မြန်မာပြည်တွင် ပရလောကဟုဆိုလေ့ရှိကြသည် စုန်း၊ သရဲ၊ တစ္ဆေ စသည်တို့ကို ယုံကြည်သည့် အသိုင်းအဝိုင်းတခု ရှိသည်။ ထိုအသိုင်းအဝိုင်း၏ ယုံကြည်မှုတွင် စုန်း၊ သရဲ၊ တစ္ဆေများကို နှိမ်နင်းသူ၊ ထိန်းကျောင်းနိုင်သူများအဖြစ် အထက်လမ်းဆရာ၊ အောက်လမ်းဆရာများလည်း ပါဝင်ကြသည်။ အထက်လမ်းဆရာများကို ဆရာကောင်းများဟု ရည်ညွှန်းကြပြီး အောက်လမ်းဆရာများကို ဆရာဆိုးများအဖြစ် ရည်ညွှန်းကြသည်။

အောက်လမ်းဆရာများသည် သရဲကို နှိမ်နင်းသည်သာမက သရဲကို မွေးမြူကြပြီး သူ၏ရန်သူများ၊ မလိုမုန်းတီးသူများကို ခြောက်လှန့်၊ နှောင့်ယှက်တိုက်ခိုက်လေ့ရှိကြသည်ဟု ဆိုကြသည်။ အဆိုပါ အောက်လမ်းဆရာများ ကျွေးမွေး၍ မွေးမြူထားသော သရဲသည် အစပိုင်းက သူ့အား ကျွေးမွေး၊ မွေးမြူထားသောဆရာ၏ အမိန့်ကို နာခံ၍ စေခိုင်းသမျှ လုပ်‌ဆောင်ကြသော်လည်း တဖြည်းဖြည်း အကောင်ကြီးလာသောအခါ အောက်လမ်းဆရာ၏ စကားကို နားမထောင်ကြတော့ကြောင်း၊ ထို့ပြင် သူ့ကိုမွေးထားခဲ့သည့် အောက်လမ်းဆရာအား အာခံလာသည့်အပြင် ဂုတ်ချိုးစားသောက်ကြောင်း ဆိုကြ၏။

သူ့တပါးအား တိုက်ခိုက်ရန် သရဲမွေးကြရာမှ အကောင်ကြီး၊ အားကြီးလာပြီး မွေးသည့်သူ ပြန်တိုက်ခိုက်ခံရခြင်း၊ သရဲမွေးခဲ့သူပါ ပြန်လည် ထိတ်လန့်စိုးရိမ်နေသည့် အခြေအနေမျိုးဖြစ်ပေါ်ပါက ‘သရဲမွေးခဲ့ကြတာကိုး’ ဟု ဆိုလေ့ရှိကြပါသည်။

ဝနီ

ယခုအခါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်းကောင်း၊ သယံဇာတတူးဖော်မှုများနှင့် ပတ်သက်၍လည်းကောင်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ‘ဝနီ’ ဟု အမည်တပ်၍ စွပ်စွဲပြစ်တင်နေကြသည်ကို ယခုတလော တွေ့မြင်နေရသည်။ လက်ရှိအချိန်တွင် မြောက်ပိုင်း ဝနယ်နှင့် ထိုင်းနယ်စပ်တွင် စစ်အင်အား ၃ သောင်းခွဲခန့်အထိ ရှိနိုင်သော UWSA တပ်ဖွဲ့ကို သတိပြုရမည့်စစ်အင်အားစု၊ တရုတ်၏ ဩဇာခံအင်အားစုတခုအဖြစ် ကြည့်မြင်လာကြသည်ကို တွေ့မြင်ရ၏။

UWSA သည် ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေါင်းဆောင်မှုအောက်မှ ပုန်ကန်ခွဲထွက်လာသည့် တပ်ဖွဲ့ဖြစ်၏။ ယနေ့ တရုတ်၏ ဩဇာခံ၊ အထောက်အပံ့ခံအဖြစ် စွပ်စွဲခံနေရသည့် UWSA တပ်ဖွဲ့သည် ခွဲထွက်ချိန်က တရုတ်၏ အထောက်အပံ့ မရပေ။ ဂိုဒေါင်တွင်းရှိ ဗကပ လက်ကျန် လက်နက်ခဲယမ်းသာ ကျန်ရှိ၏။ ငွေကြေးမရှိသကဲ့သို့ တရုတ်၏ ထောက်ပံ့မှုလည်း မရှိပေ။

