လာမယ့်ရွေးကောက်ပွဲပြီးရင် တပ်က နိုင်ငံရေးအတွက်မပါဘဲ နိုင်ငံတော်ကာကွယ်ရေးကိုပဲ တာဝန်ထမ်းဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကို အသိပေးပါတယ်။

ဒါက ၁၉၉၀ ရွေးကောက်ပွဲပြီးရင် “တပ်က စစ်တန်းလျားပြန်မယ်” လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ လူသိများတဲ့ စကားကို ပြန်လည်အမှတ်ရစေပါတယ်။

ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၂၅ ရွေးကောက်ပွဲအလွန်အခင်းအကျင်းတွေက မတူတော့သလို နိုင်ငံရေးမှာ တပ်ကရှိနေမယ့် နေရာချင်းလည်း မတူတော့ပါဘူး။

စစ်ခေါင်းဆောင်က သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲက အတိုင်းပဲ တပ်ကို အထိုင်ပြန်ချမှာပါ။

ရွေးကောက်ပွဲအလွန် တပ်ရဲ့နေရာ

“တပ်ရဲ့ တာဝန်က နိုင်ငံတော် ကာကွယ်ရေးပဲ ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ရွေးကောက်ပွဲအလွန်မှာ တပ်က ဘယ်လိုအခန်းကဏ္ဍမှာရှိနေမလဲဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာခဲ့တဲ့ သြဂုတ် ၁၈ မှာ အသိပေးခဲ့တာဖြစ်ပါတယ်။

သူက အချက် ၄ ချက် ပြောခဲ့ပြီး အဓိကအချက်က တပ်က “နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတွေမှာပဲ တာဝန်ထမ်းဆောင်သွားမယ်” လို့ မကွေးတပ်နယ်မှာ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီ အာဏာရလာရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲကနေ နိုင်ငံ့အရေးလုပ်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာသာ တပ်က ပါဝင်မှာဖြစ်ပြီး အခြေခံဥပဒေကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်လို့ရတဲ့ ပုဒ်မတချို့ကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြင်ဆင်ဖို့ တပ်က သဘောတူထားပြီးပြီလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီမိုကရေစီစနစ်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်သွားမယ်ဆိုရင် တပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

“တပ်မတော်ရဲ့ တာဝန်က နိုင်ငံတော် ကာကွယ်ရေးပဲ ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဦးစောမောင်နဲ့ ဘယ်လိုကွာလဲ

၁၉၈၈ ခုနှစ်ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က “ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” လို့ ပြောခဲ့

၁၉၈၈ ခုနှစ်ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ “ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” ဆိုတဲ့ စကားက မြန်မာ့နိုင်ငံရေးမှာ လူသိများပါတယ်။

ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရပေမဲ့ တပ်က အာဏာမလွှဲပေးခဲ့ပါဘူး။

အဲဒီကနေ နှစ်ပေါင်း ၃၀ အကြာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီ အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန်မှာ အာဏာသိမ်းခဲ့ပါတယ်။

သူကျင်းပပေးမယ့် ၂၀၂၅ ဒီဇင်ဘာရွေးကောက်ပွဲမှာတော့ NLD ပါတီတောင် မပါတော့ပါဘူး။

ထူးခြားတာတစ်ခုက စစ်တပ်ဦးဆောင်ကျင်းပပေးတဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ အခုလာမယ့် ၂၀၂၅ ရွေးကောက်ပွဲ သုံးကြိမ်လုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချထားခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၅ ရွေးကောက်ပွဲဟာ NLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လို လူထုထောက်ခံမှုအားကောင်းတဲ့ ပါတီတွေပါဖို့မရှိတာကြောင့် ရွေးကောက်ပွဲအလွန် လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်ကပဲ အများစုလွှမ်းမိုးထားမယ့် အခင်းအကျင်းဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ နိုင်ငံရေးရည်ရွယ်ချက်ရှိနေတဲ့ အတွက် သူသမ္မတ လုပ်လိမ့်မယ်လို့ သုံးသပ်ချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ တပ်ကတော့ ကာကွယ်ရေးအဓိကလုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာပဲ ပါဝင်မှာလို့ သူကပြောပါတယ်။

ဒါက ၂၀၁၀ ရွေးကောက်ပွဲအလွန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်ခဲ့တဲ့ အစီအစဥ်နဲ့ ဆင်တူပါတယ်။

၂၀၀၈ အခြေခံဥပဒေထဲက တပ်နေရာ

လွှတ်တော်တွေမှာ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ခွင့် အလိုအလျောက်ရထား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တပ်ကိုပေးထားချက်တွေကြောင့် ဒီအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့မညီဘဲ တစ်ဖက်သတ် အသာစီးရယူ ရေးဆွဲထားတဲ့ အခြေခံဥပဒေအဖြစ် အစဥ်တစိုက် ဝေဖန်ခံရပါတယ်။

