မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် စစ်ကိုင်းတိုင်းဒေသတွင် နေထိုင်သော မနှင်းဆီတို့မိသားစုမှာ မိရိုးဖလာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသော မိသားစုတစ်စုဖြစ်သည်။

ပူပြင်းသောဒေသဖြစ်သည့်အလျောက် နေမမြင့်ခင် လယ်ယာလုပ်ငန်းခွင်သို့ ဆင်း၍အလုပ်လုပ်ကြရသည်။

၂၀၂၁ စစ်အာဏာသိမ်းသည့်နှစ်၊ ဒီဇင်ဘာလ၏ နံနံခင်းတစ်ခုတွင် လယ်သမားဖြစ်သော ခင်ပွန်းဖြစ်သူ လယ်ထဲမဆင်းမီ နံနက်စာအတွက် ထမင်းကြော်ကို မနှင်းဆီ ပြင်ဆင် ပေးခဲ့သေးသည်။ ခင်ပွန်းက လယ်ထဲဆင်းသွားပြီး မကြာမီပင် ရွာအပြင်ဘက်မှ ပေါက်ကွဲသံများကြောင့် အိမ်ကို ကတိုက်ကရိုက် ပြန်ပြေးလာကာ သူတို့သားအမိကို ရွာနှင့်ခပ်ဝေးဝေးဆီသို့သွား၍ စစ်ရှောင်ရန်မှာသည်။

ခင်ပွန်းဖြစ်သူ ကိုနိုင် (အမည်လွှဲ) က အဝတ်အစားလဲကာ ဒုန်းတောရွာထိပ်ဆီ သုတ်ခြေတင်ထွက်သွား သည်။

ဆူညံသော အသံများကြောင့် သူတို့၏ အသက် လေးနှစ် မပြည့်သေးသော သားငယ်လေး ထိတ်လန့်နိုင်သဖြင့် နားထဲဂွမ်းဆို့ပေးထားရန် မနှင်းဆီကို မမေ့မလျော့ ဖုန်းဆက်သေးသည်။ သိပ်မကြာမီ ရွာထိပ်ဆီက သေနတ်သံများ တရစပ်ထွက်လာသောကြောင့် ထိတ်လန့်သွားပြီး ခင်ပွန်း ဖြစ်သူဆီ ဖုန်းခေါ်သော်လည်း မကိုင်ပေ။

ထိုအဖြစ်အပျက်များသည် တစ်နာရီခန့်သာကြာပေမည်။ မီးခိုးလုံးများ တက်လာရာ ရွာအရှေ့မြောက်ဖျား ထန်းတောဆီ မနှင်းဆီ အပြေးရောက်လာချိန်တွင် မီးခိုးတငွေ့ငွေ့ထွက်နေသည့် လူသေရုပ်အလောင်းအပုံ လိုက်ကို တွေ့လိုက်ရသည်။

ထိုအလောင်းပုံထဲ ဖုန်းခေါ်မရသော ခင်ပွန်း မပါဝင်ရန် မနှင်းဆီ တွေးခဲ့သော်လည်း သူတို့သားအမိ၏ ဆုတောင်းများ မပြည့်ခဲ့ပေ။

မီးမကျွမ်းသေးဘဲ ကျန်နေသည့် အင်္ကျီလက်အပိုင်းအစလေး တစ်ခုအားကြည့်ပြီး အလောင်းပုံထဲရှိ တစ်ဦးသည် မကြာသေးခင်ကမှ ရွာထိပ် ခဏထွက်သွားသော ခင်ပွန်းဖြစ်သူ ကိုနိုင် ဆိုသည်ကို အတည်ပြုနိုင်ခဲ့သည်။

ကံဆိုးရှာသူ မနှင်းဆီ၏ သောကမှာ ထိုမျှမကဘဲ အဖော်အပေါင်းနှင့်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ ရက်က ဖြစ်ပွားခဲ့သည့် ဒုန်းတောကျေးရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ ခံရသည့် အဆိုပါဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူနှင့်အတူ မောင်ဝမ်းကွဲ ၁၀ ဦးကို မနှင်းဆီ ဆုံးရှုံးလိုက်ရသည်။