၁၉၈၈ ခုနှစ် အရေးတော်ပုံကြောင့် ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းကြုံနေသည့် စစ်တပ်က UWSA အား အပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့ခြင်းသည် UWSA အတွက် ထွက်ပေါက်ရစေခဲ့သည်။ အကယ်၍သာ စစ်တပ်က ဗကပ ခေတ်ကကဲ့သို့ စစ်ရေးအရ ဆက်လက် တိုက်ခိုက်နေပါက UWSA အတွက် အကျပ်အတည်း ကြုံရမည်ဖြစ်သကဲ့သို့ ဆုံးရှုံးမှုကြီးနိုင်သည့်ကာလဖြစ်သည်။

စစ်တပ်က အပစ်ရပ်ထားသော်လည်း ခွန်ဆာ၏ မော်ထိုင်းတပ် (MTA) က ခွဲထွက် UWSA မှ တရုတ်လူမျိုး တပ်မှူးများကို ပစ်မှတ်ထား စည်းရုံးသည့်အတွက် ရှမ်းပြည်တောင်ပိုင်းရောက်နေသည့် UWSA တပ်ဖွဲ့အချို့ ခွန်ဆာ၏ MTA တပ်တွင်း ရောက်သွား၏။ ထိုသို့ UWSA တပ်ကို ဖဲ့၍ သိမ်းသွင်းသဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် UWSA တပ်နှင့် ခွန်ဆာ၏ MTA ကြား တိုက်ခိုက်မှုများ ၁၉၉၀ ပြည့်နှစ်တွင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

သို့ဖြစ်ရာ ဗကပမှ ခွဲထွက်ပြီး လက်ထဲတွင် ဘဏ္ဍာငွေကြေးမရှိသည့်အပြင် ခွန်ဆာ၏ MTA နှင့် တိုက်ခိုက်နေရရာ UWSA အတွက် အကျပ်အတည်းဖြစ်၏။ ထို့ပြင် ထိုကာလက ဝနယ်ထွက် ဘိန်းများကို ထိုင်းနယ်စပ်တွင် သွားရောင်းရန် စစ်တပ်၏ တားဆီးပိတ်ဆို့မှုများရှိ၍ မလွယ်ကူလှပေ။

ထိုအချိန်တွင် အခက်အခဲကြားရောက်နေသည့် UWSA တပ်ဖွဲ့ကို တောင်ပံတပ်ပေးသူမှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေါ် မြန်မာစစ်တပ်ဖြစ်သည်။ UWSA နှင့် MTA ကြား ပဋိပက္ခကို အကြောင်းပြု၍ MTA အား တိုက်ခိုက်ရန် UWSA ကို အသုံးချခဲ့၏။ ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံဒေသသည် ရှမ်းအများစု နေထိုင်ကြပြီး လားဟူလူမျိုးများ ဒုတိယအများဆုံးရှိကာ အာခါလူမျိုး နေထိုင်မှုမှာ နည်းပါးသည်။

၁၉၅၈ ခုနှစ်မှစ၍ ရှမ်းလက်နက်ကိုင်ပုန်ကန်မှုများ အစပြုရာ၊ အခြေခံရာဒေဖြစ်ပြီး ထိုင်းနယ်စပ်မှလည်း အထောက်အကူရသည်။ ၁၉၉၀ ပြည့်နှစ်ကာလတွင် ခွန်ဆာ၏ MTA သည် အင်အား ၁ သောင်းခန့်ရှိပြီး အဓိက ရှမ်းအရှေ့ ထိုင်းနယ်စပ် မိုင်းဆတ်၊ မိုင်းတုံနယ်တွင် အခြေပြုနေသည်။

UWSA တပ်သည် နဝတနှင့် အပစ်ရပ်စဉ် ရှမ်းပြည်တောင်ပိုင်းတွင်လည်းရှိနေ‌ရာ စစ်တပ်က UWSA အား ရှမ်းပြည်တောင်ပိုင်းမှ ဖယ်ပေးပြီး ရှမ်းအရှေ့ရှိ ခွန်ဆာ၏ MTA ကို တိုက်၍ ရှမ်းအရှေ့တွင် အခြေပြုရန် ကမ်းလှမ်းခဲ့၏။ တချိန်တည်းတွင် UWSA တပ်ဖွဲ့အား ဘိန်းရောင်းဝယ်ခွင့်ပြုခဲ့၏။ UWSA အဖို့ ဘဏ္ဍာရေးအတွက် ဘိန်းရောင်းရန် ထိုင်းနယ်စပ်ကို ထိုးဖောက်ရေး လိုနေသည်ဖြစ်ရာ စစ်တပ်၏ ကမ်းလှမ်းချက်ကို သဘောတူခဲ့၏။

သို့ဖြင့် ဝနယ်နှင့် ရှမ်းတောင်မှ UWSA တပ်များသည် ရှမ်းအရှေ့သို့ အလုံးအရင်းနှင့်ဆင်းပြီး ခွန်ဆာ၏ MTA အား တိုက်ခိုက်ကာ တဖက်ကလည်း ထိုင်းနယ်စပ်တွင် ဘိန်းအရောင်းအဝယ် ပြုလုပ်ရင်း အသက်ရှူပေါက်ချောင်သွားခဲ့သည်။

၁၉၉၆ ခုနှစ် ခွန်ဆာ လက်နက်ချပြီးသည့်အခါ UWSA က ဝနယ်တွင် လူထုနေထိုင်စားသောက်ရေး ကျပ်တည်းသဖြင့် ရှမ်းအရှေ့တွင် ဝလူမျိုး ၁ သိန်း ပြောင်းရွှေ့အခြေချခွင့်တောင်းရာ နဝတ က သဘောတူခဲ့၏။ စစ်တပ်အနေဖြင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ကို ချေမှုန်းရုံသာမက ရှမ်းလက်နက်ကိုင်များ ပြန်လည် အခြေချ၍ မရစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ ဤသို့ဖြင့် ယခုအခါ မိုင်းဆတ်၊ မိုင်းတုံနယ်တွင် UWSA တပ်သာမက ဝလူမျိုး ၁ သိန်းခန့်ပါ ပြောင်းရွှေ့အခြေချသည်မှာ အနှစ် ၃၀ နီးပါး ရှိခဲ့ပြီဖြစ်ပြီး UWSA သည်လည်း ပိုမို ကြီးထွားတောင့်တင်းလာခဲ့၏။

သို့သော်လည်း စစ်တပ် မျှော်လင့်သကဲ့သို့ ရှမ်းတပ်များ ပြန်လည် ခြေမချနိုင်ခြင်းတော့ ဖြစ်မလာခဲ့ပေ။ စဝ်ယွက်ဆစ်၏ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်များသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ရှမ်းအရှေ့တွင် စစ်တပ်အား တိုက်ခိုက်ပြီး ပြန်လည် အခြေချခဲ့၏။ ထိုကာလတွင်လည်း စစ်တပ်သည် RCSS အား တိုက်ခိုက်ရန် UWSA ကို အကူအညီတောင်းခဲ့ပြန်သဖြင့် ၂၀၀၂ မှ ၂၀၀၅ ခုနှစ်အထိ UWSA တပ်များသည် RCSS ကို တိုက်ခိုက်ခဲ့၏။

ထိုသို့ တိုက်ခိုက်ပေးသည့် UWSA တပ်အား စစ်တပ်က လက်နက်ခဲယမ်း ထောက်ပံ့ပေးပြီး ဒဏ်ရာရလူနာများအား မိုင်းဆတ်မှ မင်္ဂလာဒုံသို့ လေယာဉ်ဖြင့်ပို့ပေးကာ စစ်ဆေးရုံတွင် ကုသပေးခဲ့၏။ ထို့ပြင် ၂၀၀၅ ခုနှစ်အထိ မူးယစ်ဆေးဝါး ရောင်းဝယ်ခွင့်ပြုထားသဖြင့် UWSA အနေဖြင့် အနှောက်အယှက်မရှိ ဝနယ်မှ မူးယစ်ဆေးဝါးကို ထိုင်းနယ်စပ်သို့ သယ်ယူရောင်းချခွင့်ရခဲ့သည်။

၂၀၀၅ ခုနှစ်တွင် RCSS ဌာနချုပ် လွယ်တိုင်းလျံကို တိုက်ခိုက်ရာတွင် အကျအဆုံးများသဖြင့် UWSA က RCSS အား တိုက်ခိုက်ခြင်းကို ရပ်တန့်ခဲ့သည်။ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း ၂၀၀၅ ခုနှစ်တွင် ပြုတ်သွားခဲ့၏။ ‌ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် UWSA ကြား ဆက်ဆံရေးကောင်းသော်လည်း ဒုတပ်ချုပ် မောင်အေးနှင့် UWSA ကြား ဆက်ဆံရေး မကောင်းပေ။

စစ်တပ်က လွယ်တိုင်းလျံအား ဆက်လက် တိုက်ခိုက်ခိုင်းသည်ကို မတိုက်ဘဲ ရပ်လိုက်သဖြင့် စစ်တပ်နှင့် UWSA ကြား တင်းမာမှုများ စတင်ခဲ့၏။ ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝနယ်မှ ရှမ်းအရှေ့သို့ မူးယစ်ဆေးဝါးသယ်လာသည့် UWSA ၏ စစ်မြေပြင် တပ်မဟာမှူး ပေါက်အိုက်ပန်းအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချခဲ့သဖြင့် UWSA နှင့် စစ်တပ်ကြား အဖုအထစ်များဖြစ်ခဲ့၏။

မည်သို့ပင်ဖြစ်စေ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း UWSA တပ်များအား ရှမ်းအရှေ့ ထိုင်းနယ်စပ်သို့ ဝင်ရောက်ခြေချခွင့်ပြုခြင်း၊ ဝလူမျိုး ၁ သိန်းခန့် ပြောင်းရွှေ့အခြေချခွင့်ပြုခြင်း၊ ၂၀၀၅ ခုနှစ်အထိ ဝနယ်မှ ဘိန်း၊ ဘိန်းဖြူများသယ်၍ ရောင်းချခွင့်ပြုခြင်းတို့သည် စစ်တပ်က သူ၏လိုဘအတွက် UWSA ကို တရားဝင် မကြေညာဘဲ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ ခွင့်ပြုပေးခြင်း၊ စစ်တပ်က သူ့လိုဘအတွက် UWSA အား အသုံးချရန် ကြိုးစားခြင်းကြောင့်လည်း UWSA သည် အကျပ်အတည်းမှ လွတ်ပြီး ကြီးထွားလာနိုင်ခြင်းဖြစ်၏။ သို့သော်လည်း ရှမ်းအရှေ့ကမူ စစ်တပ်ရော၊ ဝတပ်နှင့် ရှမ်းတပ်ပါရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့များစွာဖြင့် ရှုပ်ထွေးသော ဒေသတခုဖြစ်နေခဲ့သည်။

ဝဖြူ

ယခုအခါ UWSA တပ်များကို ဗကပ၊ တရုတ်နီ ခေါ် ပြည်မကြီးနှင့် နီးစပ်၍ ‘ဝနီ’ ဟု သုံးနှုန်းကြ၏။ မြောက်ဘက် ဝနယ်ရှိ ဝများသည် ဝနီများဟု ခေါ်ဆိုနိုင်သော်လည်း ထိုင်းနယ်စပ်သို့ အစောဆုံးရောက်လာကြသည့် ဝလက်နက်ကိုင်နှင့် ဝလူမျိုးများမှာ ဝနီများ မဟုတ်ပေ။ ‘ဝဖြူ’ များဖြစ်သည်ဟု ဆိုရပါမည်။

၁၉၇၀ ပြည့်နှစ် ဝနယ်သို့ ဗကပ တပ်များ စတင်ဝင်ရောက် တိုက်ခိုက်လာပြီးနောက် ကူမင်တန် တရုတ်ဖြူတပ်များသည် ထိုင်းနယ်စပ်သို့ ဆုတ်ခွာကြရ၏။ ထိုတရုတ်ဖြူတပ်များနှင့်အတူ ဝနယ်မှ စော်ဘွားနှင့် ဝ ကာကွယ်ရေးတပ်ဖွဲ့များလည်း လိုက်ပါ ထွက်ပြေးလာခဲ့ကြရ၏။

ထိုင်းနယ်စပ်သို့ ရောက်လာသည့် ဝ ကာကွယ်ရေးတပ်ဖွဲ့ လေးခုခန့်ရှိပြီး နောက်တွင် တဖွဲ့တည်းအဖြစ် ပူးပေါင်းခဲ့ကြ၏။ တရုတ်ဖြူနှင့် ပူးပေါင်း၍ ထိုင်းနယ်စပ်သို့ ရောက်လာသည့် ဝဖြူတပ်များသည် မြန်မာစစ်တပ်နှင့်လည်းကောင်း၊ ဗကပ နှင့်လည်းကောင်း တိုက်ခိုက်ခဲ့ကြပြီး ထိုင်းနယ်စပ်သို့ ဆုတ်ခွာလာခဲ့ကြသည်။

ထိုင်းနယ်စပ်သို့ ရောက်သောအခါ ထိုစဉ်ကာလက ထိုင်းအစိုးရနှင့် ထိုင်းစစ်တပ်၏ ကြားခံဇုန် အယူအဆအရ ရှင်သန်ခွင့်ရခဲ့ကြ၏။ ထို့ပြင် ဝဖြူတပ်များသည် ထိုင်းမြောက်ပိုင်းတွင် ပုန်ကန်ထကြွနေသော ထိုင်းကွန်မြူနစ်များကို တိုက်ခိုက်ရန် ထိုင်းအစိုးရနှင့် ထိုင်းစစ်တပ်မှ ကြေးစားအဖြစ် ငှားရမ်းခံရပြီး ထိုင်းကွန်မြူနစ်များအား တိုက်ခိုက်ပေးခဲ့သဖြင့် အဖိုးအခနှင့် အခွင့်အရေးများ ရခဲ့၏။

၁၉၈၉ ခုနှစ် ဝနယ်မှ ဝများက ဗကပအား ပုန်ကန်ပြီးနောက် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ထိုင်းနယ်စပ်ရှိ ဝလက်နက်ကိုင်များလည်း UWSA နှင့် ပူးပေါင်းခဲ့ကြ၏။ ခွန်ဆာ လက်နက်ချပြီးနောက် UWSA ၏ ၁၇၁ စစ်ဒေသအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ထိုင်းနယ်စပ်ရှိ ၁၇၁ စစ်ဒေသ၏တပ်များသည် UWSA ၏ အစိတ်အပိုင်းဖြစ်သော်လည်း UWSA ၁၇၁ တပ်ကို အဓိက ချုပ်ကိုင်ထားသည်မှာ ပန်ဆန်းမှ ဝနီ မဟုတ်ပေ။ ထိုင်းနယ်စပ်ရှိ UWSA ၁၇၁ တပ်အား ချုပ်ကိုင်ထားသည်မှာ မူလ ထိုင်းနယ်စပ်ရောက် ဝကာကွယ်ရေးတပ်ဖွဲ့ သို့မဟုတ် ဝဖြူမှ ဝေရှောက်ကမ်း ဖြစ်သည်။ ဝေရှောက်ကမ်းတွင် သီးခြား စီးပွားရေးလုပ်ငန်းများရှိသကဲ့သို့ မြန်မာစစ်တပ်နှင့် ပိုမိုနီးကပ်သည်ဟု ဆိုကြသည်။

သို့ဖြစ်ရာ UWSA မြောက်ပိုင်းအား ဝနီဟု ဆို၍ရနိုင်ပြီး ပေါက်ယူချမ်း၏ ဩဇာနှင့် ချုပ်ကိုင်မှုအောက်တွင် ရှိ၏။ ထိုင်းနယ်စပ်ရှိ ဝတပ်ဖွဲ့မှာ UWSA နှင့် ပူးပေါင်းထားသော်လည်း အခြေခံအားဖြင့် ဝဖြူကလာသည်ဟု ဆိုရမည်ဖြစ်ပြီး လက်ရှိလည်း ဝေရှောက်ကမ်း၏ ချုပ်ကိုင်မှုအောက်တွင် ရှိသည်။

UWSA နှင့် တရုတ်

၁၉၈၉ ခုနှစ် ဗကပမှ ဝများ ပုန်ကန်မှု စတင်သည့်ကာလက UWSA သည် တရုတ်ထံမှ အကူအညီ မရပေ။ ၂၀၀၀ ပြည့်နှစ် ဝနယ်မှ သတ္တုထုတ်လုပ်လာနိုင်သည့်နောက်ပိုင်း စီးပွားရေးအကျိုးစီးပွားအပေါ် အခြေပြုကာ တရုတ်က ဝကို အလေးထားဆက်ဆံလာပြီး ဆက်ဆံမှုကောင်းလာခြင်း ဖြစ်သည်။ ဝနယ်ရှိ စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လာသည်။

ထို့ပြင် မြန်မာစစ်တပ်က ဝနယ်သို့ ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါးနှင့်ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားဆီးပိတ်ပင်ထားသဖြင့် ဝနယ်နှင့် UWSA သည် တရုတ်နယ်စပ်ကုန်သွယ်ရေးကို ပို၍ မှီခိုလာရပြီး တရုတ်နှင့် ပိုနီးကပ်လာသည်။