ဒုတိယသမ္မတတစ်ယောက် အလိုအလျောက်တင်မြှောက်ပိုင်ခွင့်နဲ့ ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော်တွေမှာ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ခွင့် အလိုအလျောက်ရထားသလို တပ်ကသဘောမတူဘဲ အခြေခံဥပဒေကို ပြင်ဆင်လို့မရတဲ့အထိ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

ဒီအချက်တွေအပြင် ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန တွေမှာလည်း တပ်ချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားဝန်ကြီးတွေကိုပဲ သမ္မတက ခန့်ရတာ ဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်တစ်ခုကတော့ အာဏာသိမ်းထားတုန်းကလို အုပ်ချုပ်ရေးပိုင်းမှာတော့ တပ်က နိစ္စဓူဝ ပါဝင်ခွင့်ရတော့မှာမဟုတ်ပါဘူး။

ဒီပုံစံကို သမ္မတဦးသိန်းစိန်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွေမှာ တွေ့ခဲ့ရပြီးပါပြီ။

အဲဒီအစိုးရနှစ်ဆက်လုံးရဲ့ တပ်ချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်ပါတယ်။

ဒီမိုကရေစီအစိုးရနှစ်ဆက်နဲ့ တပ်ဆက်ဆံရေး

သမ္မတဦးထင်ကျော်နဲ့ သမ္မတဦးသိန်းစိန်

အငြိမ်းစားဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ၂၀၁၁-၂၀၁၆ မှာ တပ်ကရှိနေခဲ့တဲ့ အခင်းအကျင်းအတိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လိုချင်တာဖြစ်ပါတယ်။

ဦးသိန်းစိန်သက်တမ်းမှာ သမ္မတက စီနီယာဗိုလ်ချုပ်ကြီးဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးပြီး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ အခက်အခဲသိပ်မတွေ့ခဲ့ကြပါဘူး။

ဒါ့အပြင် အပတ်စဥ်ပြုလုပ်နေကျ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွေမှာလည်း အထိအတွေ့ရှိကြပါတယ်။

သမ္မတဥက္ကဋ္ဌလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုလည်း ရွေးကောက်ပွဲ၀င်ဖို့ တပ်အရာရှိကြီးတွေကို အငြိမ်းစားပေး စေလွှတ်ပေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချိန်ကစလို့ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က အကြီးဆုံးအတိုက်အခံ ဖြစ်လာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆက်ဆံရေးကလည်း အစပိုင်းမှာကောင်းမွန်ပေမဲ့ နောက်ပိုင်းမှာ အခြေအနေဆိုးရွားခဲ့ပါတယ်။

NLD အစိုးရ ၅ နှစ် သက်တမ်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကိုလည်း တစ်ကြိမ်မှမခေါ်ခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအငြင်းပွားမှုတွေမှာလည်း အစိုးရနဲ့တပ် နှစ်ဘက်ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ဘဲ အာဏာသိမ်းတဲ့အထိ အခြေဆိုက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဘယ်လိုထွက်မလဲ

သမ္မတ လုပ်လိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မြန်မာ့နိုင်ငံရေးမှာ တပ်ရှိရမယ့် နေရာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ အခြေခံဥပဒေမူဘောင်ထဲကနေ အစီအစဥ်ချပြီး သူကိုယ်တိုင်လည်း နိုင်ငံရေးက ထွက်ခွာသွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ များပြားလှတဲ့ စစ်မျက်နှာပြင်တွေကြောင့် သူ့ဆရာသမားလို အာဏာကိုလက်လွှတ်ဖို့ အခြေအနေမပေးသလို လက်လွှတ်ချင်တဲ့ဆန္ဒလည်းရှိပုံမပေါ်ဘူး လို့ နေပြည်တော်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတလုပ်ခဲ့ရင် တပ်ချုပ်နေရာကို ညှိနှိုင်ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ထားခဲ့မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

အာဏာသုံးရပ်လုံး ကိုင်စွဲ ကျင့်သုံးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူနိုင်ငံရေးကထွက်တဲ့အခါ တပ်ချုပ်တစ်ယောက်တည်းရဲ့လက်ထဲမှာ အာဏာတွေမထားဘဲ သမ္မတ၊ ဒုသမ္မတ၊လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တရားသူကြီးချုပ်တွေဆီ အာဏာဖြန့်ခွဲခဲ့ပါတယ်။

သမ္မတ လုပ်လိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲအလွန်မှာ တပ်က ကာကွယ်ရေးတာဝန်နဲ့ အခြေခံဥပဒေဘောင်ထဲမှာပဲ ရှိရမယ်လို့ ဆိုလာတာပဲ ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *