် အကြားတွင်ရှိပြီး ထိုနှစ်မြို့အကြား မိုင် ၁၀၀ နီးပါး အကွာအဝေးတွင် ရှိ၏။
ဝန်းသိုရှိ စစ်တပ် အရာရှိ၊ စစ်သည်များနှင့် တပ်မိသားစုဝင်များ လက်နက် မချစေရန် စည်းရုံးခဲ့ခြင်း ဖြစ်သည်။ စိုးဝင်းသည် အင်းတော်ကိုမူ မသွားရဲခဲ့ပေ။ ထိုအချိန်သည် အင်းတော် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ကာလလည်း ဖြစ်သည်။ ထိုခရီးစဉ်မှ အပြန်တွင် မုံရွာမှ မန္တလေးသို့ အတက်၌ ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ရဟတ်ယာဉ် အပစ်ခံခဲ့ရသေး၏။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှ တော်လှန်ရေးတပ်များသည် ကောလင်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည် စွန့်လွှတ်ခဲ့ရသည့် ဖြစ်စဉ်ကို သင်ခန်းစာယူခဲ့ပုံရသည်။ နောက်ပိုင်းတွင် စစ်ကိုင်း အထက်ပိုင်းရှိ တခြားမြို့များကို သိမ်းပိုက်ရာ၌ မြို့ကို အချိန်တိုအတွင်း သိမ်းပိုက်ရရှိရေးထက် အချိန်ယူ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်သည့်နည်းကို ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။
ပင်လည်ဘူးကို သိမ်းပိုက်ရာတွင်လည်းကောင်း၊ ယခု အင်းတော်ကို သိမ်းပိုက်ရာတွင်လည်းကောင်း ထိုစစ်နည်းဗျူဟာကို ကောင်းကောင်း အသုံးပြုခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်က တပ်မ ၇၇ လက်အောက်ခံ အမှတ် (၁၀၆) ခြေမြန်တပ်ရင်း (ခမရ – ၁၀၆)၊ အမှတ် (၆) ခြေလျင်တပ်ရင်း (ခလရ-၆) နှင့် ကသာအခြေစိုက် ခမရ ၃၀၉ တို့ ပူးပေါင်းစစ်ကြောင်းကို ကသာမှ အင်းတော်သို့ စစ်ကောင်စီက စစ်ကူလွှတ်ခဲ့သည်။
အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် အင်းတော်နှင့် ကသာအကြားတွင် ကြားဖြတ် တိုက်ခိုက်ခံရသဖြင့် ၃၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၅၄ လက်နှင့် ခဲယမ်းပစ္စည်းများ လက်လွှတ်ခဲ့ရသည်။ စစ်ကောင်စီအတွက် အင်းတော် မျှော်လင့်ချက်သည် ထိုစဉ်ကတည်းက ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။
ပူးပေါင်းတပ်များက စစ်ကောင်စီ၏ လက်ကျန် ဂျပန်လိုဏ်ဂူစခန်းကို စစ်ကူနှင့်ရိက္ခာ၊ ခဲယမ်း ထပ်မံ ဖြည့်တင်း မလာနိုင်အောင် လုပ်ထားပြီး ရှိနေသည့် လူ၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာ အင်အား တဖြည်းဖြည်း ယုတ်လျော့ကျဆင်းအောင် လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးတွင် စစ်ကောင်စီဘက်က မြေပြင် စစ်ကူအင်အား မပေးနိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာ ပေးနိုင်တော့သည့် အနေအထားအထိ ဖြစ်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်း လက်ကျန်များစွာ ကျန်ရှိနေသေးသည့်တိုင် ကြာရှည် ခုခံနေရမှုကြောင့် စစ်ပန်းပြီး စိတ်ဓာတ်ပိုင်း ကျဆင်းကာ တောင့်မခံနိုင်တော့ဘဲ ဆုတ်ခွာထွက်ပြေးခဲ့ရသည်ကို တွေ့ရသည်။ (ဂျပန်လိုဏ်ဂူစခန်းမှ ဟောင်ဝစ်ဇာ အမြောက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်း ရရှိခဲ့သည်။)
အင်းတော် မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် ကတည်းက စတင် ဖော်ဆောင်နေခြင်း ဖြစ်သည်။ အပြီးသတ် သိမ်းပိုက်ရရှိသည့် ဧပြီလ ၉ ရက်အထိဆိုပါက ရှစ်လနီးပါး ကာလကြာမြင့်ခဲ့သည်။ ပင်လည်ဘူးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးသည့်နောက် တော်လှန်ရေးအင်အားစုများသည် အင်းတော်ကို အင်အား စုစည်း၍ ပိုမိုထိရောက်စွာ ထိုးစစ်ဆင်ခဲ့သည် ဟုယူဆရသည်။
ယခု သိမ်းပိုက်ရရှိခဲ့သည့် အင်းတော်မြို့သည် ပထဝီအနေအထားအရ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် အချက်အချာကျသော မြို့တမြို့ဖြစ်ကြောင်း တွေ့ရသည်။ စစ်ရေးအရ ကြည့်မည်ဆိုပါက စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အခြေစိုက်ရာ ကချင်ပြည်နယ်နှင့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်းတို့ အကြား နယ်မြေစိုးမိုရေးအတွက် တော်လှန်ရေးဘက်က ထိန်းချုပ်ထားရန် လိုအပ်သော ဒေသတခုဖြစ်သည်။
ထို့သို့ အရေးကြီးနေရာ ဖြစ်သောကြောင့် လည်း စစ်ကောင်စီဘက်က အင်းတော်မြို့ မကျစေရေးအတွက် နမခ နယ်မြေတွင် စစ်ဆင်ရေး ဝင်ရောက်နေသည့် ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မမှူးကိုယ်တိုင် ကွပ်ကဲစေခဲ့ခြင်း ဖြစ်သည်။
တပ်မ ၇၇ နှင့် ကွပ်ကဲမှုအောက် တပ်များသည် ချင်းပြည်နယ် မြောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများတွင် စစ်ဆင်ရေး ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၄၂ (DSA-42) မှ အရာရှိတဦးဖြစ်ပြီး လူကြီးကြိုက် အရာရှိတဦးဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်ကြီး တာဝန်ယူစဉ်က DSA-42 သင်တန်းဆင်း အရာရှိများသည့် မဟာဘွဲ့သင်တန်း တက်ရောက်နေဆဲ အရာရှိငယ်များ ဖြစ်သည်။
ယခု စစ်သုံ့ပန်း ဖြစ်သွားသည့် DSA-42 သင်တန်းဆင်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည်လည်း ထိုစဉ်က မဟာဘွဲ့ သင်တန်းသား အရာရှိတဦးဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ထမ်းဆောင်ခဲ့သဖြင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူ ဖြစ်သည်။
ထို့ကြောင့်လည်း စစ်ဗျူဟာအခြေချ (စဗခ) မှူး ကာလတွင် ဗိုလ်မှူးကြီး အများစု၏ အိပ်မက်ဖြစ်သည့် စဗခ (ကော့သောင်း) တွင် စစ်ဗျူဟာမှူးအဖြစ် တာဝန်ပေးခံခဲ့ရခြင်း ဖြစ်သည်။ ထိုစစ်ဗျူဟာမှူးနေရာမှ တဆင့်မြင့် ရာထူးပေးသည့်အခါတွင်လည်း အစဉ်အလာရှိပြီး လူကြီး အဖြစ်မြန်သည့် တပ်မ ၇၇ တပ်မမှူးရာထူးကို ချီးမြောက်ခြင်းခံခဲ့ကြောင်း တွေ့ရသည်။
သူ့ရှေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်ဇာတိ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန် (DSA-42) သည် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် (ကရခ) တိုင်းမှူး ဖြစ်သည်။
တပ်မ ၇၇ သည် စစ်တပ်တွင် ပထမဆုံးဖွဲ့စည်းသည့် ခြေမြန်တပ်မတခုဖြစ်သည်။ ၁၉၆၆ ခုနှစ်၊ ဇွန်လ ၆ ရက်ကတည်းက စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပထမဆုံး တပ်မမှူးမှာ ဗိုလ်မှူးချုပ် တင့်ဆွေ (စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ဆရာ) ဖြစ်သည်။ တပ်မကို ပဲခူးရိုးမတွင် အခြေပြုသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များကို ချေမှုန်းရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်သည့်အတိုင်း ဗကပကို နှိမ်နင်းနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ရန်ကုန်စစ်ရုံး၏ ကြည်း အရန်တပ်မအဖြစ် အချိန်များစွာ ကျင်လည်ခဲ့ရသည်။ လူကြီး သားသမီး ရေပေါ်ဆီ အသိုင်းအဝိုင်းအတွက် နားခိုရာတပ်မ ဖြစ်ခဲ့သည်။ စစ်ရုံးကို နေပြည်တော်သို့ ပြောင်းရွှေ့ပြီးမှသာ အဝေးဒေသများသို့ စစ်ဆင်ရေး သွားရောက်ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ လူကြီးကြိုက် တပ်မ ၇၇ သည် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သည့် သံဃာတော်နှင့် ပြည်သူများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစ အာဏာသိမ်းမှုတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်။ စစ်အာဏာသိမ်းမှု အထမြောက်စေသည့် စီးနင်းဝင်ရောက်ခြင်း ပိတ်ဆို့ ရှာဖွေခြင်းများ ဆောင်ရွက်ရန်အတွက် တပ်မ ၇၇ ကို အသုံးပြုရန် စစ်ခေါင်းဆောင်များက ရွေးချယ်ခဲ့ကြသည်။
ပဲခူး အခြေစိုက် တပ်မ ၇၇ သည် ထိုအချိန်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေ ပလက်ဝဒေသတွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ခဲ့သည့် တပ်မဖြစ်သည်။ ထိုစဉ်က စစ်ဆင်ရေးကာလ ကြာမြင့်မှုအရ ရေးမြို့ အခြေစိုက် စကခ ၁၉ နှင့် စစ်ဆင်ရေးတာဝန် လဲလှယ်ပြီးနောက် အနားယူနေပြီး စုဖွဲ့ထားသည့် တပ်မလည်း ဖြစ်သည်။

ဇန်နဝါရီ နှောင်းပိုင်းကာလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်မ ၇၇ ကို နေပြည်တော်သို့ ခေါ်ဆောင်ထားခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက် ညတွင် နည်းဗျူဟာမှူးနှင့် တပ်ရင်းမှူးများကို ခေါ်ကာ ဒုစစ်ခေါင်းဆောင် စိုးဝင်းက နေပြည်တော် တိုင်းစစ်ဌာနချုပ် စစ်ဆင်ရေး အစည်းအဝေးခန်းမတွင် နှုတ်မိန့်ပေးခဲ့သည်။ သတင်းပေါက်ကြားမည် စိုးသဖြင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ပင် ဝင်ခွင့် မရခဲ့ပေ။
သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ နေအိမ်များကို အကွက်ချမြေပုံများပြ၍ တပ်မ ၇၇ က နည်းဗျူဟာမှူး ဦးစီးပြီး ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက်ပိုင်းတွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ရန်ကုန် ဆန္ဒပြပွဲများကို တပ်မ ၇၇ မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ညီညီမောင် (DSA-42) ဦးစီးပြီး ရန်ကုန်တွင် ပစ်ခတ်နှိမ်နင်းမှု၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့တွင် ဆန္ဒပြ ပြည်သူများကို တပ်မ ၇၇ ကွပ်ကဲမှုအောက်တပ်က ပိတ်ဆို့ပြီး အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့မှုများ ဆောင်ရွက်ခဲ့သဖြင့် ပြည်သူများ၏ မုန်းတီးမှုကိုခံခဲ့ရသည်။ ယင်း ဗိုလ်မှူးကြီး ညီညီမောင်သည် တပ်မ ၉၉ ဒု တပ်မမှူးအဖြစ် မိတ္ထီလာတွင် တာဝန်ကျစဉ် ကျားဖြန့်ကိစ္စနှင့် အဖမ်းခံခဲ့ရသည်။
ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။ ထိုဖမ်းဆီးမှုသည် စစ်ကိုင်းတိုင်းအတွင်း ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူးတဦးကို တော်လှန်ရေးဘက်က ပထမဆုံး ဖမ်းဆီးနိုင်ခဲ့မှုလည်း ဖြစ်သည်။
ဂဏန်း တပ်မများ စစ်အင်္ဂါစဉ်အရ ကြည့်ပါက နွေဦးတော်လှန်ရေး ကာလအတွင်း တပ်မ ၂ မှလွဲ၍ ကျန်တပ်မမှူးများ သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများ ဖြစ်ခဲ့ရသည်။
တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း မြောက်ဦးတွင် သေဆုံး၊ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးချုပ် အောင်နေမျိုး မောင်တောတွင်သေဆုံး၊ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး အေးမင်းနောင် သင်္ဃန်းညီနောင်တွင် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း လောက်ကိုင်တွင် လက်နက်ချ၊ ယခု တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး အင်းတော်နှင့် ကသာကြားတွင် အဖမ်းခံရ၊ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး မိုးမောက်တွင် သေဆုံး၊ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် မုံးကိုးတွင် သေဆုံး၊ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း နမ့်ဆန်တွင် အဖမ်းခံရ စသည်ဖြင့် တွေ့မြင်ရသည်။
ထိုစာရင်းတွင် ခြေမြန်တပ်မမှူးများသာဖြစ်ပြီး စစ်ဆင်ရေး ကွပ်ကဲရေးမှူး (စကခမှူး) များ မပါသေးပေ။
စစ်တပ်အတွက် တိုက်ခိုက်ရေးတွင် အားထားရသည့် ဂဏန်းတပ်မ ၁၀ ခုတွင် ရှစ်ခုက တပ်မမှူးများအထိ တော်လှန်ရေးက ရိုက်ခတ်စေခဲ့ပြီးဖြစ်ကြောင်းလည်း ထိုစာရင်းအရ တွေ့နိုင်သည်။
ထိုသို့ တိုက်ခိုက်ရေးတွင် အားထားရသည့် တပ်မများကို ဦးစီးရသည့် တပ်မမှူးများ၏ ဖြစ်စဉ်များကို ကြည့်ပါက မြန်မာ့တပ်မတော်၏ လားရာကို တွေ့နိုင်သည်။ အောက်ခြေတွင်လည်း အတွေ့အကြုံရင့် အရာရှိ၊ စစ်သည်များ သေဆုံး၊ ဒဏ်ရာရ၊ အဖမ်းခံရခြင်းတို့ကြောင့် လျော့ပါးလာမှုကို အစာထိုး ခန့်အပ်သည့် အရာရှိများ၏ အတွေ့အကြုံနည်းပါးမှုကြောင့် စစ်တပ်၏ စစ်ဦးက ပြန်မော့လာဖွယ် မရှိပေ။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် လူသစ်စုဆောင်းခံရသဖြင့် စစ်တပ်အတွင်း ဝင်ရောက်လာကြရသည့် တပ်သားသစ်များ၏ မုန်းတီးစိတ်ကလည်း စစ်တပ်ကို နေ့စဉ် ဒုက္ခပေးလျက်ရှိသည်။ လက်နက်နှင့်တကွ ထွက်ပြေးမည်စိုး၍ အချင်းချင်း ကင်းပြန်စောင့်နေကြရသည်။
ယခု အင်းတော်တိုက်ပွဲကို လေ့လာကြည့်သည့်အခါ ‘စစ်ကောင်စီအခက် တော်လှန်ရေးအချက်’ ဆိုသည်ကို တွေ့ရသည်။ စစ်ကောင်စီဘက်တွင် ထိုကဲ့သို့ အကျပ်ရိုက်နေချိန်တွင် တော်လှန်ရေးဘက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဦးဆောင်မှုဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
စစ်ကိုင်းငလျင်ကို ‘စစ်ကို ကိုင်းစေမည့် နိမိတ်’ ဟု သတ်မှတ်ပြီး မန္တလေးငလျင်ဟု အတင်း နာမည်ပြောင်းခိုင်းသည့် စစ်ကောင်စီသည် စစ်ကိုင်းအတွင်းက မြို့တမြို့ကို ထပ်မံ စွန့်လွှတ်လိုက်ရပြီးနောက် တပ်မမှူးတဦးကိုပါ ထပ်မံဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
✍စွယ်တော် (CDM စစ်သားတဦး)


Leave a Reply