တဖက်တွင်လည်း ယခုနောက်ပိုင်းတွင် တရုတ်က ၎င်းတို့၏ နိုင်ငံ‌ရေး၊ စီးပွားရေး ရည်ရွယ်ချက်များအတွက် အင်အားတောင့်တင်းလာသည့် UWSA ကို အသုံးချရန် ကြိုးစားလာသည်ကို တွေ့ရ၏။

သရဲမွေးခဲ့ကြသူများ

သို့ဖြစ်ရာ လက်ရှိ UWSA သည် နဝတနှင့် စစ်တပ်ကလည်းကောင်း၊ ထိုင်းအစိုးရနှင့် ထိုင်းစစ်တပ်ကလည်းကောင်း သူတို့အကျိုးစီးပွားအတွက် မွေးထားရင်း ကြီးထွားလာခြင်းဖြစ်သကဲ့သို့ ယခုနောက်ပိုင်း တရုတ်ကလည်း ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချရန် ကြိုးစားလာသဖြင့် ပို၍ကြီးထွားလာခြင်းဖြစ်သည်။

လတ်တလော မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က UWSA တပ်ဖွဲ့အား ပြစ်တင်ပြောဆိုသည့်သတင်း မီဒီယာတွင် ပေါ်ထွက်လာသည်မှာ မေလ ၂၇ ရက်နေ့ကဖြစ်ပြီး ၁၇၁ စစ်ဒေသတွင် စစ်သင်တန်းဆင်းပွဲနှင့် စစ်ရေးပြပွဲလုပ်သည်မှာလည်း မေလ ၂၇ ရက်နေ့တွင် ဖြစ်သည်ဟု သိရ၏။

အချို့ဆိုသကဲ့သို့ မစ္စတာ သက်ဆင်၏ ပြစ်တင်ပြောဆိုမှုအား UWSA က စစ်ရေးပြပြီး တုံ့ပြန်ခြင်း မဖြစ်နိုင်ပေ။ စစ်ရေးပြပွဲတခုသည် ရုတ်ချည်းစီစဉ်၍မရဘဲ ပြင်ဆင်မှုရှိရန် လိုအပ်သည်ဖြစ်ရာ ထိုသတင်းနှစ်ခုသည် တိုက်ဆိုင်မှုသာဖြစ်ပြီး UWSA တပ်တွင် စစ်သင်တန်းဆင်းခြင်းနှင့် စစ်ရေးပြပွဲများ ပုံမှန် ရှိနေသည်သာ ဖြစ်၏။

လက်ရှိ UWSA အခြေအနေနှင့် ပတ်သက်၍၊ မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်၍ ဖြေရှင်းမည်ဆိုပါက မှန်ကန်စွာ သုံးသပ်ကြရန် လိုအပ်ပေလိမ့်မည်။ ထို့ပြင် UWSA သည် မြန်မာ၊ ထိုင်း၊ တရုတ်အာဏာပိုင်တို့က ကိုယ်စီ အကျိုးစီးပွားအတွက် အသုံးချကြရင်း ကြီးထွားတောင့်တင်းလာခြင်းဖြစ်ပြီး တဖွဲ့ဖွဲ့၏ ဩဇာခံအဖြစ် သတ်မှတ်ရန် ခက်ခဲသည်။ အဆိုပါ အာဏာပိုင်အဖွဲ့အစည်းအသီးသီးက သူတို့၏ရည်မှန်းချက် ထမြောက်အောင် UWSA အား အသုံးချခဲ့ကြသကဲ့သို့ UWSA ကလည်း ဤအသုံးချမှုများကြားမှ သူအဖွဲ့အစည်း ရှင်သန်အောင် ရပ်တည်ပြီး ကြီးထွားလာခြင်းဖြစ်၏။

UWSA နှင့်ပတ်သက်၍ လက်တွေ့အခြေအနေနှင့် ကင်းကွာသည့် စွပ်စွဲချက်များက ပြဿနာဖြေရှင်းရာတွင် မှန်မှန်ကန်ကန် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ သရဲမွေးရင်း ကြီးထွားလာသည့် အခြေအနေမှန်ကိုလည်းကောင်း၊ သရဲမွေးခဲ့ကြသူများကိုလည်းကောင်း ဦးစွာသတိပြုကြရန် လိုအပ်ပေလိမ့်မည်။

✍ကိုဦး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *