Tag: News

  • တရုတ်ခရီးစဉ်က စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့ ဟုဆို

    တရုတ်ခရီးစဉ်က စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့ ဟုဆို

    မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီး စဉ်အတွင်း နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံကာ နိုင်ငံရေးအရ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာရေးရာ အသိမှတ်ပြုမှုတို့ရရှိခဲ့ကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

    ၎င်းက “နေရာတနေရာထဲမှာ ခေါင်းဆောင်တွေနဲ့ တွေ့ရတာဟာ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ ကျနော် တို့ မြန်မာနိုင်ငံအနေနဲ့လည်း အကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးတခုလို့ ပြောချင်တယ်။ ကျနော်တို့မှာ ဒီလိုမျိုး အခြေအနေကောင်းတွေ ရှိနေပါပြီ။ နိုင်ငံတကာမှာလည်း မြန်မာရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး မြင့်မားလာနိုင်တဲ့ ဒီလိုဟာတွေ ရှိလာနိုင်ပါပြီ” ဟု ဆိုသည်။

    စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ တီယန်ကျင်း၌ ပြုလုပ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025)၊ ဘေကျင်းတွင် ကျင်းပသည့် ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားတို့ တက်ရောက်ခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

    ဗိုလ်ချုပ် ဇော်မင်းထွန်းက “တရုတ်သမ္မတနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကူညီနိုင်မှု ဒါကို တရုတ်နိုင်ငံက အတည်ပြုပေးလိုက်တာ ရှိတယ်။ မြန်မာရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ကူညီပေးမယ်ဆိုတဲ့ အာမခံချက်ရရှိခဲ့တယ်။ အိန္ဒိယဝန် ကြီးချုပ် မိုဒီနဲ့တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အိန္ဒိယအနေနဲ့ အမြဲရပ်တည်ပေးလျက်ရှိမှုတွေ နိုင်ငံ ရေးအရ အာမခံချက်ရှိမှုတွေ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်တာတွေ ဒါတွေ ဆွေးနွေးနိုင်ခဲ့တယ်” ဟု ဆိုသည်။

    လာအိုသမ္မတနှင့်လည်း လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာကဏ္ဍ၊ အလုပ်သမားကဏ္ဍတို့အား ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

    လက်ရှိတွင် စစ်ခေါင်းဆောင်အနေဖြင့် ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

  • ဥသျှစ်ပင် ကပစ ၆ အနီး ကာကင်းတချို့ AA နှင့်ပူးပေါင်းတပ်တို့ သိမ်း

    ဥသျှစ်ပင် ကပစ ၆ အနီး ကာကင်းတချို့ AA နှင့်ပူးပေါင်းတပ်တို့ သိမ်း

    ရခိုင်ရိုးမ အရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တပ်နယ်ရှိ စစ်ကော်မရှင်၏ အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ (ကပစ ၆) နှင့် ၇ မိုင် ဝန်းကျင်အကွာ ဆင်လန်ကျေးရွာတဝိုက်မှ စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    ရခိုင်ရိုးမပေါ်ရှိ ညောင်ကျိုးစခန်းကို AA က သိမ်းပိုက်လိုက်ပြီးနောက် တပ်ဆုတ်လာသော စစ်တပ်သည် ညောင်ကျိုးနှင့် ငါးမိုင်ဝန်းကျင်အကွာ ဆင်လန်ကျေးရွာဝန်းကျင် တောင်ကုန်းများပေါ် ကာကင်းစခန်းအများအပြား တိုးချထားခဲ့ပြီး ယခုအခါ ထိုစခန်းများကိုပါ AA က ထပ်မံ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

    AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တဦးက “အဲဒီနားမှာ ကာကင်းတွေ အခိုင်အမာချထားတာ မနည်းဘူး၊ AA နဲ့ ကာကွယ်ရေးတပ်တွေ သိမ်းလိုက်တာ စခန်း ၄ ခုပါ၊ တခြားစခန်းတွေကိုလည်း ဆက်တိုက်နေတယ်” ဟု ပြောသည်။

    အဆိုပါကာကင်းစခန်းများကို AA နှင့် ပူးပေါင်းတပ်များ စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကလည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများနှင့် အပြင်းအထန် ခုခံနေသည့်အတွက် တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ၎င်းက ဆိုသည်။

    AA သည် ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် တောင်ကုတ်အား သိမ်းပိုက်ပြီး တောင်ကုတ်- ဥသျှစ်ပင် ကားလမ်း တလျောက် စစ်ကော်မရှင်တပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်ခဲ့ကာ ဥသျှစ်ပင်တဝိုက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံများသို့ ဦးတည်လာနေခြင်း ဖြစ်သည်။

    “ကြားထဲမှာ ကာကင်းတွေ အများကြီးတော့ ကျန်သေးတယ်၊ ဒါပေမယ့် ကပစ ၆ နဲ့ဆို တော်တော်နီးသွားပြီ၊ ဒီဘက် မုံရွာ- ပုသိမ်လမ်းမှာလည်း ကပစ စက်ရုံတွေ ရှိသေးတယ်လေ၊ အဲဒါတွေအကုန်လုံးကို ဆက်တိုက်မယ်၊ တိုက်ပွဲက ဆက်ပြင်းလာမယ် ထင်ပါတယ်” ဟု ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောသည်။

    AA နှင့် ပူးပါင်းတပ်များ ဦးတည်လာသည့် ကပစ ၆ သည် ဥသျှစ်ပင်မြို့နှင့် ကပ်ရပ်၊ ညောင်ခြေ ထောက်ကျေးရွာတွင် တည်ရှိပြီး ပုသိမ်- မုံရွာကားလမ်းပေါ် ဥသျှစ်ပင်မြို့တောင်ဘက်၌လည်း ကပစ ၉၊ ကပစ ၅ တို့ အခြေစိုက်ထားသည်။

    လက်ရှိတွင် AA သည် ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသည့်အပြင် ရိုးမအရှေ့ဘက်ခြမ်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ အမ်း- ပဒါန်း၊ တောင်ကုတ်- ပန်းတောင်း၊ ဂွ – ငသိုင်းချောင်းလမ်းတို့အတိုင်း တပ်စခန်းများအား သိမ်းပိုက်လျက်ရှိကာ ယခုအခါ စစ်လက်နက်ထုတ်စက်ရုံများရှိသည့် မကွေးတိုင်း ပဒါန်းမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နှင့် ဧရာ၀တီတိုင်း ငသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။

  • အောင်ဇေယျစစ်ကြောင်းနှင့်ပေါင်းရန် ထွက်လာသည့် မြဝတီမြို့စောင့်တပ် တိုက်ပွဲတွင်း ပိတ်မိ

    အောင်ဇေယျစစ်ကြောင်းနှင့်ပေါင်းရန် ထွက်လာသည့် မြဝတီမြို့စောင့်တပ် တိုက်ပွဲတွင်း ပိတ်မိ

    ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ပူးပေါင်းဖို့ စစ်ကြောင်းထိုးလာတဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စစ်ကြောင်းဟာ တိုက်ပွဲတွင်း ပိတ်မိပြီး လေကြောင်းနဲ့ မြေပြင်ပစ်ကူတွေ ရယူနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စက်တင်ဘာ ၂ ရက်က မြဝတီမြို့နယ်၊ နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်မှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး ခလရ ၂၇၅ စစ်ကြောင်းဟာ အထိနာပြီး ပိတ်မိနေတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ ပေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မြေပြင်စစ်ရေးသတင်းရင်းမြစ်က “သူက ၂၇၅ ကနေပြီးတော့ ခွဲထုတ်ပြီးတော့ စစ်ကြောင်းထွက်တာ။ ထွက်တဲ့အခါကျတော့ ထီးမူထနဲ့ ကွင်းကလေးဘက်ကို သွားဖို့။ အာရှလမ်းကို ဖြတ်တက်ဖို့ အထဲမှာ ပိတ်မိနေတာ။ ပိတ်မိတော့ ထွက်ဖို့မလွယ်တော့ဘူး။ လေကြောင်းပစ်ကူတွေ လာလာပစ်တယ်။ တခါတခါလည်း ဒရုန်းတွေ လာလာချသွားတယ်။ ဒီမနက်လည်း ၂၇၅ ကနေ လက်နက်ကြီး လှမ်းပစ်ထုတ်နေတယ်။ အထဲရောက်သွားရင်တော့ ပြန်ထွက်လို့မရတော့ဘူး။ အထဲရောက်သွားတဲ့ စစ်ကြောင်းက ပြန်လမ်းမရှိဘူး” လို့ ပြောပါတယ်။

    စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကနေ ပိတ်မိနေတဲ့ စစ်ကြောင်းကို လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် ရွာတွေ ကြေမွနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတယောက်က “ကျနော်တို့ကြားတာ လက်နက်ကြီးသံတွေပဲ ကြားနေရတယ် နေ့တိုင်းပဲ။ ၃ ရက်ရှိပြီ။ ဒီမနက်လည်း ၂၇၅ က လှမ်းပစ်တာလည်း အဲဒီဘက်ကို။ တိုက်ပွဲကတော့ နေ့တိုင်းပါပဲ အခု တင်းမာမှုတွေကလည်း များနေတယ်။ လေကြောင်းကဆိုရင် မနေ့တုန်းက မြဝတီအထဲထိပါ အကုန်လုံးလိုက်ပတ်နေတယ်။ Y 12 ပစ်ကူပေးတယ်။ လက်နက်ကြီးပစ်တာ ရွာတွေလည်း ကြေမွနေပြီ။ နောက် ကွင်းကလေးရွာတွေလည်း အကုန်လုံး ပြာဖြစ်ကုန်ပြီ။ တော်တော်လေးကို ဆိုးတယ်။ ကျန်တဲ့အပိုင်းတွေက ကျနော် သိပ်မသိဘူး။ ကျနော်တို့လည်း ဒီမှာနေရတာ ရယ်ဒီအနေအထားပေါ့။ လက်နက်ကြီးနဲ့ လေယာဉ်ပဲ ကျနော်တို့က ကြောက်ရတယ်” လို့ ပြောပါတယ်။

    ဒါအပြင် ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျစစ်ကြောင်းက ကော့ကရိတ်လမ်း ဟောင်းဘက်နဲ့ အာရှလမ်းဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

    စစ်တပ်က အာရှလမ်းပွင့်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ရည်ရွယ်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အခုက တပ်မ ၄ မလောက်ကို ဒီဘက် ပို့ထားတယ်ဆိုတော့ အင်အားပို့ထားတယ်ဆိုတော့ အင်အားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ခြမ်းကို ပို့ပြီးတော့ သူက အာရှလမ်းပွင့်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ရည်ရွယ်ပြီး တက်လာတယ်ဆိုတော့ သူက အင်အားအများအပြား လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ် တောက်လျှောက်သုံးပြီးတော့ စစ်ကြောင်းထိုးနေတာ။ ထိတွေ့မှုတွေက ဒီ ၃ ရက်အတွင်းမှာ တောက်လျှောက်ဖြစ်နေတယ်။ အာရှလမ်းဘက်လည်းဖြစ်သလို ထီးမူထ ကွင်းကလေးဘက်ခြမ်းလည်း ဖြစ်တယ်။ ဒီဘက် ကျနော်တို့ လမ်းဟောင်းဘက်ခြမ်းလည်း ဖြစ်တယ်။”

    ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကော့ကရိတ်-မြဝတီ(အာရှ) လမ်းပိုင်း၊ တတန်ကူးကျေးရွားအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNU တပ်ပေါင်းစုတွေ က်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၇၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ နီးပါးရှိခဲ့တဲ့အပြင် အထိနာပြီး အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ✍အောင်ခန့်

  • ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ  သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ဒီးမော့ဆို၊ ပတိုငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပတိုငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

    စက်တင်ဘာလ ၂ ရက်နေ့ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပတိုငံရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး အများပြား ဒဏ်ရာရရှိကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

    “ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်လို့ ပြောလို့ရတာပေါ့၊ ဒီးမော့ဆို အောက် နားသဲတောင်နားလေးမှာ၊ ထိတွေ့မှုဖြစ်တာက ထိုလိပလံနဲ့ ပတိုငံဆိုတဲ့ရွာမှာဖြစ်တာ၊ ရန်သူ ဘက်က အသေအပျောက်ကတော့ ၂၀ နဲ့ ၃၀ ကြားမှာရှိတယ်။ ပစ္စည်းတချို့လည်း သိမ်း ဆည်း ရရှိ တာ ရှိတယ်။ ဒါပေမယ့် တပ်ပေါင်း စုတွေက ထုတ်ပြန်ကြေညာချက်တွေ မထုတ်နိုင်သေးဘူး။ ပြီး တော့ ကျဆုံးရဲဘော် ၃ ဦးရှိတယ်။ ရန်သူကတော့ မနေ့က ပြန်ဆုတ်သွားတယ်။” ဟု Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    အဆိုပါ တိုက်ခိုက်မှုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းတောင်၊ ကရင်နီ စစ်တိုင်း ဒေသ တပ်ရင်း ၁၁၀၉ မှ ရဲဘော် ၁ ဦး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ရဲဘော် ၁ ဦး နှင့် Kayan National Army -KNA တပ်ဖွဲ့မှရဲဘော် ၁ ဦး စုစုပေါင်း တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    အကြမ်းဖက်စစ်တပ်က ကရင်နီပြည်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးလျက်ရှိပြီး ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့ပေါ် ဧရိယာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ မြို့ပေါ်တွင် တပ်စွဲထားကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    စစ်တပ်က ကရင်နီပြည်တွင် မြေပြင်စစ်ကြောင်းထိုးမှုများသာမက လေ ကြောင်း တိုက်ခိုက်မှုများကို တစ်ဟုန်ထိုးလုပ်ဆောင်လျက်ရှိကြောင်း၊ ကရင်နီပြည်တွင် နေ့ရောညပါ ကင်းထောက်လေယာဉ်များ ပျံဝဲလျက်ရှိပြီး ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် မကြာခဏဆိုသလို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

    အခြားတစ်ဖက်တွင်လည်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများစွာမှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှ ထွက်ခွာနေကြရပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေကြောင်း၊ စစ်တပ်က ဒီးမော့ဆိုမြို့ပေါ် ဧရိယာကို အဓိက အခြေပြုထားပြီး တော်လှန်ရေးတပ်များကလည်း မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

    “စခတွေနဲ့ စစ်ဆိုင်ထားတာက အရမ်းကို နီးကပ်တယ်။ သူတို့က ဘယ်လောက်ပဲ မြို့ကို ထိန်းချုပ်တယ်လို့ ကြေညာထားပေမယ့် သူတို့လည်း ကတုတ်ကျင်းတွေထဲကနေ မထွက်ရဲဘူး။ တကယ်က ဒီးမော့ဆိုမြို့ဧရိယာဆိုတာက မြို့ပျက်ကြီးဖြစ်နေတာကြာပြီဆိုတော့ သူတို့လည်း သိမ်းသာသိမ်းထားတာ သူတို့ စစ်သားတွေကိုယ်တိုင် နေစရာမရှိဘူး။ ကျနော်တို့လည်း အချိန်မရွေး ဝင်ပစ်လို့ ရတဲ့အနေအထားပါ။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာရင် စစ်ရေးအရ အဆုတ်အတက်လုပ်ရတာက တစ်သက်လုံး နယ်မြေဆုံးရှုံးသွားတာမ ဟုတ် ဘူး။ အခုလည်း သူတို့ အခုထက်ထိ ဒီးမော့ဆိုတစ်မြို့နယ်လုံးကို မသိမ်းနိုင်သေးပါဘူး” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

    ဓာတ်ပုံ- ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ။

  • နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး

    နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး

    နတ်မောက်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံး၊ လက်နက် ၈ လက် သိမ်းဆည်း ရရှိပြီး ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့

    မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်း ရရှိကာ ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာမှ ပျူစောထီး ခေါင်ဆောင် ဘိုထွန်း နှင့် ပျူစောထီးများကို သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်း၏ မြေပြန့်ကျားတပ်ခွဲမှ ဦးဆောင်၍ မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ပျူစောထီး ၅ ဦး သေဆုံးပြီး ပျိုင့် ၂၂ လက်လုပ် ပစ္စတို သေနတ် ၁ လက် ၊ M1 ကာဘိုင် သေနတ် ၅ လက်၊ ကာဘိုင်ကျည် ၉၅ တောင့် ၊ပြောင်းချောသေနတ် ၂ လတ် ၊ပြောင်းချောကျည် ၃၀ တောင့် ၊လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်းကျပ်၊ စစ်ဝတ်တန်ဆာများ၊ ဖုန်း ၄ လုံးနှင့် စစ်မှုထမ်းစာအုပ်တစ်အုပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    “နတ်မောက် တက်ဝန်ကျေးရွာက ပျူစောထီး ခေါင်ဆောင် ဘိုထွန်းနဲ့ ပျူစောထီးတွေကို ကျနော်တို့ သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာပါ။ ထိတွေ့ တိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့တယ်။ ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ပျူစောထီး ၅ ကောင်သေပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်” ဟု ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ ငါးပြေမ​တပ်ရင်း၏ မြေပြန်ကျားတပ်ခွဲမှ ဦးဆောင်၍ ရေနံချောင်း ပကဖ ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူလုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army (CRA) နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။