“အစ်မအမျိုးသားရယ်…မောင်လေးတွေရယ်ဆိုတာ မကွဲတော့ဘူး။ သူတို့ဘေးနားမှာကလည်း သွေးကွက် တွေ….ဦးနှောက်တွေ ထွက်ကျနေတာ” ဟု မှတ်ဥာဏ်ထဲ စွဲထင်နေသည့် ထိုနေ့က သွေးပျက်စရာမြင်ကွင်း ကို မနှင်းဆီက ပြောပြသည်။

အခင်းမဖြစ်မီ ရွာအနီးဖြတ်သန်းသွားသော စစ်ကောင်စီယာဉ်တန်းအား ချုံခိုတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် စစ်ကောင်စီစစ်သားအင်အား ၁၀၀ ခန့်က ရွာအားစီးနင်းစဥ် တဲတစ်ခုအတွင်း တိမ်းရှောင်နေသော ရွာသား စုစုပေါင်း ၁၁ ဦးအား ရိုက်နှက်၍ အရှင်လတ်လတ် တဲထဲတွင် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များ ထွက်ခွာသွားချိန် အခင်းဖြစ်ရာ နေရာကို ရွာသားများ သွားကြည့်သည့်အခါ မီးကျွမ်းနေသော ရုပ်အလောင်းများ တွေ့ရှိရပြီး၊ အချို့သော ရုပ်အလောင်းများမှာ ကုန်းကွနေသည့်အနေအထားဖြင့်ပင် ရှိသေးသည်ကို တွေ့ရှိရသည်။

၂၀၂၁ ဒီဇင်ဘာတွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာ၌ စစ်တပ်က ရွာသားများကို မီးရှို့သတ်ဖြတ်သွားခဲ့သည်။ (ဓာတ်ပုံ − ပေးပို့)

ဒုန်းတောရွာ၏ ကြေကွဲစရာဖြစ်ရပ်သည် အာဏာသိမ်းပြီးမှ စတင်ခဲ့သည်မဟုတ်ပေ။ အာဏာမသိမ်းမီကပင် အာဏာရှိသူများနှင့် အာဏာမရှိသူများ၏ အပြင်းအထန် လွန်ဆွဲပွဲများဖြစ်ပွားခဲ့ရာ ဒေသဖြစ်ခဲ့သည်။

အကြောင်းမှာ ရွာ၏ အနောက်ဖက်၌ နှစ်စဥ် ကြေးနီတန်ချိန် သိန်းနှင့်ချီထွက်သည့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ကြေးနီစီမံကိန်းကြီးရှိနေသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် ဖြစ်ပေါ်လာသော လက်နက်ကိုင်ပုန်ကန်မှု၏ ဗဟိုချက်ဖြစ်လာခဲ့သည့် အကြောင်းများတွင် ဤကြေးနီစီမံကိန်းများကလည်း အကြောင်းအရင်းတစ်ခုဖြစ်သည်။

ရွာအနီးရှိ ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Norinco ခေါ် China North Industries Group Corp ကုမ္ပဏီ၏ လက်အောက်ခံ ဝမ်ပေါင် ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့ အကျိုးတူပေါင်းပြီး ကြေးနီသတ္တုတူးဖော်ရေး လုပ်ဆောင်နေသည့် စီမံကိန်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကြေီးနီစံမံကိန်းများ တည်နေရာပြမြေပုံ

ထိုကြေးနီစီမံကိန်းများ အကောင်အထည်ဖော်ရန် အာဏာပိုင်များက ဒေသခံများ၏ လယ်မြေများကို သိမ်းဆည်းကာ ရွာများကိုလည်း အဓမ္မပြောင်းရွှေ့စေခဲ့ခြင်းနှင့် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလည်း ဖြစပေါ်လာခဲ့သည့်အတွက် ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သည်။

၂၀၁၃ ခုနှစ်က လက်ပံတောင်းတောင် ဒေသခံများ စီမံကိန်းအား ဆန့်ကျင်ဆန္ဒပြနေကြပုံ (AFP)

၂၀၁၂ ကြေးနီစီမံကိန်း ဆန္ဒပြသူများအား စစ်တပ်က နှိမ်နှင်းမှုကြောင့် မီးလောင်ဒဏ်ရာရခဲ့သည့် သံဃာတော်တပါး

အဏာသိမ်းပြီးနောက် စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရားမလည်ပတ်နိုင်စေရန် ရည်ရွယ်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆိုသည့် လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာရာ နိုင်ငံအနှံ့ထောင်သောင်းချီသည့် ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်မှု ရပ်တန့်ခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် တရုတ်နှင့် မြန်မာစစ်တပ်တို့ အကျိူးတူလုပ်ကိုင်နေသည့် လက်ပံတောင်းတောင်နှင့် ကြေးစင်တောင်စီမံကိန်းနှစ်ခုတွင် လုပ်ကိုင်နေသူ ဒေသခံဝန်ထမ်းနှစ်ထောင်ခန့်အနက် ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော်အထိ ပူးပေါင်း ပါဝင်ခဲ့မှုကြောင့် ကြေးနီစီမံကိန်းများလုံးဝနီးပါး ရပ်တန့်သွားခဲ့သည်။

ထိုသို့ရပ်တန့်သွားသည့် စီမံကိန်းများပြန်စနိုင်ရေးအတွက် စစ်ကောင်စီတပ်က ၂၀၂၂၊ ဇွန်လဆန်းမှ စတင်ကာ အနီးအနားရှီ ကျေးရွာများတွင် တော်လှန်ရေးတပ်များ မခိုအောင်းနိုင်ရန် စစ်ဆင်ရေးများ ပြုလုပ်ခဲ့စဥ်အတွင်း ဒုန်းတောရွာ အစုလိုက်အပြုံလိုက်လူသတ်မှု ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ရသည်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်သလို စစ်တပ်က အနီးနားကျေးရွာ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုနေရာများသည် စစ်ကိုင်းတိုင်းရှိ စစ်တပ်၏ အဓိကကျသော စစ်ဌာနချုပ်တစ်ခုဖြစ်သည့် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့်လည်း ချင်းတွင်းမြစ်သာခြားထားသည်။
မြစ်တစ်ဖက်ကမ်းတွင် မီးရှို့မှုများ ဖြစ်နေစဥ် မီးခိုးများ တစ်ဖက်ကမ်း မုံရွာမြိုပေါ်မှပင်လှမ်းမြင်နေရသည်ဟု မုံရွာမြို့ခံအချို့က ပြောကြသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်သည် ကြေးနီစီမံကိန်း ကန့်ကွက်မှုများအား နှိမ်နှင်းမှုတွင် ဝင်ရောက် ပါဝင်ခဲ့သကဲ့သို့ စစ်အာဏာရှင်စနစ် လက်နက်ကိုင်တော်လှန်ရေးအား နှိမ်နင်းမှုတွင်လည်း စစ်တပ်အတွက် အခရာကျနေသည်။

၂၀၂၁၊ ဖေဖော်ဝါရီလ၊ ၁၁ ရက်နေ့တွင် လက်ပံတောင်း ကြေးနီစီမံကိန်းမှ ဝမ်ပေါင်ကုမ္ပဏီ အလုပ်သမား များ မုံရွာလူထုသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ- ပေးပို့)

ငွေလည်းရစေ၊ လက်နက်လည်းရစေ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို လိုလားပြီး မြန်မာပြည်၏ ပြည်တွင်းရေးကို မစွက်ဖက်ကြောင်း တရားဝင်မူဝါဒရှိသော်လည်း ထိုအချက်မှာ လိမ်လည်မှုသာဖြစ်သည်ကို စစ်ကိုင်းတိုင်းရှိ ကြေးနီစီမံကိန်းများက သက်သေခံနေသည်။

ထိုစီမံကိန်းများအနက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဧက ၇,၈၀၀ ကျော် ကျယ်ဝန်းပြီး တစ်နှစ်လျှင် ကြေးနီတန်ချိန် တစ်သိန်း ထုတ်လုပ်ရန် လျာထားကာ ဧက ၆,၀၀၀ ကျော် ကျယ်ဝန်းသည့် ကြေးစင်တောင်နှင့် စံပယ်တောင် လုပ်ကွက် မှ တစ်နှစ်လျှင် တန်ချိန် ၃၉,၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် စီမံကိန်းများဖြစ်သည်။

လက်ပံတောင်းကြေးနီစီမံကိန်းအတွင်း ပြင်ဆင်မှုများ လုပ်ဆောင်နေစဉ်။ (ဓာတ်ပုံ – ဝမ်ပေါင် ကုမ္ပဏီ)

၂၀၁၀ မှစ၍ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)နှင့် တရုတ်အစိုးရပိုင် Norinco ၏ လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ကြသည်။

ထိုစီမံကိန်းများကို အဓိက ဦးစီးသည့် ဝမ်ပေါင်ကုမ္ပဏီမှာ တရုတ်အစိုးရပိုင် လက်နက်ခဲယမ်း ထုတ်လုပ်သည့် နိုရင်ကို (NORINCO) လုပ်ငန်းစု၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။

ဩစတြေးလျ အခြေစိုက် Publish What You Pay အဖွဲ့က ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံအစာအရ စစ်ကောင်စီနှင့် မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်တို့သည် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်း သုံးခုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းရရှိသည်။

အစီရင်ခံစာပါအချက်အလက်အရ ပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဝင်ငွေအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၁၈၇ သန်း ရရှိခဲ့ကာ၊ တကောင်းတောင် နီကယ်စီမံကိန်းမှ ၁၂၁ သန်း ဝင်ငွေ ရရှိခဲ့သည်။

ထိုစီမံကိန်းများတွင် ပါဝင်နေသည့် NORINCO ကုမ္ပဏီသည် မြန်မာစစ်တပ်ကို ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက စစ်လက်နက် ရောင်းချမှုများရှိပြီး အာဏာသိမ်းပြီးနောက်တွင်လည်း ဆက်လက်ရောင်းချနေကြောင်း အထောက်အထားများ မကြာသေးခင်က ထပ်မံပေါ်ထွက်လာသည်။

ပြီးခဲ့သည့် ဇူလိုင်လက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY- PDF က စစ်ကောင်စီ တပ်စခန်းတစ်ခုမှ ရရှိခဲ့သည် ခဲယမ်းလက်နက်များတွင် တရုတ်နိုင်ငံ NORINCO ကုမ္ပဏီစာတန်းပါ လက်နက်များ ပါဝင်နေသည်။

ထိုလက်နက်များအနက် နိုရင်ကို ကုမ္ပဏီထုတ် GBP 128 အမျိုးအစား မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်များ ပါဝင်သည်။ ထိုစက်များကို တိုက်ပွဲအတွင်း မိုင်းကွင်းအား ဖြတ်ကြောင်းတစ်ခု ဖန်တီးရာတွင် အသုံးပြုပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးနှင့် ၂၀၁၇ စာချုပ်အရ ရောင်းချခဲ့ခြင်းဖြစ်နိုင်ကြောင်း Justice for Myanmar အဖွဲ့က ဆိုသည်။

ကြေးနီစီမံကိန်းများမှရသည့် ငွေများသည် အာဏာသိမ်းစစ်တပ်ကို သက်ဆိုးရှည်စေသည့် ထိုစီမံကိန်းများအား လည်ပတ်ခြင်းမပြုရန် ဒေသခံတို့က တောင်းဆိုနေကြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းရှိ ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို ၂၀၁၂ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)

ထို့ကြောင့် ဒေသခံဝန်ထမ်းများက အာဏာသိမ်းပြီးနောက် စီမံကိန်းလုပ်ငန်းခွင်သို့မဝင်ဘဲ သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် ကြေးနီထုတ်လုပ်ရေးယန္တရားလည်း ရပ်တန့်သွားသည်။

ကြေးနီစီမံကိန်းများ စစ်အခြေစိုက်စခန်းများဖြစ်လာ

၂၀၂၂၊ ဧပြီလတွင်မူ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၏ တရုတ်ခရီးစဉ်အတွင်း ကြေးနီစီမံကိန်းအပါအဝင် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် ဆောင်ရွက်သွားရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။

ထိုသဘောတူညီချက်ထွက်ပေါ်လာပြီးနောက် စီမံကိန်းဧရိယာဖြစ်သည့် ဒေသခံ တော်လှန်ရေးအင်အားစုများက စီမံကိန်းပြန်လည် စတင်ပါက တိုက်ခိုက်မည်ဟု သတိပေးစာ ထုတ်လိုက်သည်။

ထိုသို့ သတိပေးခံရပြီးနောက် မေလဆန်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီက စစ်တပ်အာဏာသိမ်းချိန်မှစ၍ လုပ်ငန်းများ ရပ်ဆိုင်းထားပြီး “လက်ရှိပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်လိုခြင်းမရှိဟု” တုံ့ပြန်စာထုတ်ခဲ့သလို ခြိမ်း ခြောက်ခံရသည်ဟု ဆိုသည်။

သို့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို စီမံကိန်းဝင်းအတွင်း တပ်စွဲခွင့် ပြုပြီး၊ ထိုတပ်ဖွဲ့ဝင်များက အနီးရှိကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ကြသည်။

လက်ရှိတွင် စီမံကိန်းအတွင်း အဆောက်အဦ အသစ်များ တိုးချဲ့ဆောက်လုပ်ပြီး စစ်အခြေစိုက်စခန်းသဖွယ် အသုံးပြုခွင့် ပေးထားကြောင်း ဒေသခံများက ထောက်ပြသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရိက္ခာထောက်ပံ့ပြီး သွားလာရေးအတွက် ကုမ္ပဏီပိုင်ယာဉ်များဖြင့်ပင် ပို့ဆောင်သည်ဟု ဒေသခံတို့က ဆိုသည်။

“စစ်တပ်နဲ့ လိုလိုလားလား ပူးပေါင်းတဲ့ပုံစံတွေ တွေ့လာရတာပေါ့။ အဓိကကတော့ ရေရှည်မှာတော့ သူတို့ စီမံကိန်း အလုပ်ဖြစ်ဖို့ကိစ္စက စစ်တပ်နဲ့ပေါင်းတာ ကောင်းတယ်။ အဆင်ပြေနိုင်တယ်ဆိုတာမျိုး သူတို့ ဘက်က ဆုံးဖြတ်ချက် ချလိုက်တယ်လို့ထင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက ဆိုသည်။

ပြီးခဲ့သည့်၂၀၂၃ နှစ်က ပြုလုပ်ခဲ့သည့် လက်ပံတောင်းဒေသခံများ၏ သတင်းစာရှင်းလင်းပွဲတွင် ကြေးနီ စီမံကိန်းအတွင်း စွန့်ပစ်မြေစာပုံများနှင့် တောင်ကုန်းများတွင် မျှော်စင်အပါအဝင် အဆောက်အဦသစ်များ တိုးချဲ့ဆောက်လုပ်ခဲ့ပြီး ကုမ္ပဏီဝင်းကို စစ်တပ်အခြေစိုက်စခန်းသဖွယ် အသုံးချနေကြောင်း ဓာတ်ပုံ အထောက်အထားများ ထုတ်ဖော်ပြသခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီမံကိန်းတွင် အင်အားဖြည့်တင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် အနီးအနားကျေးရွာများသို့ ထွက်ပြီး မကြာခဏ စစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်မှုများ၊ မီးရှို့ ဖျက်ဆီးမှုများ ကြောင့် စီမံကိန်းအနီးကျေးရွာများမှ အရပ်သား၂၀ ကျော် သေဆုံးခဲ့ရပြီး ကျေးရွာပေါင်း တစ်ဒါဇင်နီးပါးမှ အိမ်ခြေ တစ်ထောင်ကျော် ပြာကျခဲ့ရသည်။

၂၀၂၃၊ ဇွန်လ၊ ၁၂ ရက်နေ့က မြစ်တစ်ဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်း အနီး နေအိမ်များ မီးရှို့ခံရပြီးနောက် တွေ့ရသည့် မြင်ကွင်း။ (ဓာတ်ပုံ – အောင်ခန့်ဇော်)

လေးနှစ်ကျော်အတွင်း စစ်ကြောင်းထိုးသဖြင့် မနှင်းဆီတို့ အပါအဝင် စီမံကိန်းအနီးဝန်းကျင်ရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းရသည့် အကြိမ်အရေအတွက်မှာ မမှတ်မိနိုင်တော့သည်အထိ များပြား နေပြီဖြစ်သည်။ ဒေသခံများမှာ စစ်ကြောင်းသတင်းကို အမြဲနားစွင့်နေရသည်။

အရေးပေါ်အထုပ်အပိုးများကို အသင့်ပြင်ထားကြရသည်။ စစ်ကြောင်း ထွက်လာပြီဟု သတင်းကြားသည် နှင့် အရေးပေါ်ပြင်ထားသည့် အထုပ်ကိုဆွဲကာ ညနက်သန်းခေါင် ၊ မိုးသည်းလေထန် ကြားမှာပင် အသက် ဘေးလွတ်ရာကို ပြေးလွှားရှောင်တိမ်းကြရသည်။

အကြိမ်ကြိမ် စစ်ဘေးရှောင်ခဲ့ရပြီး အိုးအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသခံများက စီမံကိန်းပြန်လည် လည်ပတ် မည်ကို စိုးရိမ်ထိတ်လန့်နေသည်။

တရုတ်အနေဖြင့် လူထုဆန္ဒကို မျက်ကွယ်ပြုပြီး စီမံကိန်း ပြန်လည် လည်ပတ်လျှင် ဖြောင့်ဖြူး တည်ငြိမ်စွာ လည်ပတ်နိုင်မည့် အခြေအနေမရှိကြောင်း ၊ တရုတ်အနေဖြင့် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ရေရှည်မြော်မြင်မှုနှင့် ချဉ်းကပ်သင့်ကြောင်း ဒေသခံ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက အကြံပြုသည်။

“အကြမ်းဖက်စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေမယ်၊ ပူးပေါင်းဆောင်ရွက်နေမယ် ဆိုရင်တော့ ဒေသတွင်းမှာ ရှိတဲ့ သူ့ရဲ့အကျိုးစီးပွားတွေလည်း တည်ငြိမ်မှု ရှိလာမှာ မဟုတ်ပါဘူး”ဟု ၎င်းက မှတ်ချက်ပြု သည်။

၂၀၁၄၊ ဒီဇင်ဘာက မိုးကြိုးပြင်ရွာအနီး ဆန္ဒပြမှုတွင် ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် သေဆုံးခဲ့သော ဒေါ်ခင်ဝင်း (၅၆ နှစ်) ၏ ဈာပန။ (ဓာတ်ပုံ-EPA)

ကြားဖြတ်တိုက်ခိုက်

ကြေးနီစီမံကိန်း ရပ်တန့်နေရသည့် ကာလများတွင်ပင် စက်ရုံမှ ယခင်ထုတ်လုပ်ပြီး ကြေးနီပြားများကို သယ်ယူမှုများ လုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးကာ ပုသိမ် – မုံရွာ လမ်းမှ တဆင့် ချင်းတွင်းတံတားကို ဖြတ်ပြီး မုံရွာ – မန္တလေး လမ်းမှတဆင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် စက်ရုံလည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်း သယ်ယူပို့ဆောင်မှုများလည်း ယခုနှစ်ဆန်းပိုင်း ကစပြီး လုပ်ဆောင်လာသည်။ ဆယ့်နှစ်ဘီးတွဲကားများဖြင့် တင်လာသည့် ယာဉ်တန်းများကို ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် တော်လှန်ရေး အင်အားစုများက မိုင်းဆွဲတိုက်ခိုက်မှု အားပြုပြီး ကြားဖြတ်တိုက် ခိုက်ခဲ့ကြသည်။

“ အဓိက မိုင်းက သူတို့အတွက် စိတ်ခြောက်ခြားစရာကိုး။ အဲ့ဒီတော့ ကျွန်တော်တို့က မိုင်းနဲ့ပဲ ကားတစ်စီးလုံး ပျက်စီးမသွားတောင်မှ မိုင်းနဲ့ ဒီလမ်းကြောကို စိုးရိမ်စိတ်တွေနဲ့သွားနေရအောင် တတ်နိုင်သလောက် လုပ်ရတာပေါ့။ ကားပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ၊ ကျွန်တော်တို့အနေနဲ့တော့ လုပ်နိုင်သလောက်၊ လုပ်ရသလောက်တော့ လုပ်ရမှာပေါ့”ဟု ကြေးနီသယ်ယာဉ်တန်းများကို တိုက်ခိုက်လေ့ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

သို့သော် ပြီးခဲ့သည့်နှစ်ပိုင်းကစပြီး လမ်းတလျှောက်တွင် လုံခြုံရေးများ ခပ်စိပ်စိပ်ချထား လာသည့်အခါ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် တိုက်ခိုက်နိုင်သည့်အခွင့်အလမ်း နည်းပါးသွားခဲ့သည့်တိုင် ကြားဖြတ် ချုံခို တိုက်ခိုက်မှုများ ဆက်လုပ်နေဆဲဖြစ်သည်။

ယခုနှစ်၊ ဖေဖော်ဝါရီလက ကြေးနီထုတ်လုပ်ရေး ကုန်ကြမ်းများတင်လာသည့် ယာဉ်တန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ များက ဖြတ်တောက်တိုက်ခိုက်ရာ ယာဉ် ငါးစီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

ကုန်းကြောင်းတွင် မကြာခဏ တိုက်ခိုက်ခံနေရချိန်တွင် ကြေးနီသယ်ယူပို့ဆောင်ရေးအတွက် ရေကြောင်းမှတဆင့် သယ်ဆောင်ရန် ကြိုးပမ်းလာသည်။ ယခုနှစ် ၊ ဇွန်လကုန်တွင် ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများဖြင့် လုံခြုံရေးယူကာ တက်လာသည့် ရေယာဉ်အုပ်စုသည် တစ်ဖက်ကမ်း မုံရွာမြို့ဘက်ခြမ်းတွင် ဆိုက်ကပ်ကာ ကြေးနီများကို သယ်ဆောင်နေသည်ဟု စစ်တပ်၏ ရေကြောင်းသွားလာလှုပ်ရှားမှုကို စောင့်ကြည့်နေသည့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ သိရသည်။

စစ်ရေယာဉ်အုပ်စုများ တက်လာသည်နှင့် ကမ်းအနီးဝန်းကျင်ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ရာ ဒေသခံများ စစ်ဘေးရှောင်ရသလို ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်။

၂၀၁၄၊ ဒီဇင်ဘာလ အတွင်းက ကြေးနီစီမံကိန်းအနီး ဖြတ်သန်းသွားသည့် ဒေသခံတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

ပြန်လည်အသက်ဝင်စပြုလာသည့် စီမံကိန်း

အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှာပင် လုပ်ငန်းများ ရပ်တန့်ထားလိုက်ရပြီးနောက် ဝင်ငွေ ဒေါ်လာ သန်းနှင့်ချီ နစ်နာနေသည့် ကြေးနီစီမံကိန်း ပြန်လည်ပတ်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၄၊ နှစ်လယ်က စပြီး သိသိသာသာ ကြိုးပမ်းမှုများ လုပ်လာသည်။

မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးအတွက် တရုတ်က တောင်းဆိုထားပြီး အစွမ်းကုန် ကာကွယ်ပေးသွားမည်ဟု စစ်ခေါင်းဆောင်ကလည်း ကတိပြုထားသည်။

ကြေးနီထုတ်လုပ်ရေးလုပ်ငန်းများ ကာလရှည်ကြာ ရပ်ဆိုင်းထားရသည့်အတွက် သံချေးတက် ပျက်စီးနေသည့် စက်ယန္တရားများ၊ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း မြန်မာ ဝမ်ပေါင်ကုမ္ပဏီက ပြီးခဲ့သည့်နှစ်၊ မတ်လဆန်းပိုင်းက စတင်ကာ လူမှုကွန်ရက် စာမျက်နှှာမှတဆင့် ထုတ်ပြန်ခဲ့သည်။ စီမံကိန်း ပြန်လည် လည်ပတ်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် လှုပ်ရှားလာသည်။

ဝန်ထမ်းအများစု လုပ်ငန်းခွင် မဝင်နိုင်သဖြင့် ကာလရှည် ရပ်တန့်ထားရသည့်အတွက် အခြားဒေသမှ အလုပ်သမားများကို ခေါ်ယူဖြည့်တင်းသည့်နည်းဖြင့် ဖြေရှင်းရန် ဆောင်ရွက်ခဲ့သလို တစ်ဖက်တွင်လည်း CDM ဝင်ထားသည့် ဝန်ထမ်းများကို ပြန်လည်စည်းရုံးသည့်နည်းဖြင့် စက်ရုံ ပြန်လည်ပတ်ရန် ကြိုးပမ်းခဲ့သည်။

စက်ရုံလုပ်ငန်းခွင်ကို ကျောခိုင်းပြီးနောက် စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထရုန်းကန်ကြရသည်။ လယ်ယာကိုင်းကျွန်းရှိသူက လယ်ထဲယာထဲဆင်းသည်။ ရရာအလုပ်ကို ဘောက်လုပ်ကြသည်။ အချို့ ကလည်း ရွှေမျှောဖောင်များဆီ သွားရောက်လုပ်ကိုင်ကြသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု အပါအဝင် အထွေထွေအကျပ်တည်းများကြား စားဝတ်နေရေး မပြေလည်မှုကို တတ်နိုင်သမျှ တောင့်ခံနေကြဆဲသူများရှိသလို အချို့ကလည်း လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် ရွေးချယ်လာကြသည်။

ယမန်နှစ် နှစ်လယ်ပိုင်းက လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်သွားသည့် ဝန်ထမ်းအရေအတွက်မှာ တစထက်တစ မြင့်တက်လာကာ ယခုနှစ် နှစ်လယ်တွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာသည်ဟု ဒေသခံများနှင့် ဆက်လက်၍ သပိတ်မှောက်နေသည့် ကြေးနီစီမံကိန်း ဝန်ထမ်းများက ဆိုသည်။

၂၀၂၄၊ နှစ်ကုန်ပိုင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ဒေသခံများ ကန့်ကွက်ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ-ပေးပို့)

ကြေးနီလုပ်ငန်းခွင်တွင် ကျန်ရှိနေသည့် ဝန်ထမ်းများနှင့် ယမန်နှစ်ကစပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် သူများပေါင်းပါက ထက်ဝက်ကျော်မှာ လုပ်ငန်းခွင်အတွင်း ရောက်ရှိပြီး ဌာနအများစု လည်ပတ်နေပြီဖြစ်သည်။

စစ်တပ် သက်ဆိုးရှည်စေ‌ရေး ဝင်ငွေရပေါက်ဖြစ်နေသည့် ကြေးနီစီမံကိန်း ပြန်လည်ပတ်မည့် အရေးနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နှုတ်ဆိတ်နေသကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ထောက်ပြသည်။ မြန်မာနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေးအပေါ် အလွန်သြဇာကြီးသည့် တရုတ်ကို NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လူသိရှင်ကြားမဝေဖန်ရဲကြပေ။

“စက်ရုံလည်ပတ်သွားရင် အကျိုးဆက်ကတော့ စစ်ကောင်စီက အကျိုးအမြတ် ရသွားမှာ။ စစ်တပ် ဝင်ငွေ များများရလေ စစ်လက်နက်ရိက္ခာဖြည့်တင်းနိုင်လေ ပြည်သူတွေ သေလေပေါ့”

“ ဘယ်လိုနည်းနဲ့နေနေ ဒီအလုပ်ကိုတော့ ပြန်မဝင်ဘူး။ တခြားသူတွေ အလုပ်ပြန် ဝင်သွားတဲ့အတွက် တော့ စိတ်မကောင်းဖြစ်ရတယ်။ အားအင်တွေလည်း ယုတ်လျော့တယ်။ တစ်ကိုယ်ရည်စာ လုပ်နိုင်သလောက်တော့ ဆက်တောင့်ခံသွားမယ်”ဟု ဒေသခံ အမျိုးသား ကိုမြင့်က ဆိုသည်။

သူသည် ကြေးနီစီမံကိန်းအား သပိတ်မှောက်ထားသည့် ဝန်ထမ်းတစ်ဦးလည်းဖြစ်ပြိး စစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်နေသူတစ်ဦးလည်းဖြစ်သည်။

ကုန်းကြောင်းအစား ရေကြောင်းကို ပိုမိုအားပြုလာသည့် စစ်တပ်။ (ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်) / AKZ (Salingyi)

ကိုမြင့်နေထိုင်သည့် စစ်ကိုင်းတိုင်းအား ဗဟိုပြု၍ စခဲ့သော အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်ပုန်ကန်မှုသည် တစ်နှစ်တစ်ခြား ပိုမိုအားကောင်းလာခဲ့ပြီး၊ ၂၀၂၃ နှင့် ၂၀၂၄ တို့တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံးသော မန္တလေးမြို့နှင့် မဝေးသည့် မြို့များကိုပင် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့သည်။

ထိုအချိန်တွင် တရုတ်နိုင်ငံက တရုတ်- မြန်မာနယ်စပ်တွင် အခြေပြုလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်များကို ဖိအားပေးပြီး စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ရေးနှင့် မြေပြန့်ရှိ ပုန်ကန်သူများအား လက်နက်မပေးရေး ဖိအားပေးလာခဲ့သည်။

ထိုအချက်ကို အခွင့်ကောင်းယူ၍ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ကောင်စီသည် တန်ပြန်ထိုးစစ်များထိုးပြီး ဆုံးရှုံးသွားခဲ့သည့် မြို့များကိုသိမ်းယူနေရာ ယခုအချိန်တွင် ရွှေတွင်းများရှိသည့် သပိတ်ကျင်းမြို့နှင့် တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းပေါ်ရှိ နောင်ချိုမြို့တို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *